အခန်း ၁၀၇၀
Vol. 72 Ch. 1070
1070 01
အခန်း ( ၁၀၇၀ ) ရှင့်ကို အစ်ကိုကြီးတစ်ယောက်လိုပဲ သဘောထားပါတယ်။
“ ကျွန်မ … ” ဝမ်ကျင့်ဖျင် ဆင်ခြေမစဉ်းစားနိုင်သေးခင်မှာပဲ သူမရဲ့ ခေါင်းထဲမှာ စူးရှသော စက်ရုပ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
[ သတိပေးချက် သတိပေးချက် : Host က အမျိုးသားဇာတ်လိုက်က လွဲလို့ တခြား ဘယ်ယောက်ျားနဲ့မှ ‘ သူငယ်ချင်းဆက်ဆံရေး ’ ကို ကျော်လို့ မရပါဘူး။ အထူးသဖြင့် အမျိုးသားဇာတ်လိုက်က လွဲလို့ ကျန်တဲ့ လူနဲ့ ထိတွေ့ဆက်ဆံလို့ မရပါဘူး။ မဟုတ်ရင် စနစ်က ပြင်းပြင်းထန်ထန် အပြစ်ပေးတာ ခံရပါလိမ့်မယ် ၊ ပြင်းပြင်းထန်ထန် အပြစ်ပေးတာ ခံရပါလိမ့်မယ်။ ]
ဝမ်ကျင်ဖျင့်က တုန်လှုပ်သွားပြီး တင်းကြွယ်စစ်ကို ချက်ချင်းပဲ တွန်းထုတ်လိုက်သည်။
“ ဖျင်လေး … ” တင်းကြွယ်စစ်က ဝမ်ကျင့်ဖျင်ကို နားမလည်နိုင်စွာ တအံ့တဩ ကြည့်လိုက်သည်။
ဝမ်ကျင့်ဖျင်က နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ပြီး သတ္တိစုစည်းလိုက်၏။ “ အစ် … အစ်ကိုတင်း … အစ်ကို နားလည်မှုလွဲသွားတာပါ။ ညီမက အစ်ကို့မိသားစုကို ဘယ်တုန်းကမှ မဖျက်ဆီးချင်ခဲ့ပါဘူး။ အစ်ကို့ကို အစ်ကိုကြီး တစ်ယောက်လိုပဲ သဘောထားခဲ့တာပါ။ ”
‘ အစ်ကိုကြီးတစ်ယောက်လိုပဲ သဘောထားပါတယ် ’ ဆိုတာက လက်ဖက်စိမ်း ခွေးမတစ်ကောင်ရဲ့ အထူးဆင်ခြေ ဖြစ်သည်။ အဲ့ဒါက ဖရန့်ဇုန်ထဲမှာ ထားတာထက်တောင် ပိုရက်စက်သည်။
တင်းကြွယ်စစ်က ထိုစကားကို ကြားသောအခါ သူ့မျက်နှာအမူအရာက ခဏလောက် ဗလာနတ္ထိဖြစ်သွားပြီးမှ ရှုံ့မဲ့သွားခဲ့သည်။
အကြိမ် အနည်းငယ်လောက် အသက်ပြင်းပြင်းရှူ၍ သူ့မျက်နှာပေါ်မှာ တည်ငြိမ်သော အမူအရာကို မနည်း ထိန်းထားလိုက်ရကာ ခပ်တောင့်တောင့် လေသံဖြင့် ပြောလိုက်သည်။ “ မင်း ငါနဲ့ ငါ့ဇနီးအတွက် စိတ်ပူနေတာမလား။ မဟုတ်ဘူး … ငါ့ဇနီး ဆိုတာထက် ဇနီးဟောင်းလို့ သုံးနှုန်းရင် ပိုမှန်တယ်။ စိတ်မပူပါနဲ့ … ငါ သူနဲ့ ကွာရှင်းပြီးသွားပါပြီ ၊ ကလေးအုပ်ထိန်းစောင့်ရှောက်ခွင့်ကိုလည်း သူပဲ ရထားတာ။ အခု ငါတို့ တစ်ယောက်ရဲ့ အရေးကိစ္စတွေကို တစ်ယောက်က ဝင်မစွက်ဖက်တော့ဘူး။ သူ မင်းကို ပြဿနာလာရှာမှာ မဟုတ်ပါဘူး။ ”
ဝမ်ကျင့်ဖျင်က ထိုစကားကို ကြားတော့ အမှန်တကယ်ပင် အနည်းငယ် ဒေါသထွက်သွားသည်။ ရှင်တို့ဘာသာ ကွာရှင်းတာ ၊ မကွာရှင်းတာက ကျွန်မနဲ့ ဘာဆိုင်လို့လဲ … ။ ရှင်တို့နှစ်ယောက် ကွာရှင်းလိုက်တာနဲ့ပဲ ကျွန်မက ဘာကိစ္စ ရှင်နဲ့ အတူနေရမှာလဲ … ။
အနည်းဆုံးတော့ သူတို့လင်မယား ကွာရှင်းပြီးတာ မှန်ကန်ပါသည်။ သူ့ဇနီးဟောင်းကလည်း သူမကို အနာဂတ်မှာ လာပြဿနာရှာမှာ မဟုတ်ပါ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်မှန်ကန်တယ်လို့ ထင်နေတဲ့ လူတွေကတော့ သူမကို အလွယ်တကူ အလွှတ်ပေးမှာ မဟုတ်ပေ။
အစကတည်းက ထိုလူတွေရဲ့ အမြင်မှာ တင်းကြွယ်စစ်ရဲ့ အိမ်ထောင်ရေးပြိုကွဲခြင်းက သူမနှင့် ပတ်သက်နေတာ ဖြစ်သည်။ သူနှင့်အတူနေဖို့ ရွေးချယ်လိုက်ခြင်းက သူမဟာ သူများအိမ်ထောင်ရေးကို ဖျက်စီးတဲ့ အငယ်အနှောင်းတစ်ယောက်ပါလို့ ကိုယ့်ကိုယ်ကိုယ် အတည်ပြုလိုက်တာပဲ မဟုတ်လား … ။
သူမရဲ့ လက်ရှိ ဂုဏ်သတင်းက ထူးမခြားနားဖြစ်သော်လည်း သူမက အရူး မဟုတ်ပါ။ အိမ်ထောင်သည်ယောက်ျားတစ်ယောက်ရဲ့ ဘဝမှာ တတိယလူ သွားလုပ်ရင် တစ်ဖက်ပိတ် လမ်းဆုံးထဲမှာ ထွက်ပေါက်ပိတ်သွားလိမ့်မည်။
ဝမ်ကျင့်ဖျင်က သူမရဲ့ လက်ကို ဆုပ်ကိုင်ထားသော တင်းကြွယ်စစ်ရဲ့ လက်ကို ဖြုတ်ချကာ ဝေ့လည်ကြောင်ပတ် အကြည့်လေးဖြင့် သနားစဖွယ် ပြောလိုက်သည်။ “ အစ်ကိုတင်း တကယ် နားလည်မှုလွဲနေတာပါ။ ညီမက အစ်ကို့ကို အစ်ကိုအရင်းတစ်ယောက်လိုပဲ သဘောထားတာပါ။ ဒီလိုမျိုး မလုပ်ပါနဲ့။ အစ်ကို့ရဲ့ အခုလို ပုံစံကို ညီမ နည်းနည်း ကြောက်တယ်။ ”
တင်းကြွယ်စစ်ရဲ့ မျက်နှာက ချက်ချင်း မည်းမှောင်သွားသော်လည်း သူ့နှလုံးသားကတော့ မမာကျောနိုင်ဘဲ သူမအတွက် ဆင်ခြေတွေ ရှာပေးဖို့တောင် ကြိုးစားနေမိသည်။ “ မင်း ငါ့ကို လိမ်နေတာမလား။ မင်းကို တစ်ယောက်ယောက်က ဖိအားပေးထားတာမလား။ ငါ့ကိုပြော… ငါ မင်းကို ကာကွယ်ပေးမယ်။ မင်းကို အဲ့လို ပြောခိုင်းထားတဲ့ လူက … ယင်ကျစ်ဟုန်လား။ ”
တင်းကြွယ်စစ်သည် ပြောရင်း ပြောရင်းနှင့် သူ့ထင်မြင်ယူဆချက်ကို မှန်ကန်သည်ဟု ပိုခံစားလာရသည်။ ရိုက်ကွင်းကို ပြန်သွားချိန်တုန်းက သူ ကြားခဲ့ရသော ကောလဟာလတွေကို ပြန်သတိရသွားလျှင် ဝမ်ကျင့်ဖျင်ရဲ့ လက်ကို ပိုလို့တောင် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ “ သူ မင်းကို ပြဿနာရှာထားတာလား။ သူ မင်းကို ခြိမ်းခြောက်ထားတာလား။ ဘာမှ မကြောက်နဲ့ … ငါ မင်းကို ကာကွယ်ပေးမယ်။ ”
1070 02
ဝမ်ကျင့်ဖျင်က သူ့ရဲ့ တင်းကြပ်သော ဆုပ်ကိုင်မှုကြောင့် နာကျင်သွားပြီး သူမရဲ့ မျက်လုံးထဲမှာ စိတ်ပျက်ရွံရှာမှုတွေ ၊ သည်းမခံနိုင်မှုတွေ ကြီးထွားလာခဲ့သည်။
သို့သော်လည်း တင်းကြွယ်စစ်ရဲ့ အသိစိတ်လွတ်နေသူတစ်ယောက်လို မျက်နှာကို မြင်ချိန်မှာတော့ ထိတ်လန့်သွားကာ ခန္ဓာကိုယ်လေးကို ကျုံ့လိုက်မိ၏။ သူမသည် စနစ်အား ကျန်ရှိနေသော နှစ်လိုမှုရမှတ် အနည်းငယ်ကို အထောက်အပံ့ပစ္စည်းတွေနှင့် အမြန် လဲလှယ်ခိုင်းပြီး ထိုပစ္စည်းတွေကို တင်းကြွယ်စစ်အပေါ်မှာ အသုံးပြုလိုက်သည်။
ဝမ်ကျင့်ဖျင်သည် သူ သူမကို နာကျင်အောင် မလုပ်မှာ သေချာတော့မှ အပြစ်မကင်းဖြစ်သလို ၊ ဝမ်းနည်းနေသလို ဟန်ဆောင်ပြီး လေသံပျော့လေးဖြင့် ပြောလိုက်သည်။ “ မဟုတ်ပါဘူး … ဘယ်သူကမှ ညီမကို မခြိမ်းခြောက်ပါဘူး ၊ ဘယ်သူကမှလည်း ညီမကို ဖိအားမပေးပါဘူး။ ညီမ ပြောတဲ့ စကားက အမှန်တရားပါ။ ညီမ အစ်ကို့ကို အစ်ကိုအရင်းတစ်ယောက်လိုပဲ သဘောထားတာပါ။ လူကြီးမင်းယင်ကိုတော့ … ”
ဝမ်ကျင့်ဖျင်သည် တင်းကြွယ်စစ် သတိမထားမိချိန်မှာ အခွင့်အရေးကို မိမိရရ အသုံးချ၍ သူမရဲ့ ပေါင်ကို ကိုယ့်ဘာသာ ဆွဲဆိတ်လိုက်ပြီး နာကျင်မှုကြောင့် မျက်လုံးထဲမှာ မျက်ရည်ဝဲအောင် ဖန်တီးကာ နီရဲသော မျက်လုံးများဖြင့် ပြောလိုက်သည်။ “ ညီမက သူနဲ့ မထိုက်တန်ပါဘူး။ ညီမတို့က မတူညီတဲ့ ကမ္ဘာနှစ်ခုက လူတွေဆိုတာ သိပေမဲ့ သူက ညီမအပေါ် နွေးနွေးထွေးထွေး ဆက်ဆံပေးတယ်။ အဲ့ဒါကြောင့် သူ့ကို ချစ်မိသွားခဲ့တယ်။ သူ ညီမကို ချစ်မိသွားရင် အဆုံးသတ်မလှမှာကိုလည်း သိပါတယ်။ ဒါပေမဲ့ အချစ်ရဲ့ ဆွဲဆောင်မှုကို နှစ်ယောက်လုံး မလွန်ဆန်နိုင်ခဲ့တဲ့အတွက် အခု သူ့မိသားစုက သူ့ကို အိမ်ထဲမှာ ပိတ်လှောင်ထားခဲ့တယ်။ ညီမရဲ့ အမှားတွေပါ။ ”
+++++