အခန်း ၁၀၈၀
Vol. 72 Ch. 1080
အခန်း ( ၁၀၈၀ ) စိတ်ထဲက ကျိန်ဆဲခြင်း။
သားအဖနှစ်ယောက်က နောင်တတွေ ၊ မနာလိုစိတ်တွေ ဖုံးလွှမ်းနေချိန်မှာ စုယန်ယန်လည်း အနည်းငယ် မနာလိုဖြစ်သွားမိသည်။
“ ကြယ်လေး မမွေးခင်အချိန်ထိ ကျွန်မက သူတို့ရဲ့ ဖူးဖူးမှုတ်တဲ့ သမီးလေး ဖြစ်ခဲ့တာ။ အခု ကလေးလည်း ရောက်လာရော ကျွန်မက ဘယ်သူမှ မလိုချင်တဲ့ သမီးတစ်ယောက် ဖြစ်သွားရော။ ”
ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ ဝမ်းနည်းပူဆွေးသော အသံကြောင့် ရယ်ချင်သွားကာ သူမရဲ့ နှာခေါင်းလေးကို ဖျစ်ညှစ်လိုက်သည်။ “ ကိစ္စမရှိဘူး။ သူတို့က မင်းကို မလိုချင်တော့ရင်တောင် ကိုယ်ကတော့ လိုချင်တယ်။ ကိုယ့်နှလုံးသားထဲမှာ မင်းက အမြဲတမ်း ချစ်စရာအကောင်းဆုံးပဲ။ ”
ဘေးမှာ ရပ်နေသော စုယွီရွှမ်းသည် သူတို့နှစ်ယောက် ပြောတဲ့ စကားကို ကြားချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွေးညှင်းထသွားရသည်။
တစ်ချိန်တုန်းက မှုန်မှိုင်းအေးစက်ခဲ့တဲ့ လူတစ်ယောက်က အိမ်ထောင်ကျပြီးနောက်မှာ ဘာလို့ အကဲပိုတဲ့ အချစ်ငှက်လေး တစ်ကောင် ဖြစ်သွားတာလဲ ဆိုတာ သူ နားမလည်နိုင်ပါ။
အချစ်နွံနစ်နေတဲ့ လူတွေဟာ အသေအချာပဲ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို ကြွားဝါလေ့ရှိသည်။
လူကြီးမင်းစုနှင့် အမျိုးသမီးစုက ကြယ်လေးကို ချော့မြှူရင်း အလုပ်ရှုပ်နေတာမို့ သူတို့နှစ်ယောက် ဘာလုပ်နေလဲ ဆိုတာ သိပ်အာရုံမစိုက်နိုင်ပေ။
စုယန်ယန်က အိမ်ထဲကို ရောက်သည်နှင့် မီးဖိုချောင်လေးထဲကို တန်းဝင်သွားကာ ချန်ရှို့ချင်အတွက် စားပွဲအပြည့် ဟင်းလျာတွေကို ကိုယ်တိုင် ချက်ပြုတ်ဖို့ အဆင်သင့်ပြင်လိုက်သည်။
စုအိမ်တော်ရှိ စာဖိုမှူးကလည်း ဟင်းမချက်တတ်ပေမဲ့ စုယန်ယန်က ဒီလို ကြုံတောင့်ကြုံခဲ နေ့လေးမှာ သမီးဝတ္တရားကျေပွန်ချင်ကြောင်း ဖော်ပြချင်သေးသည်။ မီးဖိုချောင်ထဲကို လိုက်ဝင်လာတဲ့ ဟောက်ချန်ဟွမ်းနောက်မှာ နောက်တစ်ယောက်လည်း ကပ်ပါလာသည်။
“ အစ်ကို ဒီထဲကို ဘာလာလုပ်တာလဲ။ ” စုယန်ယန်က ဟောက်ချန်ဟွမ်းနှင့်အတူ မီးဖိုချောင်ထဲကို အတင်း ဝင်လာသော စုယွီရွှမ်းကို အူကြောင်ကြောင်လေး ကြည့်လိုက်မိသည်။
စုယွီရွှမ်းက နှာခေါင်းကို မလုံမလဲ ပွတ်လိုက်သည်။ သူ့မိဘနှစ်ယောက်နှင့် မယှဉ်ပြိုင်နိုင်တာကြောင့် ပျင်းရိမှုကို ဖြေဖျောက်ဖို့အတွက် မီးဖိုချောင်ထဲကို လိုက်လာခဲ့တာလို့တော့ သူ ပြောလို့ မရပေ။
“ နင် မီးဖိုချောင်ထဲမှာ ဟင်းချက်ဖို့ လုပ်နေတာကို မြင်လိုက်လို့ ငါ တစ်ခုခု ကူညီပေးနိုင်တာများ ရှိမလားလို့ လာကြည့်တာပါ။ ”
“ ညီမမှာ ထူးထူးခြားခြား လုပ်စရာ မရှိပါဘူး။ ညီမကို ကူပေးမယ့် ချန်ဟွမ်းလည်း ရှိနေတော့ အစ်ကို ဧည့်ခန်းထဲကို ပြန်သွားပြီး အဖေနဲ့ အမေကိုပဲ အဖော်ပြုပေးလိုက်ပါ။ ”
စုယွီရွှမ်းက အစတုန်းက ဟန်ပြအဖြစ် နည်းနည်းပါးပါး ကူညီပေးဖို့သာ လာခဲ့တာ ဖြစ်သော်လည်း အခု သူ့ညီမက သူ့ကို နှင်ထုတ်နေတာကြောင့် ပိုကူညီပေးချင်လာသည်။
“ လူများတော့ အလုပ်မြန်မြန်ပြီးတာပေါ့ဟာ။ စောစော ဟင်းချက်ပြီးတော့ ငါတို့ စောစော စားလို့ ရတာပေါ့။ ကူညီပေးမယ့် လူတစ်ယောက် တိုးလာတာ ပိုအသုံးဝင်မှာပါ။ ”
“ အစ်ကို ဒီကို ပြဿနာရှာဖို့ မဟုတ်ဘဲ ကူညီပေးဖို့ ရောက်လာတာ ဆိုတာ တကယ်ရော သေချာရဲ့လား။ ” စုယန်ယန်က ထူးထူးဆန်းဆန်း စိတ်အားထက်သန်နေသော အစ်ကိုဖြစ်သူကို သံသယအကြည့်ဖြင့် ကြည့်ရင်း တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ ပြုံးလိုက်သည်။
“ အစ်ကို့အကူအညီကို တကယ် မလိုအပ်လို့ပါ။ မီးဖိုချောင်က အဲ့လောက် မကျယ်တော့ လူတွေ အများကြီး ရှိရင် ကျဉ်းကြပ်သွားလိမ့်မယ်။ ”
“ … ”
စုယန်ယန်က လူခြောက်ယောက် ၊ ခုနှစ်ယောက် ဝင်ဆံ့သော မီးဖိုချောင် အကျယ်ကြီးကို ကြည့်ကာ သူ့နာမည်ကို အဖတ်ဆယ်ဖို့ လိုပြီဟု ခံစားလိုက်ရသည်။ ဒါပေမဲ့ ကံမကောင်းစွာဖြင့် သူ ဘာမှ မပြောနိုင်သေးခင်မှာပဲ စုယန်ယန်က “ အစ်ကို ညီမကို တကယ် ကူညီပေးချင်ရင် ညီမအတွက် ယောင်းမတစ်ယောက် စောစောစီးစီး ခေါ်လာပေးသင့်တယ်။ အစ်ကို အိမ်ထောင်ကျသွားရင် သူ ဟင်းချက်တဲ့အခါ သူ့ကို ကူပေးလို့ ရတယ်။ မီးဖိုချောင်ထဲမှာ အစ်ကို ကြိုက်သလောက် နေလို့ ရတယ်။ ဘယ်သူကမှ အစ်ကို့ကို ဟန့်တားနှောင့်ယှက်မှာ မဟုတ်ဘူး။ ”
စုယွီရွှမ်း : “ ??? ” အဲ့စကားက ငါ့ကို လှောင်ပြောင်နေတယ်လို့ ဘာလို့ ခံစားရတာပါလိမ့်။
သူ အကြောင်းပြချက် မစဉ်းစားနိုင်သေးခင်မှာပဲ စုယန်ယန်က ဟောက်ချန်ဟွမ်းကို မီးဖိုချောင်ထဲ ခေါ်သွားခဲ့ပြီ ဖြစ်သည်။ စုယွီရွှမ်းသည် မီးဖိုချောင်တံခါးဝမှာ အကြာကြီး တစ်ယောက်တည်း ရပ်နေပြီးမှ သူ့ညီမက သူ့ကို သူများလင်မယားရဲ့ သီးသန့်အချိန်လေးအား အလိုက်ကန်းဆိုးမသိ လာနှောင့်ယှက်နေသည်ဟု တစ်ဖက်လှည့်နှင့် ပြောသွားမှန်း နားလည်သွား၏။
ဟင်းချက်တတ်တဲ့ ကောင်မလေးကို ရှာယူပြီး ကိုယ့်မိန်းမကိုယ် ကူညီပေးဖို့တောက် ပြောသွားလိုက်သေးသည်။ ဒီနေ့ခေတ်မှာ ဟင်းချက်တတ်တဲ့ မိန်းကလေးတိုင်းကို သူမလိုပဲ ဟင်းချက်ကောင်းတယ်လို့ ထင်နေတာလား … ။
ဒေါသထွက်လိုက်တာ … ။ ဒီကောင်မလေးက ယောက်ျားရသွားတော့ အချိုးပြောင်းသွားပြီ … ။ သူ့ရဲ့ ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ ညီမလေးက အရင်တုန်းက ဒီလို ပုံစံ မဟုတ်ဘူး … ။ သူ့ညီမကို လမ်းမှားရောက်အောင် လုပ်တဲ့ လူက ဟိုခွေးကောင်ပဲ ဖြစ်ရမယ် … ။
“ ဟပ်ချိုး … ” ဟောက်ချန်ဟွမ်းသည် နှာခေါင်းထဲမှာ ရုတ်တရက် ယားယံလာကာ နှာချေချင်စိတ်ကို မထိန်းချုပ်နိုင်တော့ပေ။
“ ဘာဖြစ်တာလဲဟင်။ ” စုယန်ယန်က ချက်ချင်းပဲ သူ့ဘေးကို စိုးရိမ်ပူပန်သော အမူအရာဖြင့် ရောက်လာသည်။ “ ရှင် အအေးမိနေတာလား။ ”
ဟောက်ချန်ဟွမ်းက သူ့နဖူးကို ထိတွေ့စမ်းသပ်ဖို့ လုပ်နေသည့် စုယန်ယန်ရဲ့ လက်ကို ကိုင်လိုက်ပြီး ပြုံးရောင်သမ်းနေသော မျက်လုံးများဖြင့် မီးဖိုချောင်တံခါး အပြင်ဘက်ကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်သည်။ “ တစ်ယောက်ယောက်က ကိုယ့်ကို စိတ်ထဲကနေ ကျိန်ဆဲနေတာ ဖြစ်မှာပါ။ ”