အခန်း ၁၀၆၈
Vol. 72 Ch. 1068
1068 01
အခန်း ( ၁၀၆၈ ) ဇာတ်သိမ်းသို့ ဖြတ်လမ်းနည်း။
ဟောက်ချန်ဟွမ်းက “ ဆေးရုံဆင်းလို့ မရတာ။ ” ဟု ပြောကာ ဆေးစစ်ချက်မှတ်တမ်းကို စုယန်ယန်ဆီ ကမ်းပေးလိုက်သည်။ “ သူ့အခြေအနေက ပျက်စီးယိုယွင်းနေတဲ့အတွက် အရံ ဆေးကုသရေး ပစ္စည်းကိရိယာတွေကို အကြာကြီး တပ်ဆင်ထားဖို့ လိုတယ်။ အဲ့ဒီကိရိယာတွေကို ချွတ်လိုက်တာနဲ့ သူ သုံးနာရီအတွင်း သေသွားလိမ့်မယ်။ ”
စုယန်ယန်က ဆေးစစ်ချက်မှတ်တမ်းကို ယူကြည့်ပြီး အံ့အားသင့်သွားသည်။ “ ဘယ်လိုလုပ်ပြီး သူ ဒီလောက် မြန်မြန် အခြေအနေဆိုးသွားတာလဲ။ ”
သူ့လက်ရှိ ကျန်းမာရေးအခြေအနေအရဆို အသက် သုံးဆယ်ပြည့်တဲ့ထိ ရှင်သန်နိုင်ပါ့မလား … ။
စုယန်ယန်သည် ဆေးစစ်ချက်မှတ်တမ်းကို လက်ထဲမှာ ဆုပ်ကိုင်ထားရင်း တစ်ခုခု မှားယွင်းနေတာကို လျင်မြန်စွာ အာရုံခံမိသွား၏။
သို့ထျန်းယီရဲ့ ဆေးစစ်ချက်မှတ်တမ်းက ဟောက်ချန်ဟွမ်းဆီမှ ဘာလို့ ရှိနေရတာလဲ … ။
ထိုအတွေးကို သို့ကော်ပိုရေးရှင်းရဲ့ လက်ရှိ အခြေအနေနှင့်ပါ ပေါင်းစပ်လိုက်သောအခါ စုယန်ယန်သည် ဟောက်ချန်ဟွမ်းကို ဖျတ်ခနဲ မော့ကြည့်ပြီး တွေးတွေးဆဆ မေးလိုက်သည်။ “ သို့မိသားစုမှာ ဖြစ်နေတဲ့ ကိစ္စတွေရဲ့ နောက်ကွယ်မှာ ရှင် ရှိနေတာလား။ ”
“ အင်း။ ”
“ ဘယ်အချိန်တုန်းကလဲ။ ရှင် ဘာလုပ်ခဲ့တာလဲ။ ”
ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ တောက်ပနေသော မျက်လုံးလေးတွေကို ကြည့်ပြီး မကွယ်မဝှက်တမ်း ပြောလိုက်သည်။ “ တော်တော်လေး ကြာပါပြီ။ ”
ထိုကောင် စုယန်ယန်အကြောင်း စတင်စုံစမ်းတဲ့ ပထမဆုံးအကြိမ်ကတည်းက သူ သတိပြုမိခဲ့တာပင်။ ထိုအချိန်တုန်းကတော့ ဟောက်ချန်ဟွမ်းဟာ သတိပေးသည့်အနေဖြင့် သူတို့ကုမ္ပဏီရဲ့ လုပ်ငန်းတစ်ခုကိုသာ ဖျက်ဆီးပြီး သူ့ကို ခပ်ဆတ်ဆတ်လေး ထိုးနှက်ခဲ့သည်။
အဲ့ဒီကောင်က သူ့ကိုယ်သူ မထိန်းချုပ်တဲ့အပြင် စုယန်ယန်ကို လူမြင်ကွင်းမှာ ပြန်ပေးဆွဲဖို့ လုပ်တဲ့ထိ ဇွတ်တိုးရဲတင်းလိမ့်မည်ဟု ဘယ်သူက ထင်ခဲ့မှာလဲ။
ထိုအဖြစ်အပျက်က ဟောက်ချန်ဟွမ်းအား အမျက်ချောင်းချောင်းထွက်သွားစေကာ သို့ထျန်းယီရဲ့ ကုမ္ပဏီကို တိုက်ခိုက်ဖို့အတွက် အလေးအနက် စဉ်းစားတွေးတောစေခဲ့သည်။
“ ကိုယ် လူတစ်ယောက်ကို သို့ထျန်းယီရဲ့ အဒေါ်နဲ့ ဆက်သွယ်ခိုင်းခဲ့တယ်။ ” စုယန်ယန်ကို ပြန်ပေးဆွဲဖို့အတွက် သို့ထျန်းယီ လူတွေလွှတ်အပြီး သိပ်မကြာခင်မှာပဲ သူ အစီအစဉ်စခဲ့တာ ဖြစ်သည်။
“ သို့ထျန်းယီရဲ့ အဒေါ် … ဟုတ်လား။ သူ့မှာ အဒေါ်ရှိတယ်လား။ ရှင်ပဲ ပြောတော့ သူ့မိသားစုဝင်အများစုက … ”
“ သူ့အဒေါ်က အိမ်ထောင်ကျပြီး တစ်အိုးတစ်အိမ် ထူထောင်ပြီးတာ ကြာလှပြီ။ အဲ့ဒါကြောင့် သို့မိသားစုမှာ ပြဿနာတွေ ဖြစ်တုန်းက သူ့အပေါ် သိပ်ပြီး သက်ရောက်မှုမရှိခဲ့ဘူး။ ”
“ သဘောပေါက်ပြီ။ ” စုယန်ယန်က ရုတ်တရက် နားလည်သွားသည်။ “ ဒါဆို ရှင် သူ့ကို ဆက်သွယ်တာ အသုံးဝင်ခဲ့လား။ ”
“ သို့မိသားစုမှာ လူသိပ်မကျန်တော့ဘူး။ ကုမ္ပဏီထဲမှာ ရှယ်ယာတွေ ရှိပြီး အတိုင်းအတာတစ်ခုထိ ပြောရေးဆိုခွင့်ရှိတဲ့ လူတွေကတော့ ပိုလို့တောင် မကျန်တော့ဘူး။ ကံကောင်းချင်တော့ သူက အဲ့ဒီလူနည်းစုထဲက တစ်ယောက် ဖြစ်နေတယ်။ ပြီးတော့ သူကလည်း အာဏာလိုချင်နေတာ။ အဲ့ဒီတော့ ကိုယ်က သူ့ကို အခွင့်အရေးပေးပြီး ဘေးကနေ ကူညီပေးခဲ့ရုံပါပဲ။ ”
“ ရှင်က သူတို့ကို အချင်းချင်း ပြန်သတ်ခိုင်းပြီးမှ သို့ထျန်းယီရဲ့ ကုမ္ပဏီကို ဝယ်ချင်တာလား။ ”
1068 02
“ ကိုယ် အဲ့ဒီကုမ္ပဏီကို စိတ်မဝင်စားပါဘူး။ ” ဟောက်ချန်ဟွမ်းက ခဏလောက် တုံ့ဆိုင်းသွားပြီးမှ စုယန်ယန်ကို အမှန်အတိုင်း ပြောဖို့ ဆုံးဖြတ်လိုက်သည်။ “ တကယ်တော့ ဟိုတလောတုန်းက အဘိုးချန် စွပ်စွဲတိုင်ကြားခံရတဲ့ ကိစ္စက သူနဲ့ ပတ်သက်နေတယ်။ ”
စုယန်ယန်ရဲ့ လှုပ်ရှားမှုတွေက ရုတ်တရက် ရပ်တန့်သွားသည်။ “ ရှင် ဘာပြောလိုက်တယ်။ အဘိုးချန် စွပ်စွဲတိုင်ကြားခံရတဲ့ အမှုက သူနဲ့ ပတ်သက်နေတာလား။ ချန်ဖန့်လန်နဲ့ စုန့်ယွမ်ယွမ်ရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ လူက သူလား။ ”
“ အင်း။ ”
စုယန်ယန်ရဲ့ မျက်နှာက အိုးတစ်လုံး၏ အောက်ခြေကဲ့သို့ မည်းမှောင်သွားကာ သို့ထျန်းယီ သူမကို ဖုန်းထဲမှာ ပြောခဲ့တဲ့ စကားတွေ ၊ ခြိမ်းခြောက်ခဲ့တဲ့ စကားတွေကို ရုတ်တရက် ပြန်သတိရသွားသည်။ တကယ်တော့ သူက ဘာမှ မလုပ်ခဲ့တာ မဟုတ်ဘဲ သူ့လုပ်ရပ်တွေကို သူမက သတိမထားမိခဲ့ခြင်းသာ ဖြစ်သည်။
သူကများ … သူကများ ရာရာစစ … ။
စုယန်ယန်သည် ဒေါသထွက်လွန်း၍ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေမိသည်။ ဖြစ်နိုင်ရင် အခုချက်ချင်း ဆေးရုံကို ပြေးသွားပြီး သေမင်းနှင့် စစ်ခင်းနေရသူအား ရိုက်နှက်ပစ်ချင်သည်။
ဟောက်ချန်ဟွမ်းက သက်ပြင်းချပြီး သူမကို ရင်ခွင်ထဲ ဆွဲသွင်း၍ နှစ်သိမ့်ပေးလိုက်သည်။ “ ဘာမှ မဖြစ်ဘူး။ သူ့မှာ မင်းကိုရော ၊ မင်းမိသားစုကိုရော ထိခိုက်အောင် ထပ်လုပ်ဖို့ အခွင့်အရေးမရှိတော့ဘူး။ ”
စုယန်ယန်က “ အင်း။ ” ဟု တုံ့ပြန်လိုက်သော်လည်း စိတ်ထဲမှာတော့ စနစ်ကို စတင်မေးမြန်းခဲ့သည်။
[ သို့ထျန်းယီ အခု သေသွားရင် ရွှေလက်ချောင်းလုယူတဲ့ လုပ်ငန်းစဉ်က အပြည့်အဝ အောင်မြင်သွားမှာလား။ ဒီကမ္ဘာကြီးကရော ပြိုလဲပျက်စီးသွားမှာလား။ ]
[ ကျိုးကြောင်းနည်းလမ်းကျကျ ပြောရရင် ကမ္ဘာ့အမျိုးသားဇာတ်လိုက်ရဲ့ တည်ရှိမှုက ကမ္ဘာ့အမျိုးသမီးဇာတ်လိုက် လင်းရောင်ခြည်အပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ မူလစာအုပ်တွေက အမျိုးသမီးဇာတ်လိုက်ရဲ့ ရှုထောင့်ကနေပဲ ရေးထားတာပါ ၊ ပြီးတော့ Host နဲ့ Host ရဲ့ လက်တွဲဖော်တို့ကလည်း ရွှေလက်ချောင်းကို ( ၇၅ ) ရာခိုင်နှုန်းအထိ လုယူပြီးပါပြီ။ ဒါ့ကြောင့် ကမ္ဘာ့အမျိုးသားဇာတ်လိုက် သေဆုံးသွားလည်း လောလောဆယ်တော့ ကမ္ဘာမပျက်ပါဘူး။ ]
တစ်နည်းအားဖြင့် ပြောရလျှင် သို့ထျန်းယီရဲ့ အချိန်မတိုင်ခင် သေဆုံးမှုက ကမ္ဘာကြီးကို ပြိုလဲပျက်စီးစေမှာ မဟုတ်ဘဲ ရွှေလက်ချောင်းလုယူတဲ့ လုပ်ငန်းစဉ်အောင်မြင်မှုကိုတောင် များစွာ တိုးမြှင့်ပေးပါလိမ့်မည်။ ဘယ်သူ သိမှာလဲ … သူမတို့ ( ၁၀၀ ) ရာခိုင်နှုန်းအထိ အောင်မြင်ရင်တောင် အောင်မြင်နိုင်သည်။
+++