← Chapters

အခန်း ၁၀၆၄

Vol. 71 Ch. 1064

အခန်း ၁၀၆၄

Vol. 71 Ch. 1064

1064 01

အခန်း ( ၁၀၆၄ ) ပြဇာတ်ဆန်ဆန်။

“ မင်း … အရှက်မရှိတဲ့ ကောင်မ ၊ အပြောင်းအလဲမြန်ပြီး တဏှာကြီးတဲ့ ကောင်မ … ”

ချင်ဖန်သဲ့က အစကတည်းက ဖိုဝါဒီသမားတစ်ယောက်ပီပီ သူ့ကို မိန်းမတစ်ယောက်က အဲ့ဒီလို ပြောဆိုတာကို သည်းမခံနိုင်ပါ။ ပြီးတော့ ထိုမိန်းမက တစ်ခါတုန်းက သူ့ကို တွယ်ကပ်ခဲ့ဖူးသူ ဖြစ်သည်။

ချင်ဖန်သဲ့တစ်‌ယောက် ဘာကိုမှ ဆက်မတွေးနိုင်တော့ဘဲ သူ့ရှေ့က အရပ်ရှည်ရှည်နှင့် ထွားကျိုင်းသန်မာသော အမျိုးသားကို ချက်ချင်း ခုန်အုပ်လိုက်တော့သည်။

ကံမကောင်းစွာဖြင့် ကြိုတင်ပြင်ဆင်ထားတဲ့ ထိုအမျိုးသားက ချင်ဖန်သဲ့ သူ့ကို ခုန်အုပ်တာကို မြင်သည်နှင့် ရှောင်လိုက်ရုံသာမက ချင်ဖန်သဲ့ရဲ့ ရင်ဘတ်ကိုလည်း လှမ်းကန်ခဲ့သည်။

ဘုန်းခနဲအသံနှင့်အတူ ချင်ဖန်သဲ့ မြေကြီးပေါ်ကို လဲကျသွားသည်။ နာကျင်မှုကြောင့် သူ့မျက်နှာက ရှုံ့မဲ့နေသော်လည်း ထိုနှစ်ယောက်ကို ဒေါသတကြီး စိုက်ကြည့်ရင်း တစ်စစီ ဆွဲဖြဲချင်နေခဲ့သည်။

“ ကျွန်မက တဏှာကြီးပြီး အပြောင်းအလဲမြန်တဲ့ မိန်းမဆိုရင် ရှင်က ရှင့်ဦးနှောက်ထဲမှာ ခန္ဓာကိုယ်အောက်ပိုင်းပဲ အလုပ်,လုပ်တဲ့ အပေါစားခွေးတစ်ကောင်ပဲ။ ” ချင်ဖန်သဲ့ကို အပေါ်ကနေ အုပ်မိုးကြည့်နေသော အမျိုးသမီးချင်ရဲ့ မျက်လုံးထဲမှာ စကားလုံးနှင့် ဖော်ပြလို့ မရသော အေးစက်မှုတွေ ၊ စိတ်ပျက်ရွံရှာမှုတွေ ရှိနေသည်။ “ ရှင် သေချာ နားလည်ထားတာ ပိုကောင်းမယ် ချင်ဖန်သဲ့။ ကျွန်မက ရှင့်ကို ခွင့်ပြုချက်တောင်းနေတာ မဟုတ်ဘူး။ အသိပေးရုံပဲ။ ရှင် အခြေအနေကို နားလည်ပြီး ကွာရှင်းစာချုပ်မှာ ကြည်ကြည်သာသာ လက်မှတ်ထိုးတာ ပိုကောင်းမယ်။ မဟုတ်ရင် ကျွန်မတို့မှာ ရှင့်ကို ကိုင်တွယ်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်။ အခု ရှင်က ချင်အုပ်စုရဲ့ လူတိုင်း ကပ်ဖားရပ်ဖားလုပ်ရတဲ့ ဥက္ကဌကြီး မဟုတ်တော့ဘူး။ ဘယ်သူမဆို ရေနစ်နေတဲ့ ခွေးတစ်ကောင်ကို တက်နင်းသွားလို့ ရတယ်။

ရှင့်ရဲ့ အောက်တန်းကျတဲ့ စိတ်နဲ့ဆိုရင် ရှင် လူအယောက်တစ်ရာကျော်ကို စော်ကားမထားဘူး ဆိုရင်တောင် သူတို့တစ်ယောက်ချင်းစီက ထွေးတဲ့ ကျွန်မတံထွေးတွေနဲ့ ရှင့်ကို မွန်းသေအောင် လုပ်လို့ ရတယ်။ ကျွန်မရဲ့ မိသားစုက ရှင့်ကို ဟိုးအရင်ကတည်းက သဘောမကျခဲ့တာကိုတော့ ထည့်ပြောမနေနဲ့။ ရှင် လုံးဝ ဂရုမစိုက်ခဲ့တဲ့ အဲ့ဒီရန်သူတွေကို ရှင်က အသုံးမဝင်တော့ရုံတင် မဟုတ်ဘူး ၊ ဖောက်ပြန်ခံရပြီး နွားဖြစ်သွားတယ် ဆိုတာပါ သိစေချင်တာလား။ ”

“ ငါ နွားဖြစ်တာ ရှက်စရာကောင်းပေမဲ့ အဲ့သတင်းပျံ့သွားရင် လူတွေက မင်းကို တဏှာကြီးပြီး အရှက်မရှိဘူးလို့ ဝိုင်းပြောမှာကို မကြောက်ဘူးလား။ ”

“ နာမည်ဂုဏ်သတင်းဆိုတာ လူဆင်းရဲတွေပဲ ဂရုစိုက်တဲ့ အရာပဲ။ ရှင် အရင်တုန်းက အပြင်မှာ မိန်းမတွေ အများကြီးနဲ့ ပျော်ပါးခဲ့တုန်းကရော လူတွေရဲ့ ဝေဖန်စကားတွေကို ဂရုစိုက်ခဲ့လို့လား။ ရှင် မရှိလည်း ကျွန်မက တိမိသားစုရဲ့ သမီးဖြစ်နေတုန်းပဲ။ လူတွေက ကျွန်မကို ဘယ်လောက်ပဲ အထင်သေးပါစေ ၊ ကျွန်မနောက်ကွယ်မှာ မကောင်းသတင်းတွေ ဘယ်လောက်ပဲ ပြောပါစေ … ကျွန်မရှေ့မှာတော့ ကျွန်မ,မကောင်းကြောင်း ပြောရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ ရှင်ကတော့ မတူဘူး။ ”

ထိုစကားကြောင့် ချင်ဖန်သဲ့ရဲ့ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ အမျိုးသမီးချင် ပြောတဲ့အတိုင်းပဲ သူ အပြင်မှာ မိန်းမတွေနှင့် ပွင့်လင်းဗြောင်ကျစွာ မပျော်ပါးပေမဲ့ အလုပ်ရှုပ်ခံပြီးတော့လည်း မဖုံးကွယ်ခဲ့ပါ။

ပထမအချက်ကတော့ ယောက်ျားတစ်ယောက် မိန်းမရှုပ်တာ ရှက်စရာကိစ္စ မဟုတ်ဘူးလို့ ခံစားရတာကြောင့် ဖြစ်သည်။ ဒုတိယအချက်ကတော့ သူ့နောက်ကွယ်မှာ သူ့ကို ဝေဖန်ပြောဆိုနေတဲ့ လူတွေက သူ့ကို မနာလိုဖြစ်နေတာလို့ ခံစားရတာကြောင့် ဖြစ်သည်။

ပြီးတော့ ထိုလူတွေ သူ့နောက်ကွယ်မှာ သူ့ကို ဘယ်လောက်ပဲ မကောင်းပြောပါစေ ၊ သူကတော့ ထိုလူတွေကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ခဲ့ပါ။ အဲ့ဒီလူတွေက သူ့ရှေ့မှာတော့ ဆွံ့အနေသလို ဟန်ဆောင်ကြမှာပဲ မဟုတ်လား … ။

ဒါပေမဲ့ အခုတော့ အခြေအနေတွေက မတူတော့ပါ။ မိန်းမဖောက်ပြန်တာခံရခြင်းက ဂုဏ်ယူရမယ့် အရာတစ်ခု မဟုတ်။ ထိုလူတွေက တိမိသားစုရှေ့မှာ အတင်းမပြောရဲပေမဲ့ သူ့ရှေ့မှာတော့ သေချာပေါက် ရယ်ပွဲဖွဲ့လိမ့်မည်။

ဒီသတင်းပျံ့သွားချိန်မှာ လူရယ်စရာအဖြစ်ခံရမည့် ကိစ္စကို တွေးကြည့်ရုံနှင့်ပင် ချင်ဖန်သဲ့ရဲ့ မျက်နှာက ပိုလို့တောင် ပုပ်ပိုးမည်းမှောင်သွားခဲ့သည်။

အမျိုးသမီးချင်က သူ့မျက်နှာအမူအရာ ပြောင်းလဲသွားကို ကြည့်ပြီး သူမရဲ့ မျက်လုံးထဲမှာ လှောင်ပြောင်ရိပ်တွေ ပိုထင်ရှားသွားသည်။ “ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ဆုံးဖြတ်ပြီးပြီ။ ကျွန်မ ဒီနေ့ပဲ အိမ်ပေါ်က ဆင်းသွားမယ် ၊ ရှင့်ကို စဉ်းစားဖို့ အချိန်တစ်ရက် ပေးလိုက်မယ်။ မနက်ဖြန် ကွာရှင်းစာချုပ် မြင်ချင်တယ်။ မဟုတ်ရင်တော့ ကျွန်မကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့။ ”

1064 02

သူမသည် ထိုသို့ ပြောပြီးနောက် သူမရဲ့ ငယ်ချစ်ဦးနှင့်အတူ ထွက်သွားခဲ့သည်။

စုယန်ယန်သည် ထိုအကြောင်းကို သိလိုက်ရသောအခါ မျက်လုံးပြူးသွားလေသည်။

“ ချင်ဖန်သဲ့ရဲ့ မိန်းမက ချင်ဖန်သဲ့အပေါ် ငယ်ချစ်ဦးနဲ့ ဖောက်ပြန်ခဲ့တယ်တဲ့လား။ ဒါက … ”

ဒါက လုံးဝ မျှော်လင့်မထားတဲ့ သတင်းပဲ။

လင်းရှောင်ချီရဲ့ အရင်ဘဝတုန်းက တစ်ဖက်သတ်ဖော်ပြချက် အပါအဝင် သူမ အခုနောက်ပိုင်း စုံစမ်းထားတဲ့ သတင်းအချက်အလက်တွေအရ ထိုအမျိုးသမီးအပေါ် စုယန်ယန်ရဲ့ အထင်အမြင်က အကန့်အသတ်ရှိသည်။ နောက်ကွယ်မှာ ဒီလို ကိစ္စမျိုး ရှိနေလိမ့်မည်ဟု သူမ လုံးဝ မထင်ခဲ့ပါ။

+++

All Chapters