အခန်း ၁၀၇၂
Vol. 72 Ch. 1072
အခန်း ( ၁၀၇၂ ) သူ့ချစ်သူ မဟုတ်ပါဘူး။
ဝမ်ကျင့်ဖျင်တစ်ယောက် ထိတ်လန့်သွားကာ သူ လုပ်ဖို့ ကြိုးစားနေတဲ့ အရာကို ချက်ချင်း သဘောပေါက်သွားပြီး ခေါင်းထဲမှာ သတိပေးခေါင်းလောင်းသံတွေ ဆူညံသွားသည်။
စနစ်ကလည်း သူမရဲ့ ထင်မြင်ချက်ကို အတည်ပြုပေးသကဲ့သို့ ဖြေရှင်းချက်တောင် မရသေးခင်မှာပဲ စူးရှသော စက်ရုပ်သံလေးက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။
[ သတိပေးချက် သတိပေးချက် : အမျိုးသားလက်တွဲဖော် တင်းကြွယ်စစ်က Host ကို စည်းကျော်နေပါတယ်။ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်မလာဖို့အတွက် Host ကို အမျိုးသားလက်တွဲဖော်နဲ့ ခပ်ဝေးဝေး နေနိုင်မယ့် နည်းလမ်းကို အမြန်ဆုံး စဉ်းစားစေချင်ပါတယ်။ ]
ဝမ်ကျင့်ဖျင်က နှုတ်ခမ်းကိုက်လိုက်သည်။ စနစ်အတွက်တော့ ထိုစကားပြောရတာ လွယ်လိမ့်မည်။ သူမက ပြေးလို့ ရရင် ထွက်ပြေးပြီးတာ ကြာလှပြီ ဖြစ်သည်။ ဒီရွံရှာစရာကောင်းတဲ့ အမျိုးသားနှင့် အခုလို အလိုက်သင့် ဟန်ဆောင်ပြုမူရမယ့် အချိန်ရောက်တဲ့ထိ စောင့်နေမှာတောင် မဟုတ်။
“ ဖျင်လေး … ” တင်းကြွယ်စစ်ကတော့ ဝမ်ကျင့်ဖျင်ရဲ့ မျက်လုံးထဲက ရွံရှာစက်ဆုပ်မှုတွေကို လုံးလုံး သတိမထားမိဘဲ သူမရဲ့ နားရွက်နားကို ခန္ဓာကိုယ်ကို ငုံ့ကိုင်းလိုက်သည်။ သူ ရှူထုတ်လိုက်သော လေနွေးနွေးက ဝမ်ကျင့်ဖျင်ရဲ့ လည်ပင်းတစ်ဖက်ကို ပွတ်သပ်သွားသည်။
စူးရှသော ထိုလေထဲမှာ အပူဓာတ် တချို့ကို သယ်ဆောင်ထားပြီး ဝမ်ကျင့်ဖျင်ရဲ့ ခန္ဓာကိုယ်တစ်လျှောက် ကြက်သီးမွေးညှင်းထသွားစေသည်။
ဝမ်ကျင့်ဖျင်သည် သူမ ဒီကိစ္စကို ရှောင်လွှဲလို့ မရဘူး ဆိုတာ နားလည်သွားသလို သူမ အခုအချိန်မှာ တစ်ခုခု မလုပ်ရင် ပြန်လည်ပြင်ဆင်လို့ မရတဲ့ တစ်စုံတစ်ခု ဖြစ်လာတော့မည် ဆိုတာလည်း နားလည်သည်။
ထွက်ပေါက်မရှိ ချောင်ပိတ်ခံနေရသော ဝမ်ကျင့်ဖျင်သည် အံကြိတ်၍ “ အစ်ကိုတင်း … အစ်ကို့နောက်မှာ … ” ဟု ရုတ်တရက် အော်ပြောလိုက်လျှင် တင်းကြွယ်စစ်ကလည်း လန့်သွားပြီး ချက်ချင်း နောက်လှည့်ကြည့်သည်။
ဝမ်ကျင့်ဖျင်က သူ အာရုံလွဲနေတုန်း အားကုန်သုံး၍ သူ့ကို တွန်းထုတ်ပစ်လိုက်၏။ တင်းကြွယ်စစ်က သူမ အဲ့ဒီလို လုပ်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားတာမို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်ကာ လဲကျတော့မလို ဖြစ်သွားသည်။
သူ့ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် မနည်း ထိန်းညှိပြီးချိန်မှာတော့ ဝမ်ကျင့်ဖျင်က အခွင့်အရေးကို မိမိရရ အသုံးချ၍ ပွင့်နေသော တံခါးပေါက်ဆီ ပြေးသွားခဲ့ပြီ ဖြစ်သည်။
ထိုတံခါးပေါက်ကနေ တင်းကြွယ်စစ် တိုးဝင်လာတုန်းက သူမရဲ့ နှလုံးသားထဲမှာ နည်းနည်းလေး ကြောက်စိတ်ဝင်သွားပြီး သူမကို တစ်ခုခု လုပ်မှာကို စိုးရိမ်တာကြောင့် တံခါးကို ကြပ်နေအောင် ပိတ်မထားခဲ့ပေ။
သို့သော်လည်း လူတိုင်းဟာ အဆိုးဆုံး ကိစ္စတွေကို မကြုံတွေ့ရသေးခင်မှာ နှလုံးသားထဲမှာ မျှော်လင့်ချက်အနည်းငယ် ရှိတတ်ကြသည်။ ဝမ်ကျင့်ဖျင်ကလည်း အတူတူပဲ ဖြစ်သည်။
ဒါပေမဲ့ ဒီအခန်းထဲကို တင်းကြွယ်စစ် ဝင်ရောက်လာပြီးနောက်မှာ လုပ်ခဲ့တဲ့ အရာက ဝမ်ကျင့်ဖျင်ရဲ့ နောက်ဆုံးလက်ကျန် မျှော်လင့်ချက်လေးကို ပျက်စီးသွားစေခဲ့သည်။
သူမက တင်းကြွယ်စစ်ကို အရင်တုန်းကလိုပဲ သူမစကား နားထောင်ကာ ကိုယ်ကျိုးမငဲ့ ကူညီလိမ့်ဦးမည်ဟု မျှော်လင့်ထားတာ မဟုတ်ဘဲ သူနှင့် အမြန်ဆုံး ကိစ္စဖြတ်ကာ ဘယ်တော့မှ ထပ်မပတ်သက်ဖို့သာ မျှော်လင့်ထားခဲ့တာပင်။
ဝမ်ကျင့်ဖျင်က တံခါးပေါက်ကို တွန်းဖွင့်လိုက်ရုံပဲရှိသေး ၊ တင်းကြွယ်စစ်က သတိဝင်လာကာ သူမဆီ အမြန် ပြေးသွားပြီး ဆံပင်ဆွဲ၍ အိမ်ထဲကို ပြန်ဆွဲခေါ်လာခဲ့သည်။
တံခါးဝကနေ ခြေတစ်လှမ်းထွက်ရုံသာ ရှိသေးချိန်မှာ ဆံပင်ကို ဆောင့်ဆွဲ၍ ဆွဲခေါ်ခံလိုက်ရသော ဝမ်ကျင့်ဖျင်လည်း နာကျင်လွန်း၍ အော်ငိုမိတော့မလို ဖြစ်သွားသည်။
သူမကို အိမ်ထဲ ပြန်ဆွဲခေါ်သွားဖို့ လုပ်နေတာကို မြင်တော့ သံတံခါးကို လက်နှစ်ဖက်ဖြင့် အမြန် ဆုပ်ကိုင်ပြီး ရုန်းကန်အော်ဟစ်လိုက်သည်။ “ ကယ်ကြပါဦးရှင် … ဒီမှာ လူသတ်နေပါတယ် … ကယ်ကြပါဦး … ကျွန်မကို ကယ်ကြပါဦး … ”
ဝမ်ကျင့်ဖျင် ငှားရမ်းထားတဲ့ တိုက်ခန်းက အတော်လေး ဝေးလံခေါင်ဖျားပြီး ရိုးစင်းသည်။ အသံကာကွယ်မှုစနစ်ကလည်း မကောင်းတာမို့ တစ်အိမ်ရဲ့ အီးပေါက်သံကို ဘေးအိမ်က ကြားရသည်ဟု ပြောလျှင်တောင် လွန်ရာမကျပါ။
အခု သူမရဲ့ အော်သံက စူးစူးဝါးဝါး ထွက်ပေါ်လာတာကြောင့် အဆောက်အဦထဲက လူတိုင်းနီးပါး သူမရဲ့ အော်သံကို ကြားနိုင်ကာ ခဏကြာတော့ အံ့ဩစူးစမ်း စိတ်ဝင်စားနေသော အိမ်ငှားတွေ အကုန်လုံး တစ်ယောက်ပြီး တစ်ယောက် ထွက်လာပြီး သူမတို့ ရှိနေတဲ့ တိုက်ခန်းဘက်ကို လှမ်းကြည့်နေကြသည်။
ဝမ်ကျင့်ဖျင်က ထိုမြင်ကွင်းကို မြင်တော့ မျက်လုံးတွေ အရောင်တောက်သွားပြီး ပိုလို့တောင် ကျယ်လောင်သော အသံဖြင့် အော်ဟစ်ခဲ့သည်။
“ ကယ်ကြပါဦးရှင် … ကယ်ကြပါဦး … ဒီလူက ကျွန်မကို သတ်ချင်နေပါတယ် … ဒီလူက ကျွန်မကို အန္တရာယ်ပေးဖို့ လုပ်နေပါတယ်။ ”
“ မင်း ဘာပေါက်ကရ စကားတွေ လျှောက်ပြောနေတာလဲ။ ” ဒေါသကြောင့် တင်းကြွယ်စစ်ရဲ့ မျက်နှာက ခဲပြာရောင်သမ်းသွားခဲ့ပြီး သူတို့နှစ်ယောက်ကို မလှမ်းမကမ်းကနေ ကြည့်ကာ ဝမ်ကျင့်ဖျင်ကို လာကူညီဖို့ စိတ်အားထက်သန်နေသော အမျိုးသား အနည်းငယ်ကို အေးစက်စက် ပြောလိုက်သည်။ “ ကိစ္စတချို့ရှိလို့ ကျုပ်ကောင်မလေးက ကျုပ်နဲ့ စကားများနေတာ။ ကျေးဇူးပြုပြီး ကိုယ့်အလုပ် မဟုတ်ရင် ဝင်မရှုပ်ကြပါနဲ့။ ”
ဝမ်ကျင့်ဖျင် ငိုနေတာကို ကြည့်ပြီး ဒုက္ခရောက်နေသူကို ကယ်တင်ပေးချင်နေတဲ့ အမျိုးသား အနည်းငယ်က ထိုစကားကို ကြားတော့ ခြေလှမ်းရပ်သွားကာ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ရှေ့ဆက်တိုးမလာတော့ပေ။
ဝမ်ကျင့်ဖျင်က အဲ့ဒါကို မြင်တော့ ပိုလို့တောင် ပြာယာခတ်သွားသည်။ “ မဟုတ်ဘူး … သူ့စကားကို နားမထောင်ကြပါနဲ့ရှင်။ ကျွန်မက သူ့ချစ်သူ မဟုတ်ပါဘူး။ သူ လိမ်နေတာပါ။ သူက ကျွန်မကို အတင်းအကြပ် မုဒိန်းကျင့်ဖို့ ကြိုးစားနေတာပါ။ ရှင်တို့ ဒီတိုင်း လက်ပိုက်ရပ်ကြည့်မနေကြပါနဲ့။ ကျွန်မကို ကယ်ပါ … ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပေးပါ။ ”