အခန်း ၁၀၆၇
Vol. 72 Ch. 1067
1067 014
အခန်း ( ၁၀၆၇ ) ဆေးရုံဆင်းလို့ မရတာလား။
စုယန်ယန်က ထိုစကားကို ကြားသောအခါ ပိုလို့တောင် စိတ်ရှုပ်ထွေးသွားမိသည်။ “ သူက ဘာလို့ အဲ့လိုမျိုး လုပ်တာလဲ။ ”
“ လက်စားချေဖို့အတွက်ပေါ့။ ”
“ လက်စားချေဖို့အတွက် … ” စုယန်ယန်ရဲ့ စိတ်ထဲမှာ အတွေးတစ်ခု ပြိုးပြက်သွားသည်။ “ ဟိုးအရင်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စကြောင့်လား။ ”
တစ်ချိန်တုန်းက အမျိုးသမီးချင်သည် မိဘတွေရဲ့ အတင်းအကြပ် ဖိအားပေးမှုကြောင့် ချစ်သူနှင့် လမ်းခွဲလိုက်ရသည်။ သူမက မိသားစု စီစဉ်ပေးတဲ့ လက်ထပ်ပွဲကို ချက်ချင်း လက်မခံလိုသောကြောင့် ချင်ဖန်သဲ့ စိတ်အနှောင့်အယှက်ဖြစ်စေရန် ချင်ကျွင်းဟုန်ကို သွားမြှူဆွယ်ခဲ့သည်။
နောက်ပိုင်းမှာ ချင်ကျွင်းဟုန်က အာဏာလုယူခြင်း ကျရှုံးခဲ့ပြီး အသက်ရှင်သန်သော်လည်း ထိုအချိန်မှ စ၍ အကြောသေသွားခဲ့သည်။ ထိုအခါ အမျိုးသမီးယင်က သူ့ကို ချက်ချင်း စွန့်ပစ်ပြီး ချင်ဖန်သဲ့ရဲ့ ရင်ခွင်ထဲကို ပြေးဝင်သွားခဲ့သည်။
ယောက်ျားမာန အနည်းငယ်မျှ ကျန်ရှိနေသေးသူတောင် ဒီလို လုပ်ရပ်မျိုးကို လက်သင့်မခံနိုင်တာမို့ ထိုအမျိုးသမီးရဲ့ သူ့အပေါ် အရှက်ခွဲခြင်းကို ဘယ်တော့မှ မမေ့နိုင်ခဲ့။ ချင်ကျွင်းဟုန် အခုမျိုး လုပ်တာ အံ့ဩစရာမရှိပါ။
စုယန်ယန်က နှုတ်ခမ်းတွေက ခပ်တင်းတင်း စေ့ပိတ်လိုက်သည်။ ကံကြမ္မာစက်ဝိုင်းက သံသရာလည်နေပြီး ပြန်လည်ပေးဆပ်ရခြင်းက စိတ်မသက်သာစရာကောင်းလှပါသည်။
အမျိုးသမီးယင်ကတော့ အတိတ်တုန်းက အရက်ချက်ခဲ့သော အသီးခါးခါးကို နှစ် ( ၂၀ ) ကျော် ကြာချိန်မှာ မြည်းစမ်းရလိမ့်မည်ဟု ဘယ်တော့မှ တွေးထင်ခဲ့မှာ မဟုတ်ပေ။
“ ချင်ကျွင်းဟုန်က အမျိုးသမီးယင်ရဲ့ ချစ်သူကို အပြစ်ပုံချလိုက်တယ် ဆိုကတည်းက ဒီကိစ္စက သူ့ကို လာနွှယ်မှာ မဟုတ်ဘူးလို့ ယုံကြည်ချက်ရှိလို့ပဲ နေမှာ။ အဲ့လိုဆိုရင် အမျိုးသမီးယင်က ဘာလို့ … ”
“ မင်း ဆိုရိုးစကားတစ်ခု မကြားဖူးဘူးလား။ ”
“ ဘာဆိုရိုးစကားလဲ။ ”
“ ‘ ဓါးခုတ်ကောင်က ပုစဉ်းရင်ကွဲကို လိုက်ဖမ်းနေပေမဲ့ တစ်ချိန်တည်းမှာပဲ ငှက်ရွှေဝါကလည်း ဓါးခုတ်ကောင်နောက်ကို လိုက်လာတယ် ’ တဲ့။ ” ဟောက်ချန်ဟွမ်းက သူ့ဇနီးရဲ့ အူတူတူ မျက်နှာလေးကို ဖျစ်ညှစ်ကာ အပြုံးလေးဖြင့် ပြောလိုက်သည်။ “ အဲ့ဒီလူကို ရှင်းထုတ်ခဲ့တဲ့ ချင်ကျွင်းဟုန်ကိုလည်း နျဉ်စစ်ယွမ်က ရှင်းထုတ်ပစ်ခဲ့တယ်။ ”
စုယန်ယန်ရဲ့ မျက်လုံးတွေက ရုတ်တရက် ပြူးကျယ်သွားသည်။ “ ရှင် ပြောချင်တာက … ”
“ အဲ့ဒါကြောင့်ပဲ ကိုယ် နျဉ်စစ်ယွမ်ကို သိုးရေခြုံထားတဲ့ ဝံပုလွေလို့ ပြောတာပေါ့။ သူက အရာအားလုံးကို သိတယ် ၊ ဘယ်ကိစ္စကိုမဆို အပေါ်ယံ မလုပ်ဘူး။ လိုအပ်လာလို့ သူ တကယ် လုပ်ပြီ ဆိုရင်လည်း အဲ့ဒီလူတွေကို တစ်ယောက်နဲ့ တစ်ယောက် သတ်ခိုင်းတာပဲ။ ”
စုယန်ယန်သည် နောက်ကွယ်က လူရဲ့ သရုပ်မှန်ကို အဖြေရှာနိုင်သွားသောအခါ စိတ်အေးသွားသော သက်ပြင်းမောလေးကို မှုတ်ထုတ်လိုက်မိသည်။
1067 02
“ ဒါက သူ အားစိုက်ထုတ်ထားတယ်ဆိုတာ ဖော်ပြနေတာပဲ။ ဒါပေမဲ့ … ” စုယန်ယန်က မျက်မှောင်ကြုတ်လိုက်သည်။ “ အမျိုးသမီးချင်က ရှောင်ချီးကို တစ်ခုခု အမှားလုပ်ထားလို့လား။ ”
ထိုနေ့တုန်းက သူမ လင်းရှောင်ချီးအား ချင်ဖန်သဲ့ကို မျက်စိဒေါက်ထောက် စောင့်ကြည့်ဖို့သာမက အမျိုးသမီးချင်ကိုလည်း သတိထားဖို့ မှာခဲ့သည်။
အခု နျဉ်စစ်ယွမ် အမျိုးသမီးချင်အပေါ် အလွန် ရက်စက်နေရတဲ့ အကြောင်းအရင်းက လင်းရှောင်ချီးတစ်ယောက် သူမ စုံစမ်းသိရှိထားတဲ့ အရာအား သူ့ကို ပြောပြလိုက်လို့ပဲ ဖြစ်လိမ့်မည်။
လူတစ်ယောက်ရဲ့ နှလုံးသားကို သတ်တာက သေစေနိုင်သော ထိုးနှက်ချက် ဖြစ်သော်လည်း အတိတ်ကို စွန့်ပစ်ပြီး ဘဝသစ် ပြန်လည်စတင်နိုင်တော့မည်ဟု တွေးနေတဲ့ ချောင်ပိတ်မိနေခဲ့သူတစ်ယောက်ကို ထိုးနှက်တာကတော့ ပိုလို့တောင် ရက်စက်သည်။
စုယန်ယန်သည် အမျိုးသမီးချင်ကို အနည်းငယ် ကရုဏာသက်မိသော်လည်း အရင်ဘဝတုန်းက လင်းရှောင်ချီးရဲ့ ဆိုးဝါးသော ဇာတ်သိမ်းအကြောင်း တွေးမိသောအခါ အနည်းငယ်မျှသော ထိုကရုဏာကပင် လွန်ကြူးလှပြီဟု ခံစားလိုက်ရသည်။
သနားစဖွယ် လူတစ်ယောက်မှာတောင် သူတို့ကို မုန်းတီးသော အချက်တွေ ရှိသည်။ အမျိုးသမီးချင်က ဟိုးအစကတည်းက မှားယွင်းခဲ့ပြီး ထိုအမှားကလည်း အပြစ်မဲ့သူတစ်ယောက်ကို ဒီဇာတ်ရှုပ်ထဲ ဆွဲသွင်းခဲ့တဲ့ အမှားကြီး ဖြစ်သည်။
အခု သူမ အဲ့ဒီလို ဘဝဇာတ်သိမ်းသွားရတာက ကျူးလွန်ခဲ့တဲ့ အမှားတွေ အများကြီးအတွက် တန်ရာတန်ကြေး ပြန်လည်ပေးဆပ်လိုက်ရတာပါ။ သူမ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါ။
အဲ့ဒီလိုနှင့် နျဉ်စစ်ယွမ်ရဲ့ နျည်းဗျူဟာက ကန့်လန့်ကာကျသွားခဲ့သည်။ ဒီပွဲမှာ အောင်နိုင်သူတွေကတော့ ဇာတ်လမ်းအစကနေ အဆုံးထိ ပုန်းကွယ်နေခဲ့သော နျဉ်စစ်ယွမ်နှင့် ဒီပွဲမှာ တစ်ခါမှ ပါဝင်ပတ်သက်ခြင်း မရှိခဲ့သော လင်းရှောင်ချီးတို့ပဲ ဖြစ်သည်။
စုယန်ယန်သည် ချင်မိသားစုရဲ့ အတင်းအဖျင်းတွေကို ရက်အနည်းငယ်ကြာ နားထောင်ပြီးနောက် နောက်ဆုံးမှာတော့ သို့ထျန်းယီဘက်က မငြိမ်မသက် အခြေအနေတွေကို သတိပြုမိသွားခဲ့သည်။
“ သို့ကော်ပိုရေးရှင်းရဲ့ ဥက္ကဌဟာ ရုတ်တရက် နာမကျန်းဖြစ်ပြီး ဆေးရုံတင်ထားရပါတယ်။ ကော်ပိုရေးရှင်းရဲ့ စတော့ရှယ်ယာဈေးတွေ ထိုးကျနေတာက ကုမ္ပဏီရဲ့ ခေါင်းဆောင်မဲ့နေတဲ့ အခြေအနေကြောင့်များလား။ ”
ထိုသတင်းကို မြင်ချိန်မှာ စုယန်ယန်ရဲ့ ပထမဆုံး တုံ့ပြန်မှုက မဖြစ်နိုင်ဘူးဟု ခံစားလိုက်ရတာပဲ ဖြစ်သည်။ သို့ထျန်းယီရဲ့ ကျန်းမာရေးအခြေအနေက ဒီလောက် မြန်မြန် မယိုယွင်းနိုင်။ ပြီးတော့ သူက … ဒီကမ္ဘာရဲ့ အမျိုးသားဇာတ်လိုက်ဆိုတာ အသိသာကြီးပဲလေ။
“ အဲ့ဒီသတင်းက အမှန်ပဲ။ ”
စုယန်ယန်က သူမရဲ့ နောက်ကျောဘက်က ထွက်ပေါ်လာသော စကားသံကို ကြားလိုက်ရချိန်မှာ အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်တော့ ဟောက်ချန်ဟွမ်းဖြစ်ကြေင်း နားလည်သွားသည်။
“ တကယ်လား။ ”
“ အင်း … သို့ထျန်းယီ လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက ဆေးရုံတင်ထားရတာ။ သူ အဲ့အချိန်ကတညက ဆေးရုံမဆင်းရသေးဘူး။ ”
“ သူ ဆေးရုံမဆင်းချင်တာလား ၊ ဒါမှမဟုတ် … ဆေးရုံဆင်းလို့ မရတာလား။ ”
++++