အခန်း ၁၀၇၈
Vol. 72 Ch. 1078
အခန်း ( ၁၀၇၈ ) ပစ္စည်းကိရိယာ။
“ ဟုတ်ပါတယ်။ ” စုယန်ယန်က အပြုံးလေးဖြင့် ခေါင်းညိတ်ထောက်ခံလိုက်သောအခါ ဟောက်ချန်ဟွမ်းရဲ့ စကားသံကို ထပ်ကြားရသည်။
“ အရမ်း ထင်းထွက်နေတဲ့ လက်ဆောင်မျိုး ပေးတာလည်း သိပ်မသင့်တော်ဘူး။ မင်းအဖေနဲ့ အစ်ကိုက ကိုယ့်ကို သူတို့ကို ကျော်ဖို့ ကြိုးစားနေတယ်တို့ ၊ အရိပ်အကဲမသိဘူးတို့ ထင်သွားရင် အဆင်မပြေဘူးလေ။ အဲ့လိုဆို အကောင်းထက် အဆိုးက ပိုများသွားလိမ့်မယ်။ ”
စုယန်ယန်က လည်ချောင်းနင်သွားသလို ခံစားရသော်လည်း အလျင်အမြန်ပဲ စိတ်တည်ငြိမ်သွားကာ နှာခေါင်းရှုံ့လိုက်သည်။ “ ဒါဆို ရှင် ကျွန်မကို အကူအညီတောင်းလည်း အသုံးဝင်မှာ မဟုတ်ဘူး။ အမေ့အကြောင်းကို ကျွန်မ သိသလို အဖေနဲ့ အစ်ကိုလည သိတယ်။ သူတို့က ရှင် တွေးမိတဲ့ လက်ဆောင်မှန်သမျှကို တွေးမိပြီးလောက်ပြီ။ ရှင့်ကို အမေ့ကို မျက်နှာလုပ်ဖို့ အခွင့်အရေး နည်းနည်းလေးမှ ပေးမှာ မဟုတ်ဘူး။ ရှင် တခြားနည်းလမ်း စဉ်းစားထားတာ ပိုကောင်းမယ်။ ”
“ မင်း ပြောတာလည်း ဟုတ်တယ်။ မလွယ်ဘူးပဲ။ ”
စုယန်ယန်က ဟောက်ချန်ဟွမ်း အမှန်တကယ် စိတ်ရှုပ်ထွေးသွားတာကို ကြည့်ပြီး မျက်လုံးလှိမ့်ကာ ခပ်တိုးတိုး ရယ်လိုက်သည်။ “ ရှင် သူ့ကို ပေးနိုင်တဲ့ လက်ဆောင်တစ်ခုတော့ ရှိတယ်။ အဲ့လက်ဆောင်ကို အမေ ကြိုက်မှာ သေချာတယ်။ ”
“ ဘာလက်ဆောင်လဲ။ ”
“ အမေက ကြယ်လေးကို အရမ်း ချစ်တယ်လေ။ သူက အရမ်း ကလေးချစ်တယ်။ သူ့အတွက် နောက်ထပ် မြေးလေးတစ်ယောက် မွေးပေးရအောင်။ သူ အဲ့လက်ဆောင်ကို သေချာပေါက် သဘောကျလိမ့်မယ်။ ”
ဟောက်ချန်ဟွမ်းက ဆွံ့အသွားကာ စုယန်ယန်ကို စိုက်ကြည့်ပြီး အဓိပွာယ်ပါပါ မေးလိုက်သည်။ “ မင်း ကိုယ့်ရင်သွေးကို အရမ်း လိုချင်နေတာလား။ ”
စုယန်ယန်က မျက်နှာလေးရဲသွားပြီး “ ကျွန်မက ရှင့်အတွက် လုပ်ပေးချင်တာ မဟုတ်ပါဘူး။ ကြယ်လေး တစ်ယောက်တည်း အထီးကျန်နေမှာ စိုးလို့ သူ့အတွက် အဖော်ရအောင် နောက်တစ်ယောက် ထပ်မွေးပေးချင်တာ။ ” ဟု စိတ်ဆိုးသလို ပြောလိုက်သည်။
စုယန်ယန်က သူ့ကို စနောက်ချင်လို့ ထိုစကား ပြောတာဖြစ်ကြောင်း ဟောက်ချန်ဟွမ်း သိသော်လည်း မနာလိုစိတ်ကို ထိန်းချုပ်မရပေ။ “ ကြည့်ရတာ ကိုယ်က ပစ္စည်းကိရိယာပဲ ထင်တယ်။ ”
စုယန်ယန်သည် တစ်ယောက်သောသူရဲ့ လေသံထဲက မနာလိုစိတ်ကို ချက်ချင်း သတိထားမိသွားကာ မျက်နှာရဲရဲလေးဖြင့် မပွင့်တပွင့် ပြောလိုက်သည်။ “ ပစ္စည်းကိရိယာ ဖြစ်တော့ရော ဘာဖြစ်လို့လဲ။ ရှင်က ကျွန်မရဲ့ ပစ္စည်းကိရိယာ မဖြစ်ချင်ဘူးလား။ ”
စုယန်ယန်သည် ထိုသို့ ပြောပြီးသည်နှင့် သူမရဲ့ ခန္ဓာကိုယ်လေး မြှောက်တက်သွားသောကြောင့် ဟောက်ချန်ဟွမ်းရဲ့ လည်ပင်းကို ကြောက်လန့်တကြား ဖက်တွယ်လိုက်မိသည်။
“ ရှင် ဘာလုပ်တာလဲ။ ”
“ မင်းရဲ့ ပစ္စည်းကိရိယာဖြစ်ရတာ ကျေနပ်ကြောင်း အလုပ်နဲ့ သက်သေပြမလို့လေ။ ”
ဟောက်ချန်ဟွမ်းက ထိုစကားအဆုံးမှာ စုယန်ယန်ကို အိမ်ထဲသို့ ပျော်ရွှင်စွာ ပွေ့ချီသွားခဲ့ပြီး ညစာစားချိန်ထိ ပြန်ထွက်မလာတော့ပေ။
ချန်ရှို့ချင်ရဲ့ မွေးနေ့ကို ရောက်တော့ စုယန်ယန်က မနက်အစောကြီးကတည်းက နိုးနေပြီး ကြယ်လေးကို မွှေးပွပန်ဒါဝတ်စုံလေးအား သူမကိုယ်တိုင် ဝတ်ပေးထားသလို ဘွားဘွားဟု ခေါ်တတ်အောင်လည်း သင်ပေးနေခဲ့သည်။
“ ဘွားဘွား … ၊ မေမေနဲ့ အတူတူ လိုက်ပြောကြည့်ပါဦး … ဘွားဘွားလို့ … ”
“ ရေး … ”
ကြယ်လေးက လူတွေကို နာမည်ခေါ်တတ်နေပြီ ဖြစ်သော်လည်း သူ ခေါ်တဲ့ နာမည် အများစုက ‘ မေမေနဲ့ ဖေဖေ ’ တို့လို ပြောင်းလဲဖော်ပြထားတဲ့ စကားလုံးတွေမို့ ‘ ဘွားဘွား ’ ဆိုတဲ့ စကားလုံးက သူ့အတွက် အနည်းငယ် ခက်နေသေးသည်။
ပုံမှန်အားဖြင့် သူ့အမေကို အရမ်း နားညီးတယ်လို့ ကြယ်လေး ခံစားရလေ့မရှိပါ။ စုယန်ယန်က ထိုနာမည်ကို သုံး ၊ လေးကြိမ်လောက် ရွတ်ပြနေခဲ့ပြီး သူကလည်း လိုက်ရွတ်ရသည်။
‘ ဘွားဘွား ’ ဆိုတဲ့ မပီကလာပီကလာ အသံလေးနှင့် ပန်ဒါဝတ်စုံလေးကို ပေါင်းစပ်လိုက်သောအခါ သူက အမှန်တကယ်ပင် ချစ်စရာကောင်းသွားသည်။
ကံကောင်းထောက်မစွာဖြင့် စုယန်ယန် ကြိုးစားရကျိုးနပ်သွားပါသည်။ နှစ်ယောက်သား ကားနောက်ခန်းထဲမှာ အကြာကြီး လေ့ကျင့်ပြီးနောက်မှာ ကြယ်လေးက ထိုနာမည်ကို ပီပီသသ ခေါ်နိုင်သွားခဲ့သည်။
ပျော်ရွှင်သွားတဲ့ စုယန်ယန်က ကြယ်လေးကို ပွေ့ချီပြီး အားပါးတရ နမ်းရှိုက်လိုက်တော့ သူလေးဆီက တခစ်ခစ်ရယ်သံ ထွက်လာသည်။
“ ကြယ်လေးက တော်လိုက်တာ။ ဘွားဘွားနဲ့ တွေ့ရင် အဲ့လို ခေါ်ဖို့ မမေ့နဲ့နော်။ ဘွားဘွားက သူ့ကို အဲ့လို ခေါ်တာ ကြားရင် အရမ်း ပျော်သွားမှာ။ ”
ဟောက်ချန်ဟွမ်းက ပြုံးရယ်နေသော ဇနီးနှင့် သားကို ကြည့်ကာ သားဖြစ်သူရဲ့ ပါးဖောင်းဖောင်းလေးတွေကို လှမ်းဖျစ်လိုက်သည်။ နှုတ်ခမ်းလေး စူထွက်လာပြီး သနားစရာ ချစ်စရာကောင်းသော ပုံစံလေးပေါက်တဲ့ထိ ဖျစ်ညှစ်ပစ်လိုက်ခြင်း ဖြစ်သည်။
“ အဲ့ဒါလေးကို ခေါ်တတ်ဖို့ အကြာကြီး သင်လိုက်ရတာပဲ။ မင်းက တုံးလိုက်တာ။ ” ဟောက်ချန်ဟွမ်းသည် သားဖြစ်သူရဲ့ မျက်နှာလေးကို အကြိမ် အနည်းငယ်လောက် ဖျစ်ညှစ်ပြီးမှ ပြန်လွှတ်ပေးလိုက်၏။
အဖေဖြစ်သူဆီမှာ မျက်နှာဖျစ်ညှစ်၍ တိုက်ခိုက်ခံရရုံသာမက စကားနှင့်ပါ စော်ကားခံလိုက်ရသော ကောင်ကလေးသည် လွတ်လပ်မှု ပြန်ရသွားသည်နှင့်တစ်ပြိုင်နက် အမေဖြစ်သူရဲ့ ရင်ခွင်ထဲသို့ အမြန် တိုးဝင်ကာ သူ့အဖေဘက်ကို လှည့်၍ ဘူးခနဲမှုတ်လိုက်သည်။
“ ဘူး … ဆိုးတယ် ဆိုးတယ် … ”