အခန်း ၁၀၇၄
Vol. 72 Ch. 1074
အခန်း ( ၁၀၇၄ ) အမှိုက်ကောင်နဲ့ မယားငယ်။
တင်းကြွယ်စစ်က အခုအချိန်မှာ အသိစိတ်မကပ်သော်လည်း အကျင့်တချို့ကို အလွယ်တကူ ပြောင်းလဲလို့ မရပါ။ သူ ဒီကို မလာခင်တုန်းက ရုပ်ဖျက်ထားခဲ့သော်လည်း ခုနတုန်းက ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက်မှာ ရုပ်ဖျက်ထားတာတွေလည်း ပျက်သွားခဲ့သည်။
ထို့ပြင် ဒီလို ချောင်ကျတဲ့ နေရာမှာ တစ်စုံတစ်ယောက်က သူ့ကို မှတ်မိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူ ခဏကြာသည်ထိ ပျော်ရမလား ၊ ငိုရမလား မသိတော့။
တစ်ခါတရံမှာ ကရုဏာစိတ်ကနေ စိတ်ပျက်ရွံရှာစိတ် ၊ မုန်းတီးစွန့်ပစ်စိတ်အဖြစ် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားနိုင်သည်။ တင်းကြွယ်စစ်ကို လူတွေ မှတ်မိသွားသည်နှင့် ဝေဖန်ရှုံ့ချမှု များစွာ ရရှိခဲ့သည်။
“ တကယ်ပဲ သူလား။ ခုနတုန်းက ငါ သူ့ကို အရမ်း ရင်းနှီးနေသလိုပဲလို့ ခံစားရတာ မထူးဆန်းဘူး။ ငါ့သမီးကတောင် သူ့ကြောင့် သူ့အသက်အရွယ်ရှိတဲ့ ယောက်ျားတွေအကြောင်း မကျေမနပ်ပြောခဲ့တယ်။ သူတို့အားလုံးက သစ္စာရှိသလိုလို ဘာလိုလိုနဲ့ နောက်ကွယ်မှာတော့ သစ္စာမရှိဘူးတဲ့။ ”
“ အဲ့ဒါ မဟုတ်လို့လား။ သူ့မိန်းမရဲ့ မိသားစုက အရမ်း ချမ်းသာတယ်လို့ ငါ သတင်းကြားတယ် ၊ သူ့မိန်းမက အရမ်းလည်း လှတယ်တဲ့။ သူ့အတွက် ကလေး နှစ်ယောက်တောင် မွေးပေးထားတယ်။ သားတစ်ယောက် ၊ သမီးတစ်ယောက်နဲ့ သာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးရှိတာတောင် သူက အပြင်မှာ ဖောက်ပြန်သေးတယ်။ ”
“ အဲ့လို ယောက်ျားမျိုးတွေကို အရမ်း ညံ့ဖျင်းတယ်လို့ မထင်ဘူးလား။ သူတို့က လှပထက်မြတ်တဲ့ မိန်းမတွေကို ရထားတယ် ၊ သားသမီးတွေကလည်း လိမ္မာတယ် ၊ မိသားစုဘဝကလည်း သာယာပြည့်စုံတယ်။ အဲ့ဒါနဲ့တောင် သူတို့က တခြား မိန်းမတွေနဲ့ ဘာလို့ ဖောက်ပြန်နေသေးတာလဲ။ ”
“ ဘယ်သူ သိမှာလဲ။ ယောက်ျားတစ်ယောက်က သူ့မိန်းမအပေါ် ဖောက်ပြန်ဖို့ အကြောင်းပြချက်တွေ အများကြီး ရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူက တည်ငြိမ်တဲ့ ပုံမှန်ဘဝမှာ အကြာကြီး နေလိုက်ရလို့ စိတ်လှုပ်ရှားစရာကောင်းတဲ့ တစ်ခုခုကို လုပ်ချင်နေတာ နေမှာပေါ့။ အိမ်မှာ ရှိတဲ့ မိန်းမက သူ့အတွက် ပျင်းစရာကောင်းလာလို့ အသစ်အဆန်း တစ်ခုခုကို မြည်းစမ်းကြည့်ချင်တာ နေမယ်။ မယားငယ်က လှပငယ်ရွယ်ပြီး သူ့မိန်းမရဲ့ စရိုက်သဘာဝနဲ့ လုံးဝ မတူရင် အကောင်းဆုံးပေါ့။ ”
“ လှပငယ်ရွယ်တယ်တဲ့လား … ။ နင် အဲ့ဒီအမျိုးသမီးကို မယားငယ်လို့ ထင်လား။ ”
သူတို့က စကားပြောနေရင်း ဝမ်ကျင့်ဖျင်ဆီသို့ ရှောင်လွှဲမရစွာ စကားလမ်းကြောင်းပြောင်းလာခဲ့လျှင် ဝမ်ကျင့်ဖျင်ရဲ့ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး နမိတ်မကောင်းသော ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ထင်ထားတဲ့အတိုင်းပဲ နောက်တစ်စက္ကန့်အကြာမှာ သူတို့က ဖုန်းတွေကို ကိုယ်စီ ထုတ်ပြီး သူမရှေ့မှာ အချက်အလက်တွေကို စတင် ရှာဖွေခဲ့ကြသည်။
ဝမ်ကျင့်ဖျင်က အနုပညာလောကထဲမှာ အသင့်အတင့် နာမည်ကြီးသော လူတစ်ယောက်ဟု သတ်မှတ်လို့ ရသည်။ သူမ အမျိုးသမီးဇာတ်လိုက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ခပ်ညံ့ညံ့ ဇာတ်လမ်းတွဲကိုလည်း ထုတ်လွှင့်ထားတာ မကြာသေး၍ သူမရဲ့ အချက်အလက်တွေကို ဘယ်သူမဆို အလွယ်တကူ ရှာနိုင်သည်။
“ သောက်ကျိုးနည်း … တကယ်ကြီး သူ ဖြစ်နေတာဟဲ့။ လတ်စသတ်တော့ သူက သူတစ်ပါးရဲ့ အိမ်ထောင်ရေးကို ဖျက်ဆီးတဲ့ မယားငယ်မ ဖြစ်နေတာပဲ။ ”
“ ငါ ကလေးကို ကစားဖို့ အပြင်ခေါ်သွားတဲ့ အချိန်တို့ ၊ ကုန်စိမ်းပစ္စည်းတွေ သွားဝယ်တဲ့ အချိန်တို့ဆို မျက်နှာကို Mask တပ်ထားပြီး သံသယဖြစ်စရာကောင်းတဲ့ အပြုအမူနဲ့ သူ့ကို အမြဲတမ်း တွေ့ရတတ်တာ အံ့ဩစရာမရှိဘူး။ တစ်ခါတလေ ကောင်မလေးတွေ သူ့အကြောင်း ငြင်းခုံပြီး သူ့ကို လက်ညိုးထိုးနေတာ တွေ့ရင် ငါက သူ့ကို သနားခဲ့တာ။ သူ တစ်ယောက်ယောက်အပေါ် အမှားလုပ်ထားလို့ အနိုင်ကျင့်ခံနေရတာလို့ ထင်ခဲ့မိတာ။ လတ်စသတ်တော့ သူက ရှက်စရာကောင်းတဲ့ ကိစ္စကို လုပ်ထားတာပဲ။ အဲ့လို လူမျိုးတွေက လူအရယ်ခံရဖို့ ထိုက်တန်တယ်။ ”
“ အိုး … သူက အိမ်ထောင်သည် ယောက်ျားတစ်ယောက်ကို မြှူဆွယ်ထားတာလေ။ အခုလည်း သနားစရာကောင်းတဲ့ ပုံစံဖမ်းပြီး အဲ့လူကို မသိပါဘူးလို့ လိမ်နေပြန်ပြီ။ ခွေးအချင်းချင်း ပြန်ကိုက်နေကြတာပဲ။ သူ့ကို သနားစိတ်ဝင်ခဲ့မိတာပဲ နှမြောတယ်။ ”
“ ဟုတ်ပါ့ … အရင်တုန်းကတော့ သူပဲ တခြား ယောက်ျားတွေကို ပရောပရီနဲ့ မြှူဆွယ်ခဲ့တာ။ အခုကျ ဟိုလူ့မှာ ပိုက်ဆံမရှိတော့ဘူး ဆိုတာ သိသွားလို့ ထင်တယ် … ဖြူစင်ရိုးသားတဲ့ ကောင်မလေးတစ်ယောက်လို ဟန်ဆောင်နေတာ။ ငါသာ စောစောစီးစီး သူ့အကြောင်း သိခဲ့ရင် ရဲကို ဖုန်းဆက်ပြီး ကူညီပေးခဲ့မှာ မဟုတ်ဘူး။ ”
ဝမ်ကျင့်ဖျင်သည် သူမဘေးပတ်လည်က လူတွေရဲ့ ဝေဖန်စကားသံတွေကို နားထောင်ရင်း စာရွက်ဖြူတစ်ရွက်ကဲ့သို့ မျက်နှာဖြူစုတ်သွားလေသည်။
သူမကို ပိုလို့တောင် ဆောက်တည်ရာမရ ဖြစ်စေတာကတော့ အစတုန်းက တင်းကြွယ်စစ်ကို လှုပ်ရှားလို့ မရအောင် ဖမ်းချုပ်ထားသူတွေက သူမတို့ရဲ့ သရုပ်မှန်တွေကို သိပြီးနောက်မှာ ဘာဆက်လုပ်ရမှန်းမသိ ဇဝေဇဝါဖြစ်သွားတာပါပဲ။
သူတို့ကိုယ်သူတို့ အားနည်းသူကို တရားမျှတစွာ ကူညီပေးနေသည်ဟု ထင်ခဲ့မိပေမဲ့ ဒီအမျိုးသမီးကလည်း လူကောင်း ဟုတ်မနေပါ။ ပိုဆိုးတာကတော့ သူမက သူတစ်ပါးရဲ့ မိသားစုဘဝကို ဖျက်ဆီးခဲ့တဲ့ မယားငယ်တစ်ယောက် ဖြစ်နေခြင်းပဲ ဖြစ်သည်။
သူတို့ဟာ ဇနီးသည်တွေရဲ့ နဂါးမျက်စောင်းတွေကို ခေါင်းမော့ကြည့်စရာတောင် မလိုဘဲ ခံစားနေရသည်။ ဘာလုပ်ရင် ကောင်းမလဲ … ။ သူမကို ဆက်ကူညီပေးရမလား ၊ အခြေအနေကို ဒီအတိုင်း မျက်ကွယ်ပြုထားလိုက်ရမလား … ။
ဒီအတိုင်း မျက်ကွယ်ပြုထားလိုက်လျှင် သူတို့ကိုယ်သူတို့ လိပ်ပြာမလုံ ဖြစ်ရလိမ့်မည်။ ဒါပေမဲ့ သူမကို ဆက်ကူညီပေးလျှင်လည်း သူမကို သဘောကျနေတာလား ဆိုပြီး သူတို့ရဲ့ မိန်းမတွေက သေချာပေါက် မေးခွန်းထုတ်လိမ့်မည်။ နောက်ထပ် မိသားစုတိုက်ပွဲကို ရင်ဆိုင်ရမှာ မလွဲဧကန်ပင်။