အခန်း ၁၀၇၉
Vol. 72 Ch. 1079
အခန်း ( ၁၀၇၉ ) သန်းတစ်ရာ ဆုံးရှုံးလိုက်ရခြင်း။
သူ ပါးစပ်ဟလိုက်သည့် အခိုက်အတန့်မှာပဲ ကားထဲက လူကြီးတွေအားလုံး ဆွံ့အသွားကြသည်။
အရင်ဆုံး သတိဝင်လာသူက စုယန်ယန် ဖြစ်ကာ ခပ်တိုးတိုး ရယ်လိုက်သည်။ “ သားလေးက အကောင်းနဲ့ အဆိုးကိုတောင် ခွဲခြားနိုင်နေပြီပဲ။ သားလေးက ဘယ်သူနဲ့ တူလို့ ဒီလောက်တောင် ဉာဏ်ကောင်းတာပါလိမ့်ကွယ်။ ”
ကောင်ကလေးက သူ့အမေ သူ့ကို ချီးကျူးနေတာကို ကြားသွားပုံဖြင့် ပျော်ရွှင်သွားသည်။ စုယန်ယန်ရဲ့ လည်ပင်းကို တင်းကြပ်စွာ ပွေ့ဖက်ထားပြီး အနိုင်ကျင့်ခံနေရသကဲ့သို့ မကျေမနပ် နှာခေါင်းရှုံ့ခဲ့သည်။ သူ့ပုံစံလေးက “ သားအတွက် တရားမျှတအောင် လုပ်ပေးပါ မေမေ။ ” ဟု ပြောနေသလိုပဲ ဖြစ်သည်။
စုယန်ယန်က သူလေးကို ကြည့်ပြီး နှလုံးသားနူးညံ့သွားကာ ဟောက်ချန်ဟွမ်းကို ခေါင်းမော့ကြည့်လိုက်ရင်း ဒေါသလည်းထွက် ၊ ရယ်လည်း ရယ်ချင်သွားသည်။ “ မြင်လား … ကြယ်လေးက အခု စဉ်းစားတွေးခေါ်တတ်နေပြီ။ နောက်ဆို သူ့ကို အနိုင်မကျင့်နဲ့။ မဟုတ်ရင် သူ ကြီးလာရင် သူက ရှင့်ကို ပြန်အနိုင်ကျင့်လိမ့်မယ်။ ”
“ သူကများ … ” ဟောက်ချန်ဟွမ်းက မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်သည်။ သူ့ပုံစံက ကလေးကို အချိန်မရွေး ဆုံးမဖို့ အဆင်သင့်ဖြစ်နေတဲ့ စည်းကမ်းကြီးသော အဖေတစ်ယောက်နှင့် တူသည်။
သူ့ကုမ္ပဏီက ဝန်ထမ်း တစ်ယောက်ယောက်သာ ဆိုလျှင် သူ့မျက်နှာ အပြောင်းအလဲကို ကြည့်ပြီး ခြေမခိုင်လောက်တော့ပါ။ ဒီကောင်လေးကတော့ ကလေးတစ်ယောက် ဖြစ်ပေမဲ့ နည်းနည်းလေးတောင် အကြာက်အလန့်မရှိပေ။
ကြယ်လေးက သူ့ရဲ့ အားမကိုးရတဲ့ အဖေဟာ သူ့အနာဂတ်စွမ်းရည်ကို မေးခွန်းထုတ်နေတာကို ကြားသွားလို့လား မပြောတတ်ဘဲ မျက်နှာဖောင်းဖောင်းလေးက စူပုပ်ပုပ် ဖြစ်သွားပြီး သူ့ကို လေးနက်သော မျက်နှာ အမူအရာဖြင့် ပြန်စိုက်ကြည့်နေခဲ့သည်။
ခြောက်ဆယ် ရာခိုင်နှုန်းကနေ ခုနှစ်ဆယ် ရာခိုင်နှုန်းအထိ တူညီသော မျက်နှာနှစ်ခုဟာ တစ်ယောက်ကို တစ်ယောက် တူညီသော အမူအရာဖြင့် ကြည့်နေကြသည်။ ဘယ်သူကမှ အကြည့်လွှဲဖို့ စိတ်ကူးမရှိဘဲ ကားထဲမှာ ထူးဆန်းတဲ့ လေထုက ခဏကြာအောင် လွှမ်းမိုးထားခဲ့သည်။
စုယန်ယန်က ကလေးကြီးကို တစ်လှည့် ၊ သူမရဲ့ ရင်ခွင်ထဲက ကလေးလေးကို တစ်လှည့် ကြည့်ကာ အသံထွက် ရယ်ချလိုက်မိသည်။
“ ကဲ ကဲ … ကျွန်မ အရှုံးပေးလိုက်ပြီ။ ရှင်တို့သားအဖ နှစ်ယောက်က တစ်ပုံစံတည်းပဲ။ အိမ်မှာရော ဆက်ရန်ဖြစ်ချင်သေးလား။ ”
စိတ်သဘောထားဆိုးဝါးသည်ဟု စွပ်စွဲခံလိုက်ရသော သားအဖနှစ်ယောက်သည် အံ့အားသင့်သွား၏။ “ … ” မဟုတ်ဘူး မဟုတ်ဘူး … ပေါက်ကရတွေ လျှောက်မပြောနဲ့ … ။
မိသားစုတွင်း တိုက်ပွဲကြီးတစ်ခုက စုယန်ယန်ရဲ့ အဓိပ္ပါယ်ပါသော တစ်ဝက်တစ်ပျက် ခြိမ်းခြောက်စကားသံအောက်မှာ ပျောက်ကွယ်သွားလေသည်။ ရှေ့ခန်းထဲမှာ မောင်းနေတဲ့ ကုရှောက်ယန်က နောက်ခန်းက အခြေအနေကို ကြည့်ကာ နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ် ကော့တက်သွားလေသည်။
စိတ်ထဲကနေလည်း ‘ လူတွေရဲ့ လေသံနဲ့ နေ့စဉ် အပြုအမူတွေကို ကြည့်ပြီး မိသားစုအခြေအနေကို သိနိုင်တယ် မဟုတ်လား ’ ဟု တွေးလိုက်သည်။
သူ့သခင်လးနှင့် သခင်လေးရဲ့ သားလေးက အိမ်မှာ အစာကွင်းဆက်ရဲ့ ထိပ်ဆုံးမှာ ရှိတာ သေချာသော်လည်း သခင်မလေးကတော့ အားလုံးအထက်မှာ ရပ်တည်နေတဲ့ အခရာပါပဲ။
စုယန်ယန်က ရှေ့ခန်းထဲက လူတွေရဲ့ ပုံမှန်မဟုတ်သော အပြုအမူကို သတိမပြုမိပါ။ သူမရဲ့ မျက်နှာသာပေးမှုကို ရဖို့ ယှဉ်ပြိုင်နေသော သားအဖကို နှိပ်ကွပ်ပြီးနောက် ချန်ရှို့ချင်ရဲ့ မွေးနေ့ကိုပဲ ပြန်အာရုံစိုက်ထားလိုက်သည်။
နာရီဝက်အကြာမှာတော့ မိသားစုသုံးယောက်သည် စုအိမ်တော်ကို ရောက်လာခဲ့ကြသည်။
သူတို့ လာနေပြီဖို့ ဖုန်းဆက်ထားကတည်းက အိမ်တံခါးဝမှ ထွက်စောင့်နေတဲ့ အမျိုးသမီးစုနှင့် ကျန်လူတွေက ကြယ်လေးကို ပွေ့ချီ၍ ကားပေါ်က ဆင်းလာသော စုယန်ယန်ကို မြင်သည်နှင့် ချက်ချင်း ပြေးလာပြီး ကလေးကို လုယူလိုက်ကြသည်။
ချန်ရှို့ချင်က ဒီနေ့ရဲ့ မွေးနေ့ရှင်ပီပီ သူမရဲ့ အဖိုးတန်မြေးလေးကို ပိုင်ပိုင်နိုင်နိုင် လုယူလိုက်ပြီး ကလေးကို တစ်နေကုန် လက်ဝါးကြီးအုပ်ဖို့ သူမကိုယ်သူမ အဆင်သင့်ပြင်ထားခဲ့သည်။
ကောင်ကလေးကလည်း အမေဖြစ်သူရဲ့ မျှော်လင့်ချက်တွေကို စိတ်မပျက်စေခဲ့ဘဲ ချန်ရှို့ချင် သူ့ကို ပွေ့ချီလိုက်သည်နှင့် “ ဘွား … ဘွား … ” ဟု လိမ္မာရေးခြားရှိစွာ အော်ခေါ်ခဲ့သည်။
ချန်ရှို့ချင်က ကောင်လေး ဒုတိယအကြိမ် အော်ခေါ်တော့မှ သူမကို အဘွားလို့ ခေါ်နေမှန်း နားလည်သွားကာ မျက်လုံးတွေ တောက်ပသွားပြီး “ ဘွားဘွားတဲ့ … သူ ငါ့ကို ဘွားဘွားလို့ ခေါ်နေတယ်။ ကြည့်ပါဦး … ဘွားဘွားရဲ့ အချစ်တုံးလေးက ဘွားဘွားလို့တောင် ခေါ်တတ်နေပြီပဲ။ တော်လိုက်တာ။ ” ဟု အားရဝမ်းသာ ပြောလိုက်၏။
သူမက ကလေးကို တရစပ် နမ်းရှုံ့ရင်း ဂုဏ်ဖော်နေစဉ်မှာ လူကြီးမင်းစုနှင့် အစ်ကိုစုကတော့ သံပုရာသီးတွေကဲ့သို့ ချဉ်တူးနေခဲ့ကြသည်။ သူတို့မှာ သူတို့ရဲ့ မြေးလေး ( တူလေး ) ကို ပွေ့ချီခွင့် မရရုံသာမက မနာလိုစရာ ဂုဏ်ဖော်ခြင်းကိုလည်း ရင်ဆိုင်လိုက်ရသည်။
ဒီမွေးနေ့ရှင်က ဘာလို့ အဲ့လောက်တောင် ဉာဏ်ကောင်းရတာလဲ … ။ သူတို့အလှည့်တုန်းကကျ သူတို့မွေးနေ့မှာ ဒီလိုမျိုး လုပ်ဖို့ ဘာလို့ မစဉ်းစားတာပါလိမ့် … ။
လူကြီးမင်းစုတို့သားအဖနှစ်ယောက်သည် ထိုအကြောင်းကို တစိမ့်စိမ့် တွေးရင်း သန်း ( ၁၀၀ ) ကို လက်လွှတ်ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။