← Chapters

အခန်း ၁၀၇၆

Vol. 72 Ch. 1076

အခန်း ၁၀၇၆

Vol. 72 Ch. 1076

အခန်း ( ၁၀၇၆ ) ရှင် စိတ်ပူနေတာလား။

အခြေအနေတွေ ပြောင်းပြန်လှန်သွားပြီး ကံကြမ္မာက ဝမ်ကျင့်ဖျင်အား သို့ထျန်းယီထံ ပြန်လည် တွန်းပို့ပေးလိမ့်မည်ဟု စုယန်ယန် ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။

ဆေးဖက်ဝင်ဟင်းလျာ စားသောက်ဆိုင်မှာ ရောင်းချတဲ့ အမာရွတ်ပျောက်လိမ်းဆေးက အနုပညာလောကထဲမှာ နာမည်ကြီးလာပြီးနောက်ပိုင်း သူတို့နှင့် အကျိုးတူ ပူပေါင်းချင်သော ရင်းနှီးမြုပ်နှံသူတွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့သည်။

ထို့ပြင် စားသောက်ဆိုင်ပိုင်ရှင်ကို ဖော်ထုတ်ချင်တဲ့ မတူညီသော ရည်ရွယ်ချက်နှင့် လူတွေလည်း တဖြည်းဖြည်း ပိုများလာခဲ့သည်။

ယုကျစ်ယန်နှင့် တခြားလူတွေကြောင့်သာ မဟုတ်ရင် စုယန်ယန်ရဲ့ သရုပ်မှန်ကို ထုတ်ဖော်ခံရပြီးတာ ကြာလှပါပြီ။

ဟောက်ချန်ဟွမ်းက ထိုအကြောင်းကို စုယန်ယန် မသိအောင် ဖုံးကွယ်မထားတာမို့ စုယန်ယန် သိသွားသောအခါ သူမရဲ့ စိတ်ထဲမှာ ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ “ လူတွေ ဘာလို့ ရုတ်တရက် ဒီလောက် များလာတာလဲ။ ”

“ မင်း ကုသပေးဖူးတဲ့ လူနာတွေ ဖြစ်မှာပေါ့။ ”

“ ကျွန်မ ကုသပေးဖူးတဲ့ လူနာတွေ … ဟုတ်လား … ” စုယန်ယန်သည် ‌အံ့ဩသွားပြီးမှ သူမ အရင်တုန်းက ကုသပေးခဲ့တဲ့ လူနာတွေဟာ သတင်းကောင်းတွေကို တစ်ယောက်ပြီး တစ်ယောက် မျှဝေပေးခဲ့တာကို သတိရသွား၏။

နျဉ်ချီလွေ့က အပြည့်အဝ ပျောက်ကင်းသက်သာသွားပြီ ဖြစ်ကာ ပြီးခဲ့တဲ့ နှစ်ဝက်အတွင်း ရသစုံအစီအစဉ်တွေမှာရော ၊ ဇာတ်လမ်းတွဲတွေမှာရော ပါဝင်ခဲ့သည်။ သူ ရရှိခဲ့တဲ့ ပရောဂျက်တွေက ကောင်းမွန်လှပါသည်။

သူမရဲ့ ဦးလေးနှင့် ဒေါ်လေး မိတ်ဆက်ပေးခဲ့တဲ့ ကလေးမရသေးသော အသက်ကြီးကြီး စုံတွဲကလည်း အချိန်တချို့ကြာအောင် အားဖြည့်ပြီးနောက်မှာတော့ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ကလေးရခဲ့သည်။

အမျိုးသမီးက ကိုယ်ဝန်ဆောင်ချိန်အတွင်း အများကြီး ပင်ပန်းဆင်းရဲခဲ့မှာ သေချာသော်လည်း နောက်ဆုံးရလဒ်က ပင်ပန်းရကျိုးနပ်သည်။

လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက သူတို့ရဲ့ ကလေးမွေးဖွားခဲ့ပြီး အခုတော့ မိသားစုသုံးယောက်ဟာ ရိုးရှင်းသော်လည်း နွေးထွေးသော မိသားစုဘဝလေးကို မွေးရပ်မြေမှာ နေထိုင်ဖြတ်သန်းနေကြသည်။

ပြီးတော့ ကျန်းချင်းယွင်နှင့် မြေးဖြစ်သူကို ခေါ်လာပြီး ဟောက်ချန်ဟွမ်းအား ဟောက်ကော်ပိုရေးရှင်းကို ဟောက်ချီဟန်ရဲ့ လက်ထဲကနေ ပြန်လည်ရယူနိုင်အောင် ကူညီပေးခဲ့တဲ့ အဘိုးကျန်းကလည်း နောက်ဆုံးမှာ ဖြောင့်တန်းတည့်မတ်စွာ လမ်းလျှောက်နိုင်ပြီ ဖြစ်ကာ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းကပင် သူမတို့ဆီ လူကိုယ်တိုင် လာလည်ခဲ့သည်။

စိတ်ဝေဒနာကနေ သက်သာသွားပြီး ပျော်ရွှင်တက်ကြွကာ အလွန် စေတနာထက်သန်သော အဘိုးကျန်းက ရှားပါး ရှေးဟောင်းပစ္စည်းတွေနှင့် ‌ဈေးကြီးသော လက်ဆောင်တွေကို ယူလာခဲ့သည်။

စုယန်ယန်က ထိုလက်ဆောင်တွေကို ယူရမှာ အားနာမိသော်လည်း မယူလျှင် အဘိုးကျန်းက သူမကို စိတ်ဆိုးမှာမို့ နောက်ဆုံးမှာ လက်ခံယူလိုက်ရပြီး သူ အားရှိစေရန် အိမ်မှာ ကိုယ့်ဘာသာ ကျိုသောက်ဖို့ ဆေးပင်အထုပ် အနည်းငယ်ကိုသာ ပြန်ပေးလိုက်သည်။

ဒီတစ်ခေါက် လီအန်းနန်ရဲ့ မီးလောင်ဒဏ်ရာတွေကို ကုသပေးတဲ့ ကိစ္စလည်း ရှိလာသည်။

“ လူတွေက သေရမှာကို ကြောက်တယ်။ ချမ်းသာလေ ၊ ပိုင်ဆိုင်မှုတွေ များလွန်းတဲ့အတွက် သေရမှာကို ကြောက်လေပဲ။ ”

ဆန့်ကျင်ဘက်အနေဖြင့် အစာကွင်းဆက်အောက်ဆုံးမှာ ရှိနေပြီး အကြွေးတွေ အများကြီးကို တောင့်ခံနေရတဲ့ လူတွေအတွက်တော့ သေဆုံးခြင်းက သူတို့အတွက် ငြိမ်းချမ်းသော ထွက်ပေါက် ဖြစ်သည်။

“ လူတစ်ယောက်မှာ ပိုင်ဆိုင်မှုတွေ အများကြီး ရှိလာတာနဲ့ သေဖို့ တွန့်ဆုတ်သွားကြတယ်။ ”

သူလည်း ဘဝမှာ ဆုံးရှုံးမှုတွေ များလွန်းလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ တွေးခဲ့ဖူးသည်။ ဒါပေမဲ့ သူ မရနိုင်သော အရာကို လက်ဝယ်ပိုင်ဆိုင်ပြီးနောက်မှာ တည်ငြိမ်ပျော်ရွှင်သော ဘဝ‌ကို ရလာခဲ့ပြီး ‘ သေဆုံးခြင်း ’ ဆိုတဲ့ စကားလုံးက သူ့အနာဂတ် အစီအစဉ်တွေထဲမှာ ပေါ်မလာတော့ပါ။

“ ဒါပေမဲ့ ကံကြမ္မာက တချို့နေရာတွေမှာတော့ လူတိုင်းအပေါ် တရားမျှတမှုရှိပါတယ်။ ပိုက်ဆံချမ်းသာတဲ့ လူကို မသေမျိုးဖြစ်အောင် လုပ်မပေးသလို ဆင်းရဲမွဲတေနေတဲ့ လူကိုလည်း ‌ရုတ်တရက် သေသွားအောင် မလုပ်ဘူး။ ဘဝရဲ့ အလှတရားကို မျက်မြင်တွေ့ပြီးတဲ့နောက် တချို့လူတွေက ကံကြမ္မာကို အဲ့လိုမျိုး အညံ့မချင်ကြတော့တာပါ … ”

စည်းစိမ်ဥစ္စာတွေကို အတိုင်းအတာတစ်ခုထိ ပိုင်ဆိုင်ပြီးချိန်မှာ လူတွေရဲ့ ဦးစားပေးအရာတွေက ပြောင်းလဲသွားပြီး ကျန်းမာရေးနှင့် တည်တံ့ခိုင်မြဲခြင်းကဲ့သို့ တခြား အရာတွေကို စတင် ဦးစားပေးလာကြလေ့ရှိသည်။ သို့သော်လည်း များသောအားဖြင့် ထိုအရာတွေကို ပိုက်ဆံ ဘယ်လောက် ပုံပေး,ပေး ဝယ်လို့ မရပါ။

သေမင်းက လူတစ်ယောက်ကို သန်းခေါင်ယံအချိန်မှာ သေစေချင်လျှင် ထိုလူက သန်းခေါင်ယံကို ကျော်လွန်၍ အသက်ရှင်နိုင်မှာ မဟုတ်။ ဘယ်လောက် ချမ်းသာကြွယ်ဝတဲ့ လူပဲဖြစ်ဖြစ် သေမင်းရဲ့ မျက်စိရှေ့မှောက်မှာတော့ ထိုချမ်းသာကြွယ်ဝမှုတွေက တစ်ရက် ၊ တစ်နာရီစာ ပိုအသက်ရှင်ခွင့်ရဖို့တောင် မဝယ်ယူနိုင်ပေ … ။

ထိုအချိန်မှာ သေမင်းရဲ့ လက်ထဲကနေ သူတို့အသက်ကို ကူညီခိုးယူပေးနိုင်သူက လူတိုင်းရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်တာ သဘာဝပင်။

စုယန်ယန်က ဟောက်ချန်ဟွမ်းနှင့် အကြည့်ချင်းဆုံသောအခါ သူ့အတွေးတွေကို ချက်ချင်း ဖောက်မြင်လိုက်သည်။ “ ရှင် ကျွန်မကို စိတ်ပူနေတာလား။ ”

All Chapters