အခန်း ၁၀၆၉
Vol. 72 Ch. 1069
1069 01
အခန်း ( ၁၀၆၉ ) တံခါးလာခေါက်ခြင်း။
ထိုအရာကို သဘောပေါက်သွားသော စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ လက်ကောက်ဝတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သောအခါ သူမရဲ့ ခံစားချက်ကို နားလည်တဲ့ ဟောက်ချန်ဟွမ်းကလည်း ခေါင်းငုံ့ပြီး “ မင်း စိတ်ပူနေတုန်းပဲလား။ ” ဟု ပြန်မေးလိုက်သည်။
စုယန်ယန်က ခေါင်းခါယမ်းပြရင်း သူ့ကို စိတ်အေးသက်သာရနေသော အပြုံးလေးဖြင့် ကြည့်လိုက်သည်။ “ တချို့ အရာတွေက အချိန်မတိုင်ခင် အဆုံးသတ်ရနိုင်တယ်ဆိုတာကို ကျွန်မ ရုတ်တရက် နားလည်သွားလို့ပါ။ ”
ဟောက်ချန်ဟွမ်း မျက်ခုံးပင့်လိုက်မိသည်။ စုယန်ယန် တစ်ခုခုကို ရည်ညွှန်းပြောဆိုနေတယ်လို့ ခံစားရသော်လည်း သူမ မပြောတဲ့အတွက် သူလည်း ဘာမှ ဆက်မေးမနေတော့ပါ။
စုယန်ယန်ကတော့ ကမ္ဘာ့အမျိုးသားဇာတ်လိုက်အတွက် ဓားသွေးထားတဲ့အထိပင် ဒေါသထွက်နေခဲ့သည်။
ထိုအချိန်မှာ ဝမ်ကျင့်ဖျင်ကတော့ သူမရဲ့ နောက်ဆုံး ကောက်ရိုးမျှင်လေးကို ဆုံးရှုံးရတော့မည်ဆိုတာ မသိရှာပေ။ သူမသည် ယင်ကျစ်ဟုန်ရဲ့ ထောက်ခံမှုကို ဆုံးရှုံးလိုက်ရကာ ရိုက်ကူးရေးအဖွဲ့ထဲကနေ မောင်းထုတ်ခံရပြီးနောက် လမ်းဘေးကြွက်တစ်ကောင်လို ဖြစ်သွားခဲ့သည်။
သူမ ဘယ်ကိုပဲသွားသွား လူတွေက သူမကို ရွံရှာစက်ဆုပ်သော အကြည့်ဖြင့် ကြည့်သည် ၊ သူမ မသိတဲ့ လူပေါင်းစုံက ဘယ်နေရာကမှန်းမသိ ရုတ်တရက် ပေါ်ပေါက်လာကာ သူမအတွက် ကိစ္စတွေကို အခက်တွေ့အောင် လုပ်သည်။
အဲ့ဒီလို အဖြစ်အပျက်မျိုး သုံး ၊ လေးကြိမ်လောက် ကြုံပြီးနောက်မှာ အပြင်တောင် မထွက်ရဲတော့ဘဲ ငှားရမ်းထားတဲ့ စတူဒီယိုထဲမှာ တစ်ယောက်တည်း ပုန်းကွယ်ရင်း သူမကို ကမ္ဘာကြီး တစ်ခုလုံးက စွန့်ပစ်သွားသလို ခံစားနေခဲ့ရသည်။
ဝမ်ကျင့်ဖျင်သည် ဒီအကျပ်အတည်း အခြေအနေထဲကနေ သူမကို ကယ်တင်ပေးမယ့် သူရဲကောင်းတစ်ယောက်ကို စေလွှတ်ပေးဖို့အတွက် မိုးနတ်မင်းကို မရေမတွက်နိုင်အောင် ဆုတောင်းခဲ့သည်။ ဒါပေမဲ့ မိုးနတ်မင်းကတော့ သူမရဲ့ ဆုတောင်းသံတွေကို မကြားတာလား ၊ ကြားရက်သားနှင့် သူမကို ကယ်တင်ဖို့ ရည်ရွယ်ချက်မရှိတာလား မပြောတတ်ပါ။
ဝမ်ကျင့်ဖျင်သည် အိမ်တံခါးကို ပိတ်ထားကာ ရက်အနည်းငယ်လောက် ပုန်းကွယ်ရင်း တောက်ပသော ချပ်ဝတ်တန်ဆာများဖြင့် ရောက်လာမည့် သူမရဲ့ သူရဲကောင်းလေးကို စောင့်မျှော်နေခဲ့သော်လည်း ထိုသူရဲကောင်းလေးအစား တင်းကြွယ်စစ်က သူမကို လာရှာခဲ့သည်။
“ ဖျင်လေး … ငါ မင်းကို လိုက်ရှာနေတာ။ မင်း အခုတလော အဆင်ပြေရဲ့လား။ မင်းကို တစ်ယောက်ယောက် အနိုင်ကျင့်သေးလား။ ငါ ရိုက်ကွင်းမှာ ဖြစ်ခဲ့တာတွေကို သတင်းကြားတယ်။ သူတို့က ငါ မရှိတာနဲ့ပဲ မင်းကို အဲ့လိုမျိုး ဆက်ဆံခဲ့တာပဲ။ စိတ်မပူနဲ့ ၊ မင်းရဲ့ ဒေါသတွေကို ထွက်ပေါက်ပေးနိုင်အောင် ငါ ကူညီပေးမယ်။ ”
တင်းကြွယ်စစ်က စိတ်လှုပ်ရှားမှုတွေ ဖုံးလွှမ်းနေသော မျက်နှာကြီးဖြင့် တံခါးပေါက်ကနေ အတင်း တိုးဝင်ဖို့ ကြိုးစားနေသည်။ တစ္ဆေသရဲတစ်ကောင်ကို တွေ့လိုက်ရသလိုမျိုး ထိတ်လန့်တုန်လှုပ်နေတဲ့ ဝမ်ကျင့်ဖျင်ရဲ့ မျက်နှာကိုတော့ သူ သတိမပြုမိပါ။
ဝမ်ကျင့်ဖျင်က သူမကို တင်းကြွယ်စစ် လာရှာလိမ့်မည်ဟု တစ်ခါမှ မျှော်လင့်မထားတာမို့ ထိတ်လန့်အံ့ဩကာ ကြက်သေ,သေနေတုန်းမှာပဲ တင်းကြွယ်စစ်က တံခါးပေါက်လေးကနေတစ်ဆင့် မရမက တိုးဝင်၍ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ သူမရဲ့ အငှားအိမ်ထဲကို သူ့အိမ်သူ့ရာပမာ ဝင်ရောက်လာပုံက တစ်စက်မှ ယဉ်ကျေးမှုမရှိပါ။
“ ရှင် … ” ဝမ်ကျင့်ဖျင်က တင်းမာသော မျက်နှာဖြင့် သူ့နောက်ကို လိုက်သွားကာ တစ်ခုခု ပြောဖို့ ပါးစပ်ပြင်နေတုန်းမှာပဲ တင်းကြွယ်စစ်က သူမဘက်ကို ဗြုန်းခနဲ လှည့်လာပြီး ပွေ့ဖက်လိုက်သည်။
ဝမ်ကျင့်ဖျင်တစ်ယောက် လန့်ဖြန့်သွားကာ သူ့ရင်ခွင်ထဲက လွတ်မြောက်ဖို့ ရုန်းကန်ပေမဲ့ တင်းကြွယ်စစ်က သူမကို ခုခံရုန်းကန်ခွင့်မပေးဘဲ အလွန် တင်းကြပ်စွာ ပွေ့ဖက်ထားခဲ့သည်။
“ ငါ ကွာရှင်းလိုက်ပြီ။ ”
ထိုစကားလုံး အနည်းငယ်က ဝမ်ကျင့်ဖျင်ရဲ့ ခန္ဓာကိုယ်ကို တောင့်တင်းသွားစေဖို့ လုံလောက်သည်။ သူမ ဘာလုပ်ရမှန်း မသိတော့ပါ။ တင်းကြွယ်စစ် ဘာလို့ ကွာရှင်းလိုက်တာလဲ ဆိုတဲ့ အကြောင်းအရင်းကို ဝမ်ကျင့်ဖျင်လောက် ကောင်းကောင်း သိတဲ့လူ ရှိဦးမလား … ။
ဒါပေမဲ့ သူမ အပြစ်မကင်းသလို ခံစားရတာတော့ မဟုတ်ဘဲ စိုးရိမ်မိသွားရုံသာ ဖြစ်သည်။
“ ငါ အခု လွတ်လပ်သွားပြီ … တစ်ကိုယ်တည်းသမား ဖြစ်သွားပြီ။ ”
တင်းကြွယ်စစ်က သူမနှင့် လူချင်းခွာကာ သူမရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ အရင်တုန်းက ငါ့မှာ မိသားစုရှိနေပြီး ငါက လူလွတ် မဟုတ်လို့ မင်း ငါ့အပေါ် စိမ်းကားနေခဲ့တာ ဆိုတာ ငါ သိပါတယ်။ မင်းကို သူတစ်ပါးယောက်ျားကို မြှူဆွယ်တဲ့ မကောင်းတဲ့ မိန်းမလို့ လူတွေ ထင်သွားမှာကို မင်း ကြောက်နေခဲ့တာမလား …
ဒါပေမဲ့ အခုတော့ ငါက လူလွတ်ဖြစ်သွားပြီ။ ရာထူးဂုဏ်ရှိန်လား ၊ ပိုက်ဆံလား ၊ အချစ်လား … မင်း လိုချင်တာမှန်သမျှ ငါ ပေးနိုင်တယ်။ ငါက မင်းနဲ့ ထိုက်တန်သွားပြီ။ အခုက စပြီး ဘယ်သူကမှ ငါရဲ့ အရင်တုန်းက အိမ်ထောင်ရေးအကြောင်း ပြောကြတော့မှာ မဟုတ်ဘူး။ ငါတို့နှစ်ယောက် တစ်သက်လုံး မခွဲအတူရှိသွားနိုင်ပြီ။ မင်း ငါနဲ့ … လက်ထပ်ချင်လားဟင်။ ”
1069 02
သူမ အကြောက်ဆုံးအရာ အမှန်တကယ် ဖြစ်လာခဲ့ပါပြီ။ ဝမ်ကျင့်ဖျင်သည် စကားလုံးနှင့် ဖော်ပြလို့ မရလောက်အောင် စိတ်လှုပ်ရှားနေသော အမျိုးသားကို ဖြူဖတ်ဖြူရော် မျက်နှာဖြင့် ကြည့်လိုက်မိသည်။ ကိစ္စတွေဟာ ဘယ်လိုလုပ် ဒီလောက်ထိ ဆိုးဝါးသွားတာလဲ ဆိုတာ နားမလည်သလို ဒီရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကနေ ဘယ်လို ထွက်ပြေးရမလဲ ၊ သူမကို မျှော့လို တွယ်ကပ်နေတဲ့ ဒီလူကို ဘယ်လို ရှင်းပစ်ရမလဲ ဆိုတာလည်း မသိတော့ပါ။
+++