← Chapters

အခန်း ၁၀၆၆

Vol. 72 Ch. 1066

အခန်း ၁၀၆၆

Vol. 72 Ch. 1066

1066 01

အခန်း ( ၁၀၆၆ ) ဆက်စပ်ဖြစ်ရပ်များ။

“ ဘယ်လို … ချင်ဖန်သဲ့ရဲ့ သား သေဆုံးမှုက အမျိုးသမီးချင်ရဲ့ ချစ်သူနဲ့ ပတ်သက်နေတာလား။ ”

“ တိတိကျကျ ပြောရရင်တော့ ချင်မိသားစုထဲက လူတွေနဲ့ သူ့ချစ်သူနဲ့ ပတ်သက်နေတာပါ။ ”

ချင်ဖန်သဲ့ရဲ့ သား သေဆုံးမှုက သမာရိုးကျ သေဆုံးမှု မဟုတ်တာကို စုယန်ယန် တွက်ဆထားပြီးသား ဖြစ်သော်လည်း ထိုကိစ္စကို အတည်ပြုလိုက်နိုင်ချိန်မှာ အနည်းငယ် ထိတ်လန့်သွားမိဆဲ ဖြစ်ပါသည်။

“ ချင်မိသားစုက လူတွေကို ခဏ ထားလိုက်ပါဦး။ ပြောရရင် ချင်ဖန်သဲ့ရဲ့ သားက ချင်ဖန်သဲ့ကိုယ်တိုင်‌ ရွေးချယ်ထားတဲ့ ဆက်ခံသူ ဆိုတော့ သူတို့ အာဏာလိုချင်ရင် သူ့ကို သတ်လိုက်တာက အကောင်းဆုံး ဖြတ်လမ်းနည်းပဲ။ ဒါပေမဲ့ ဒီကိစ္စက ဟိုတစ်ယောက်နဲ့ ဘယ်လို ပတ်သတ်နေတာလဲ။ ”

“ ကိုယ် ခုနတုန်းက ပြောခဲ့တယ်မလား။ အဲ့ကောင်က အမျိုးသမီးချင်ကို အရူးအမူး ချစ်နေတာ။ နှစ်ပေါင်းများစွာ ကြာပြီးမှ သူတို့ ပြန်တွေ့တော့လည်း သူက အမျိုးသမီးချင်ကို မမေ့သေးဘဲ သူမနဲ့ အတူရှိ‌ချင်နေတုန်းပဲ။ ဒါပေမဲ့ သားကို ဂရုစိုက်တဲ့ အမျိုးသမီးချင်ကတော့ သူ့ဆန္ဒကို မလိုက်လျောခဲ့ဘူး။ ”

စုယန်ယန် ဆွံ့အသွားသည်။ “ အဲ့ဒါကြောင့် သူက အမျိုးသမီးချင်ရဲ့ သားကို … ”

“ အင်း။ ”

ပန်းတိုင်ကို အမြန်ဆုံး ရောက်နိုင်မယ့် နည်းလမ်းက ခရီးလမ်းပေါ်က ဆူးငြှောင့်ခလုတ်တွေ အားလုံးကို ဖယ်ရှားပစ်ဖို့ပါပဲ။ သူက အမျိုးသမီးချင်ကို လိုချင်တာ ဖြစ်ပြီး အမျိုးသမီးချင်ကတော့ သားဖြစ်သူကြောင့် သူ့ကို လက်မခံချင်တာ ဖြစ်သည်။ ထို့ကြောင့် ဆူးငြှောင့်ခလုတ်ဖြစ်တဲ့ အမျိုးသမီးချင်ရဲ့ သားကို တစ်စစီဖြစ်အောင် မချေမွနိုင်မချင်း သူ စိတ်မအေးနိုင်ပါ။

ထိုသူဟာ သူ ထိုသို့ လုပ်လျှင် တစ်စုံတစ်ယောက်ရဲ့ လက်ထဲက ဓါးဖြစ်သွားလိမ့်မည်ဆိုတာကို နားမလည်တဲ့ထိ ရက်စက်ပြီး ညံ့ဖျင်းတုံးအသည်။

စုယန်ယန်သည် ဟောက်ချန်ဟွမ်း ပြောပြတဲ့ ဇာတ်လမ်းကို နားထောင်ကာ အကြာကြီး နှုတ်ဆိတ်နေပြီးမှ လှောင်ရယ်လိုက်သည်။ “ နက်ရှိုင်းတဲ့ အချစ်တဲ့လား။ သားသမီး ဆိုတာ မိခင်ရဲ့ ခန္ဓာကိုယ်က ဆင်းသက်လာတဲ့ အသားစတစ်စပဲ ဆိုတာ သိပါရက်နဲ့ ရက်ရက်စက်စက် လူသတ်ခဲ့တယ်ပေါ့။ အဲ့လိုမျိုး နက်ရှိုင်းတဲ့ အချစ်ကို အမျိုးသမီးချင် လက်မခံရဲမှာကို ကျွန်မ စိတ်ပူမိတယ်။ ”

စုယန်ယန်က ထိုစကားကို ပြောရင်း တစ်စုံတစ်ခုကို အာရုံမိသွားပုံဖြင့် “ ဒီကိစ္စကို အမျိုးသမီးချင်ရော သိလား။ ” ဟု မေးလိုက်သည်။

“ သူ သိသွားပါပြီ။ ”

“ ဒါဆို သူ … ”

“ သူ ရူးသွားပြီ။ ”

မှန်ပါသည်။ အမျိုးသမီးချင်က အမှန်တကယ်ပဲ အသိစိတ်လွတ်ကာ ရူးသွပ်သွားခဲ့တာ ဖြစ်သည်။

နောက်ဆုံးမှာ ကွာရှင်းစာချုပ်ကို လက်ဝယ်ပိုင်ဆိုင်ပြီးနောက် ချစ်သူလေးနှင့်အတူ တစ်သက်လုံး ပျော်ရွှင်စွာ နေသွားနိုင်တော့မည်ဟု ထင်ထားခဲ့သော အမျိုးသမီးချင်သည် ခါးသီးသော အမှန်တရားကို ရုတ်တရက် သိရှိသွားကာ အသိစိတ်လွတ်သွားခဲ့လေသည်။

သူမက ချစ်ရသူကို ဓားနှင့် ထိုးကာ သူမရဲ့ နောက်ထပ် ချစ်သူဟောင်းတစ်ယောက် ဖြစ်သော ၊ ချင်ဖန်သဲ့ရဲ့ လေးယောက်မြောက်အစ်ကို ချင်ကျွင်းဟုန်နှင့် တွေ့ရန် ထွက်ပြေးသွားခဲ့သည်။

အမျိုးသမီးချင်သည် လက်သည်တရားခံ နှစ်ယောက်ကို ဓားနှင့် ထိုးပြီးနောက် ချင်ကျွင်းဟုန်ရဲ့ သားနှစ်ယောက်ကို ကားနှင့် တိုက်သတ်ဖို့ မောင်းသွားခဲ့သည်။

စုယန်ယန်က ထိုစကားကို ကြားတော့ ကြောင်အမ်းအမ်းဖြစ်သွားသည်။ အမျိုးသမီးချင်တစ်ယောက် အမှန်တရားကို သိသွားချိန်မှာ ထိုလူတွေကို ကောင်းကောင်း အသက်ရှင့်ခွင့်ပေးမှာ မဟုတ်ကြောင်း ခန့်မှန်းမိသော်လည်း သူတို့အားလုံးကို သူမလက်နှင့် သတ်ပစ်တဲ့ထိ ရူးသွပ်သွားလိမ့်မည်ဟု မထင်ခဲ့ပါ။

1066 02

သူမက ထိုလူတွေက အသက်ရှင်ခွင့်မပေးသလို သူမကိုယ်သူမလည်း အသက်ရှင်ခွင့်မပေးခဲ့။

“ သူ … သူတို့အားလုံး သေသွားပြီလား။ ”

“ သူ့ချစ်သူနဲ့ ချင်ကျွင်းဟုန်ကတော့ သေသွားပြီ။ ကားတိုက်ခံရတဲ့ သားနှစ်ယောက်ထဲက တစ်ယောက်က ကိုမာဝင်နေတယ် ၊ ကျန်တဲ့ တစ်ယောက်ကတော့ ခြေထောက်တွေကို ဖြတ်ပစ်လိုက်ရတယ်။ ”

စုယန်ယန်က ပင့်သက်ရှိုက်လိုက်သည်။ “ ဒါဆို အမျိုးသမီးချင်ကရော … ”

“ သူလည်း သေသွားပြီ။ ”

“ သူက … ”

“ သူ့ကားနောက်ခန်းက ဆီတွေ ယိုနေတာ။ သူက ကားကို သူ့ဘာသာသူ မီးရှို့ပစ်ခဲ့တယ်။ ”

စုယန်ယန်က နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။ ဟောက်ချန်ဟွမ်းက သူမ နှုတ်ဆိတ်သွားတာကို ကြည့်ပြီး “ ဒီအကြောင်းကို အမျိုးသမီးယင်ကို ပြောလိုက်တဲ့ လူက ဘယ်သူလဲဆိုတာ မင်း သိလား။ ” ဟု မေးလိုက်သည်။

စုယန်ယန်က ‌ဆွံ့အသွားကာ ခဏကြာတော့မှ သတိဝင်လာခဲ့သည်။ သူတို့ ဒီကိစ္စတွေကို မလုပ်ခင်ကတည်းက လွတ်လမ်း ကြိုစဉ်းစားထားမှာ သေချာသည်။ ပြီးတော့ ( ၂ ) နှစ် ၊ ( ၃ ) နှစ်တောင် ကြာသွားပြီမို့ အမျိုးသမီးချင် သူမဘာသာ သိရှိသွားတာလည်း မဖြစ်နိုင်ပေ။

“ ဘယ်သူ ပြောလိုက်တာလဲ။ ”

“ ချင်ကျွင်းဟုန်။ ”

“ ချင်ကျွင်းဟုန် … ဟုတ်လား … ” စုယန်ယန်ရဲ့ မျက်လုံးတွေက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ “ အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက သူ ကျူးလွန်ထားတဲ့ မကောင်းမှုတွေကို သူ့ကိုယ်တိုင် ပြန်ဖော်တယ်တဲ့လား။ သူ ရူးသွားတာလား။ ”

“ သူက အဲ့ဒီကိစ္စတွေရဲ့ နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်သူ ဆိုတာကိုတော့ မဖော်ထုတ်ခဲ့ပါဘူး။ အမျိုးသမီးချင်ရဲ့ ချစ်သူရဲ့ လက်ချက်ကြောင့် သူ့သား အက်ဆီးဒင့်ဖြစ်ခဲ့တာ ဆိုတဲ့ အမှန်တရားကိုပဲ ဖော်ထုတ်ခဲ့တာ။ ဒါပေမဲ့ အဲ့ဒါကိုလည်း သူ မတော်တဆ ပြောမိသွားတာပါ။ ”

++++

All Chapters