အခန်း ၁၀၆၅
Vol. 71 Ch. 1065
1065 01
အခန်း ( ၁၀၆၅ ) လေဖြတ်သွားခြင်း။
“ မဟုတ်သေးပါဘူး။ ” စုယန်ယန်သည် ကနဦး ထိတ်လန့်မှုအပြီးမှာ တစ်စုံတစ်ခုက မှားယွင်းနေကြောင်း အမြန် သဘောပေါက်သွားခဲ့သည်။ “ အမျိုးသမီးချင်က ချင်ဖန်သဲ့ရဲ့ အစ်ကိုရဲ့ ဖောက်ပြန်နေတယ်လို့ ကောလဟာလထွက်နေတာ မဟုတ်ဘူးလား။ အဲ့ဒီငယ်ချစ်ဦးက ဘယ်ကနေ ဘယ်လို ရောက်လာတာလဲ။ အရင်တုန်းက ကျွန်မတို့ ကြားထားတဲ့ သတင်းက မှားနေတာလား။ ”
“ မှားနေတာတော့ မဟုတ်ပါဘူး။ ကိုယ်တို့ ကြားထားတဲ့ သတင်းအရဆိုရင် အမျိုးသမီးချင်က ဟိုးအရင်တုန်းက သူ့ငယ်ချစ်ဦးနဲ့ လမ်းခွဲဖို့ ဖိအားပေးခံရလို့ လမ်းခွဲခဲ့ကြတယ်။ အဲ့လို ဖြစ်ပြီး သိပ်မကြာဘူး ၊ သူ့မိသားစုက သူ့ကို ချင်ဖန်သဲ့နဲ့ အိမ်ထောင်ချပေးဖို့အတွက် တွေ့ပေးဖို့ စီစဉ်ခဲ့တယ်။ အဲ့ဒါက အမျိုးသမီးချင်ရဲ့ ပုန်ကန်တတ်တဲ့ စိတ်သဘာဝကို လှုပ်နှိုးလိုက်သလို ဖြစ်သွားလိမ့်မယ်ဆိုတာ သူတို့ မသိခဲ့ဘူး။
သူက သူ့မိသားစုရဲ့ အစီအစဉ်အတိုင်း ချင်ဖန်သဲ့နဲ့ ဆက်ဆံရေးတည်ဆောက်ရမယ့်အစား ချင်ဖန်သဲ့ရဲ့ အစ်ကိုနဲ့ အတူတူ အိပ်ခဲ့တယ်။ ဒါပေမဲ့ ချင်မိသားစုတွင်းက စည်းစိမ်လုတဲ့ ပဋိပက္ခတွေကြောင့် ချင်ကျစ်ဟုန်က အက်ဆီးဒင့်ဖြစ်ပြီး သေဆုံးသွားတဲ့အခါ ချင်ဖန်သဲ့ပဲ ကျန်ခဲ့တယ်။ အဲ့ဒါကြောင့် သူ့မှာ ရွေးချယ်စရာမရှိတော့ဘဲ မိဘတွေရဲ့ အစီအစဉ်အတိုင်း ချင်ဖန်သဲ့နဲ့ လက်ထပ်ခဲ့တာ။ ”
စုယန်ယန်သည် ဟောက်ချန်ဟွမ်း ရှင်းပြသော စကားကို နားထောင်ပြီးနောက်မှာ အံ့ဩထေ့ငေါ့ချင်သွားသည်။ “ တော်လှန်ပုန်ကန်တတ်တဲ့ စိတ်တဲ့လား။ အဲ့ဒီစိတ်က အချိန်နှောင်းမှ ရောက်လာတာပဲ။ ”
သူမသာ အမှန်တကယ် ဆန္ဒရှိလျှင် ထိုအချိန်ကတည်းက ချင်ဖန်သဲ့နှင့် ကွာရှင်းခဲ့လို့ ရပါသည်။ အရင်ကတည်းကသာ ကိစ္စပြတ်ခဲ့လျှင် အခုလိုတွေလည်း ဖြစ်လာမှာ မဟုတ်။
လူတွေဟာ တစ်ခါတလေကျ နားလည်ရခက်လှသည်။ သူတို့ ကံကြမ္မာကို ရွေးချယ်ပြီးပြီ ဖြစ်သော်လည်း တစ်ဖက်လူအား သူတို့ကို ပျော့ညံ့တယ်လို့ မထင်စေချင်တာကြောင့် အရင်ဆုံး သစ္စာဖောက်ကြသည်။ ထို့နောက် အမှန်တရားကို မျက်ကွယ်ပြုကာ သူတို့ကို စိတ်သက်သာရာရစေနိုင်မည့် နားလည်ရခက်သော လုပ်ရပ်တွေ အများကြီးကို လုပ်သည်။
သူတို့ မသိတာကတော့ ထိုလုပ်ရပ်တွေဟာ သူမကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ခံစားနေရကြောင်း သက်သေပြပေးလိုက်တာပဲ ဖြစ်သည်။
“ သူတို့ ကွာရှင်းလိုက်ပြီလား။ ”
“ အင်း။ သူ့ရဲ့ ငယ်ချစ်ဦးက တော်တော်လေး အရည်အချင်းရှိတယ်။ သူက အမျိုးသမီးချင်မှာ ဘာထိခိုက်နစ်နာမှုမှ မရှိအောင်လို့ ချင်ဖန်သဲ့ကို မှတ်လောက်သားလောက်အောင် ဆုံးမခဲ့တယ်။ ”
စုယန်ယန်က ထိုစကားကို ကြားတော့ နှာခေါင်းရှုံ့လိုက်သည်။ “ လူယုတ်မာတွေကို လူယုတ်မာတွေကပဲ အပြစ်ပေးတယ်ဆိုတဲ့ စကားပုံက ဒါမျိုးကို ပြောတာ ထင်တယ်။ ”
“ အဲ့ဒါက အဆိုးဆုံး မဟုတ်သေးဘူး။ အဆိုးဆုံးက သူတို့ ကွာရှင်းပြီးသွားတော့ ချင်ဖန်သဲ့က အဲ့ဒီဖောက်ပြန်တဲ့ စုံတွဲက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းပြီးပြီ ဆိုတာ သိလိုက်ရတာပဲ။ ကွာရှင်းမှုကြောင့် သူ့ပိုင်ဆိုင်မှု အများစုကို အမျိုးသမီးချင်ကို ပေးလိုက်ရရုံတင် မဟုတ်ဘူး ၊ စပ်တူပိုင်တဲ့ ပိုက်ဆံတွေလည်း မရှိတော့ဘူး။ ချင်ဖန်သဲ့က ဒေါသကြောင့် သွေးဆောင့်တိုးလို့ လေဖြတ်ပြီး ဆေးရုံတင်ထားရတယ်။ ”
စုယန်ယန်သည် ဘာ့ကြောင့်မှန်း မသိသော်လည်း ဒီအဖြစ်အပျက်တွေက နည်းနည်းလေး မယုံနိုင်စရာကောင်းသလို ခံစားရသည်။ လင်းရှောင်ချီးကို နှစ် ( ၂၀ ) ကျော် လိုက်ဖမ်းနေတဲ့ အဲ့ဒီလူက လေဖြတ်ပြီး ပြိုလဲသွားတယ်တဲ့လား။
“ သူ အဲ့လို လေဖြတ်သွားတော့ သူ့ကုမ္ပဏီက … ”
ဟောက်ချန်ဟွမ်းက တိုက်ရိုက် ပြန်မဖြေဘဲ အမှန်တရားကို ပညာသားပါပါ ပြောလိုက်သည်။ “ သူ လေမဖြတ်ရင်တောင် သူ့ကုမ္ပဏီကို ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ ”
1065 02
ဒီလေဖြတ်ခြင်းက အင်အားစု နှစ်စုကြားက ရန်ပွဲကို သွယ်ဝိုက်သော နည်းလမ်းအားဖြင့် အရှိန်မြန်သွားစေရုံသာ ဖြစ်သည်။ သိပ်မကြာခင်မှာပဲ စုယန်ယန် တခြားတစ်ဖက်က သတင်းတွေကို ကြားလိုက်ရသည်။ ချင်ဖန်သဲ့ရဲ့ လေဖြတ်မှုအပြီးမှာ သူ့ကို ဆေးရုံတင်လိုက်ရသလို မတူညီသော အင်အားစုတွေက သူ့ကုမ္ပဏီကို ခွဲဝေရင်း အလုပ်ရှုပ်နေခဲ့ကြသည်။
တစ်ချိန်တုန်းက သူ့ဘေးမှာ ရှိခဲ့ဖူးတဲ့ မိန်းမတွေကလည်း သူ့ပိုက်ဆံနှင့် ချင်မိသားစုရဲ့ ပထမဇနီး ဆိုတဲ့ နေရာကို လိုချင်လို့ သူ့ကို ကပ်ခဲ့တာပင်။ အခု ချင်ဖန်သဲ့က ပြိုလဲသွားသောအခါ သူတို့မှာ ထွက်ပြေးဖို့ အချိန်တောင် မရလိုက်ပါ။ ထောင်ချောက်ထဲကို တန်းတန်းမတ်မတ် ဝင်သွားခြင်းပဲ ဖြစ်သည်။
အတိတ်တုန်းက အမျိုးသမီးချင်ရဲ့ လုပ်ရပ်တွေကြောင့် ချင်ဖန်သဲ့မှာ တခြား တရားမဝင် ကလေးတွေလည်း မရှိဘဲ သူ့ရဲ့ တစ်ဦးတည်းသော သမီးကလည်း သူ့ကို ခါးတူးနေအောင် မုန်းတီးနေသည်။
ချင်ဖန်သဲ့သည် ရက်အနည်းငယ်ကြာအောင် ဆေးရုံတက်ပြီးတဲ့ထိ သူ့ဆီကို တစ်ယောက်မှ လူနာသတင်း လာမမေးခဲ့ပါ။ သူနာပြုတွေရဲ့ အကူအညီတွေဖြင့်သာ စားရ သောက်ရ အညစ်အကြေးစွန့်ရသည်။ သူ ဒီအချိန်မှာ မသေဆုံးလျှင် သူက မိသားစာပိုင်ဆိုင်မှုတွေအတွက် တိုက်ခိုက်နေတဲ့ တခြားလူတွေရဲ့ ပစ်မှတ် အလွယ်တကူ ဖြစ်သွားလိမ့်မည်။ သူ့ခမျာ ဒီမဖြစ်ညစ်ကျယ် ဆေးကုသမှုကိုတောင် နောက်ဆုံးအချိန်ထိ ခံယူလိုက်ရမှာ မဟုတ်ပေ။
သူ့အတွက် ပျော်စရာ ဘာတစ်ခုမှ မရှိပါ။ မိသားစုပိုင်ဆိုင်မှုပြဿနာ ပြေလည်သွားချိန်မှာ သူက ဘာတစ်ခုမှ အသုံးမဝင်တဲ့ မသန်စွမ်းတစ်ယောက် ဖြစ်နေပါပြီ။ သူ့ရဲ့ ပျော်ရွှင်စရာ နေ့ရက်တွေ အဆုံးသတ်တော့မည်။
စုယန်ယန်သည် အထောက်အပံ့တွေအားလုံး ဆုံးရှုံးလိုက်ရတဲ့ ချင်ဖန်သဲ့တစ်ယောက် အနာဂတ်မှာ ဒုက္ခရောက်တော့မည်ဟု တွေးနေတုန်းမှာပဲ နောက်ထပ် အလှည့်အပြောင်းတစ်ခုကို ကြုံတွေ့လိုက်ရသည်။
++++++