← Chapters

အခန်း ၁၀၇၃

Vol. 72 Ch. 1073

အခန်း ၁၀၇၃

Vol. 72 Ch. 1073

အခန်း ( ၁၀၇၃ ) သရုပ်မှန်များ ပေါ်ထွက်လာခြင်း။

ဝမ်ကျင့်ဖျင်ရဲ့ အသွင်အပြင်က အရမ်း သနားစရာကောင်းတာကြောင့်လား ၊ သူမရဲ့ ငိုသံက အရမ်း စူးရှတာကြောင့်လား မပြောတတ်ပါ။ လူတွေက အားနည်းသူအပေါ် ကရုဏာသက်ဖို့ လွယ်ကူသည်။ အစတုန်းက သူတို့က ဒီကိစ္စဟာ လူငယ်စုံတွဲလေးကြားက ပြဿနာဖြစ်၍ ဝင်စွက်ဖက်ဖို့ အဆင်မပြေဘူးဟု ထင်ခဲ့သော်လည်း ဝမ်ကျင့်ဖျင်ရဲ့ ငိုသံကို ကြားသောအခါ ကရုဏာမသက်မိဘဲ မနေနိုင်တော့ပေ။

“ အဲ့လူက လိမ်နေတာရော မဖြစ်နိုင်ဘူးလား။ သမီးရည်းစားနှစ်ယောက်ကြားက ဆက်ဆံရေးက ဘယ်လိုလုပ် အဲ့လို ပုံစံမျိုး ဖြစ်နိုင်မှာလဲ။ ”

“ အဲ့ဒါက အရေးမကြီးဘူး။ မင်းက စိတ်အေးချမ်းတဲ့ လူဆိုတော့ ဒေါသကြီးတဲ့ လူတစ်ယောက်က ဘယ်လောက်တောင် ကြမ်းတမ်းရမ်းကားနိုင်လဲ ဆိုတာ မသိဘူး။ အရင်တုန်းက ငါ့မိသားစုရဲ့ သူငယ်ချင်းတစ်ယောက်ကလည်း အဲ့လိုပဲ။ သူက အိမ်မှာဆို သောင်းကျန်းပြီး အပြင်မှာ တခြားလူတွေနဲ့ကျ ပြုံးပြုံးရယ်ရယ် ကပ်ဖားရပ်ဖားနဲ့။ သူ အိမ်ပြန်ရောက်လာရင်တော့ သူ့မိန်းမရဲ့ ခန္ဓာကိုယ်ကို နေရာလွတ်မကျန် ရိုက်နှက်တော့တာပဲ။ အရမ်း ဆိုးဝါးတယ်။ ”

“ ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်။ ငါ့မှာလည်း အဲ့လိုမျိုး တစ်ပုံစံတည်းတူတဲ့ အိမ်ထောင်သည် သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူက လောင်းကစားလုပ်ဖို့က လွဲပြီး ဘာမှ မသိဘူး။ အပြင်မှာ တစ်ခုခု အဆင်မပြေတာ ရှိတိုင်း အိမ်ပြန်ရောက်ရင် သူ့မိန်းမကို ရိုက်နှက်တာ။ အရမ်း ကြောက်စရာကောင်းတယ်။ ”

“ ဒါဆို သူတို့က တကယ်ပဲ သမီးရည်းစားတွေ ဖြစ်နိုင်တယ်ပေါ့။ ငါတို့ ဝင်မပါဘဲ သူတို့ဘာသာ လွှတ်ပေးထားလိုက်တာ မကောင်းဘူးလား။ ”

“ အဲ့လိုလည်း မဟုတ်သေးဘူးလေ။ သူတို့က သမီးရည်းစားတွေ ဆိုရင်တောင် ဒီလိုမျိုး ရန်ဖြစ်လို့ မရဘူး။ တစ်ယောက်ယောက် အသတ်ခံလိုက်ရရင် ဘယ်လို လုပ်မလဲ။ ငါ အခုလေးတင် ရဲခေါ်ပြီးပြီ။ သူတို့က တကယ်ပဲ သမီးရည်းစားတွေ ဆိုရင်တော့ ရဲတွေနဲ့ ကူညီဖြန်ဖြေပေးရမှာပေါ့။ အဲ့လို မဟုတ်ရင်တော့ ကောင်မလေးအတွက် အဲ့ဒီလူယုတ်မာကို ဝိုင်းဝန်းနှိမ်နှင်းပေးရမယ်။ ”

“ မင်းက အတွေးအခေါ်အကောင်းဆုံးပဲ။ ငါတို့ အဲ့လိုပဲ လုပ်သင့်တယ်။ ”

တင်းကြွယ်စစ်သည် သူ့ဘေးပတ်ပတ်လည်က လူတွေရဲ့ တီးတိုးစကားသံတွေကို နားထောင်ကာ မျက်နှာမည်းမှောင်သွားခဲ့သည်။ မကောင်းတာ တစ်ခုခု ဖြစ်ပျက်တော့မည်ဟု ခံစားလိုက်ရသောကြောင့် ဘာကိုမှ ဂရုမစိုက်တော့ဘဲ ဝမ်ကျင့်ဖျင်ကို ပို၍ ကြမ်းတမ်းစွာ အိမ်ထဲ ‌ဆွဲခေါ်လာခဲ့လိုက်သည်။

သူ မသိခဲ့တာကတော့ လူတိုင်း မြင်နိုင်တဲ့ သူ့ရဲ့ ဒီအပြုအမူက သူဟာ အပြစ်ကျူးလွန်နေကြောင်း ဖော်ပြပေးလိုက်တယ် ဆိုတာပါပဲ။ သူက ရဲတွေ မရောက်လာသေးခင်မှာ သက်သေတွေကို ဖျက်ဆီးပစ်ချင်နေတာ ဖြစ်သည်။

“ မင်း ဘာလုပ်နေတာလဲ … ကောင်မလေးကို လွှတ်လိုက်စမ်း။ ” ခုနကတည်းက ဝမ်ကျင့်ဖျင်ကို ကူညီပေးချင်နေသော အမျိုးသားတွေက ဆက်ရပ်ကြည့်မနေနိုင်တော့ဘဲ သူမကို ကယ်တင်ဖို့အတွက် ရှေ့တိုးလာခဲ့ကြသည်။

ထိုလူတွေ ချဉ်းကပ်လာတာကို မြင်တော့ တင်းကြွယ်စစ်ရဲ့ မျက်လုံးတွေက နီရဲသွားကာ ရုတ်တရက်ပဲ ဝမ်ကျင့်ဖျင်ရဲ့ ခေါင်းကို ဆုပ်ကိုင်၍ တံခါးနှင့် ရိုက်ချပစ်လိုက်လေသည်။

သူ့အမြင်မှာ ထိုလူတွေက ဝမ်ကျင့်ဖျင်ရဲ့ သနားကမား အသွင်အပြင်အောက်မှာ ဖြားယောင်းခံလိုက်ရတာမို့ သူမက အဓိက လက်သည်တရားခံပဲ ဖြစ်သည်။

ဝမ်ကျင့်ဖျင်က သူ့ကို အဲ့ဒီလောက် ရက်စက်လိမ့်မည်ဟု မျှော်လင့်မထားပါ။ ပြီးတော့ တံခါးကိုသာ မြဲနေအောင် ဖက်တွယ်ထားတဲ့ သူမမှာ သူ့ကို ပြန်လည်တိုက်ခိုက်ဖို့ အင်အားလည်း မရှိ။

ထိုကဲ့သို့ ရိုက်နှက်ခံပြီးနောက် သူမရဲ့ ခေါင်းတစ်ခုလုံး ချာချာလည်သွားကာ ချက်ချင်းပဲ သတိမေ့ လဲကျတော့မလို ဖြစ်သွားခဲ့သည်။ သံတံခါးကို ဆုပ်ကိုင်ထားတဲ့ သူမရဲ့ လက်တွေကလည်း ပြေလျော့သွားသည်။

ကံကောင်းထောက်စွာဖြင့် ထိုအချိန်မှာပဲ အမျိုးသား တချို့က ပြေးလာပြီး တင်းကြွယ်စစ်ကို ဝိုင်းဆွဲထားခဲ့ကြသည်။ ဝမ်ကျင့်ဖျင်က မူးဝေနေပေမဲ့ သူ ဆွဲခေါ်သွားတာ မခံခဲ့ရပါ။ သနားကြင်နာစိတ်ရှိသော အမျိုးသမီး တချို့က သူမကို လာရောက်ကူညီပြီး တွဲထူပေးခဲ့ကြသည်။

တင်းကြွယ်စစ်က သေမယ့် အချိန်ကို ဒီအတိုင်း ထိုင်စောင့်မနေချင်တာ သိသာထင်ရှားသည်။ အမျိုးသမီး တချို့က ဝမ်ကျင့်ဖျင်ကို တွဲကူခေါ်ထုတ်သွားတာကို မြင်တော့ သူမနောက်ကို ပြေးလိုက်သွားပြီး ပြန်ဆွဲခေါ်ဖို့ ကြိုးစားလိုက်သည်။ သူ့ရုန်းကန်မှုက သန်မာလွန်း၍ သူ့ကို ချုပ်ထားသော အမျိုးသားတွေပင် လွတ်ထွက်သွားတော့မလို ရှိသည်။

မူးဝေနေရာက ပြန်လည်သက်သာလာသော ဝမ်ကျင့်ဖျင်သည် တင်းကြွယ်စစ်ရဲ့ သူမကို သတ်ချင်နေသကဲ့သို့ ကြောက်မက်ဖွယ် အကြည့်နှင့် ရင်ဆိုင်လိုက်ရကာ ခန္ဓာ‌ကိုယ်လေးကို ကြောက်လန့်တကြား ကျုံ့ထားလိုက်မိသည်။

သနားစရာ ထိုပုံစံလေးက သူမကို ဝိုင်းရံထားသော လူတွေရဲ့ ကရုဏာစိတ်ကို ချူယူသွားသော်လည်း လူတချို့ကတော့ သူမရဲ့ သနားစရာ ပုံစံလေးကို ဒီတိုင်း ထိုင်ကြည့်မနေဘဲ သူတို့အချင်းချင်း စုဝေးကာ ဝမ်ကျင့်ဖျင်နှင့် တင်းကြွယ်စစ်ရဲ့ သရုပ်မှန်အကြောင်း တီးတိုး ဆွေးနွေးခဲ့ကြသည်။

“ အဲ့နှစ်ယောက်ကို ရင်းနှီးနေသလိုပဲလို့ ဘာလို့ ခံစားရတာပါလိမ့်။ ငါ သူတို့ကို တစ်နေ‌ရာရာမှာ အရင်တုန်းက မြင်ဖူးတယ် ထင်တယ်။ ”

“ နင် အဲ့လို ပြောတော့မှ ငါလည်း သူတို့ကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ ခံစားရတယ်။ သူတို့က နာမည်ကြီး အနုပညာရှင်တွေများလား။ ”

“ အနုပညာရှင်တွေ … ဟုတ်လား … ”

“ အာ … သူတို့ကို ဘယ်သူမှန်း ငါ မှတ်မိပြီ။ ဟိုတလောတုန်းက ထုတ်လုပ်ရေးအဖွဲ့ထဲမှာ မယားငယ်နဲ့ ဖောက်ပြန်တဲ့ ရုပ်ရှင်မင်းသားတစ်ယောက်ရဲ့ သတင်းက ဟိုးလေးတကြော်ကြော် ဖြစ်သွားသေးတယ်။ ”

အခြားတစ်ဖက်က ဝမ်ကျင့်ဖျင်နှင့် တင်းကြွယ်စစ်က ထိုစကားကို ကြားသောအခါ နှစ်ယောက်လုံး အေးခဲသွားကြသည်။

All Chapters