အခန်း ၁၀၈၂
Vol. 73 Ch. 1082
အခန်း ( ၁၀၈၂ ) သူနဲ့ တကယ် ထိုက်တန်ပါတယ်။
ဟောက်ချန်ဟွမ်းက စုယန်ယန် ထိုမေးခွန်းကို မေးလိမ့်မယ် ဆိုတာ မျှော်လင့်ထားပုံဖြင့် ချက်ချင်း ပြန်မဖြေဘဲ အချိန်ဆွဲထားခဲ့သည်။ “ ရှက်စရာကောင်းတဲ့ လက်ဆောင် မဟုတ်ပါဘူး။ လူတစ်ယောက် ပေးတဲ့ လက်ဆောင် ဖြစ်နေလို့ အမေ ငြင်းမှာစိုးလို့ မဖွင့်ခိုင်းတာပါ။ ”
“ ဟမ်။ ” စုယန်ယန်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ “ ဘယ်သူလဲ။ ဘယ်သူ ပေးတဲ့ လက်ဆောင်လဲ။ ”
“ မင်းတို့မိသားစုကို မကြာသေးခင်တုန်းက တစ်ခုခု လုပ်ခဲ့ပြီး ထိခိုက်နာကျင်သွားတဲ့ လူ။ ”
“ ရှင် ပြောချင်တာက … သို့ထျန်းယီလား။ ”
“ အင်း။ ”
“ ဒါဆို ရှင်က အမေ့ကို သူနဲ့ ပတ်သက်တဲ့ ဘယ်လို ပစ္စည်းမျိုး ပေးလိုက်တာလဲ။ ”
ဟောက်ချန်ဟွမ်းက ဘာကိုမှ ဖုံးကွယ်မထားဘဲ အမှန်အတိုင်း ပြောလိုက်သည်။ “ သို့ထျန်းယီရဲ့ ကုမ္ပဏီရှယ်ယာတွေကို ပေးလိုက်တာ။ ”
“ သို့ထျန်းယီရဲ့ ကုမ္ပဏီရှယ်ယာတွေ …… ”
“ သို့ထျန်းယီက အပြင်းအထန် နေမကောင်းဖြစ်နေတော့ သို့ကော်ပိုရေးရှင်းက သွေးကွဲနေတယ်။ ရှယ်ယာရှင်တွေကလည်း သူတို့အတွက်သူတို့ပဲ ကြည့်ကြတော့တာ။ ရှယ်ယာရှင် တချို့က အခြေအနေမဟန်တာကို မြင်တော့ သူတို့ရဲ့ ဟိုတစ်စုဒီတစ်ခုဖြစ်နေတဲ့ စတော့ရှယ်ယာတွေကို တိတ်တဆိတ် ထုတ်ရောင်းခဲ့တယ်။ ဟိုတစ်စုဒီတစ်စုဖြစ်နေတဲ့ ရှယ်ယာတွေ ဆိုပေမဲ့ မနည်းတဲ့ ပမာဏတစ်ခုတော့ ရှိနေတုန်းပဲ။ ကုလားအုတ်တစ်ကောင်က ပိန်လှီနေလည်း မြင်းထက်တော့ အရွယ်အစားကြီးပါသေးတယ်။ အမေ အဲ့ဒီရှယ်ယာတွေကို ဒီတိုင်းပဲ သိမ်းထား,ထား ထုတ်ရောင်း,ရောင်း ကိစ္စမရှိဘူး။ အားလုံးက ကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှုတွေပဲ။ အရေးကြီးဆုံးကတော့ အမေ အဲ့ဒီရှယ်ယာတွေကို ရသွားရင် သူ့ဒေါသတွေကို တစ်နည်းတစ်ဖုံနဲ့ ဖြေဖျောက်နိုင်လောက်တယ်။ ”
စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ စကားကို နားထောင်ပြီးတော့ သူ့ရည်ရွယ်ချက်ကို အကြမ်းဖျင်း နားလည်သွားလေသည်။ သို့ထျန်းယီက ဦးလေးရဲ့ ကုမ္ပဏီက ဝန်ထမ်းတေဠကို လာဘ်ထိုးပြီး စုန့်ယွမ်ယွမ်နှင့် ချန်ဖန့်လန်ကို သူမနောက်ကွယ်မှာ တစ်ခုခု လုပ်ဖို့ အားပေးတိုက်တွန်းခဲ့သည်။
အဲ့ဒါက ရှယ်ယာရှင်တွေ ၊ ကုမ္ပဏီတွင်း ဝန်ထမ်းတွေနဲ့ ဒါရိုက်တာတွေ ဆောက်တည်ရာမရဖြစ်ပြီး ရှယ်ယာတွေကို ဈေးနည်းနည်းနဲ့ ရောင်းချမှာကို အခွင့်ကောင်းယူကာ သူမဦးလေးရဲ့ ကုမ္ပဏီကို အလွယ်တကူ လုယူဖို့ ကြံစည်ခဲ့တာ မဟုတ်လား။
ဒါပေမဲ့ သူ့အစီအစဉ် မအောင်မြင်တဲ့အခါ အပြစ်ပေးခံရသူက သူကိုယ်တိုင်ပဲ ဖြစ်သွား၏။ သူနှင့် အမှန်တကယ်ပဲ ထိုက်တန်ပါသည်။
“ သို့ထျန်းယီက ယုတ်မာကောက်ကျစ်ပြီး ဉာဏ်များတယ်။ ဒါပေမဲ့ သူ ဘယ်လောက်ပဲ ဉာဏ်များပါစေ ၊ ကျန်းမာတဲ့ ခန္ဓာကိုယ် မရှိဘဲနဲ့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ”
ဟောက်ချန်ဟွမ်းက ထိုစကားကို ကြားတော့ မျက်ခုံးပင့်သွားပြီး ဩရှလေးနက်သော အသံဖြင့် မေးလိုက်သည်။ “ မင်း သူ့ကို သနားနေတာလား။ ”
စုယန်ယန်က ခေါင်းခါယမ်းပြလိုက်ပါသည်။ “ သနားစရာကောင်းတဲ့ လူတစ်ယောက်မှာတောင် သူနဲ့ ပတ်သက်ပြီး မုန်းတီးတဲ့ အချက်တစ်ချက် ရှိလိမ့်မယ်။ ကျွန်မက သူ့ကို ဆေးကုပေးဖို့ သဘောမတူတာနဲ့ ကျွန်မနဲ့ ကျွန်မရဲ့ မိသားစုကို ဒုက္ခပေးဖို့ ကြံစည်ခဲ့တဲ့ လူယုတ်မာကို ကရုဏာသက်ရလောက်တဲ့ထိတော့ သူတော်ကောင်းမဟုတ်သေးဘူး။ ”
“ ကောင်းတယ်။ ”
စုယန်ယန်ရဲ့ ရင်ခွင်ထဲက ကလေးလေးက ကားထဲက ပုံမှန်မဟုတ်သော လေထုကို သတိပြုမိသွားပုံဖြင့် ခေါင်းလေး မော့ကာ တအဲ့အဲ့ ငိုသံလေးတွေ ထွက်လာပြီး သူတို့နှစ်ယောက်ရဲ့ အာရုံကို လွှဲပြောင်းဖို့ ကြိုးစားခဲ့သည်။
ဟောက်ချန်ဟွမ်းနှင့် စုယန်ယန်လည်း ထိုကြားဖြတ်နှောင့်ယှက်ခြင်းရဲ့ ကျေးဇူးကြောင့် သို့ထျန်းယီအကြောင်း ဆက်မပြောဖြစ်တော့ဘဲ ကြယ်လေးကို ခေါင်းငုံ့၍ ချော့မြှူလိုက်ပါသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ကြယ်လေးဟာ တစ်နှစ်ပြည့်တော့မည်။ စုယန်ယန်က သူ့အတွက် စည်းကားသိုက်မြိုက်သော မွေးနေ့ပါတီပွဲ တစ်ပွဲ ကျင်းပပြီး သူမရဲ့ မိသားစုနှင့် အသိမိတ်ဆွေတွေ အများကြီးကို ဖိတ်ကြားချင်သည်။
ဟောက်ချန်ဟွမ်းမှာလည်း သူမရဲ့ ဆန္ဒကို ကန့်ကွက်စရာမရှိပါ။ လက်ရှိအချိန်မှာ သူ ဘယ်လောက် ပျော်နေသလဲ ဆိုတာ ကမ္ဘာပေါ်က လူတွေ အကုန်လုံး သိသွားစေချင်သည်။
စုယန်ယန်က မွေးနေ့ပွဲကို လူတွေ အများကြီး ဖိတ်ချင်နေသည်။ ချန်မိသားစုနှင့် လွန်ခဲ့တဲ့ တစ်လ ၊ နှစ်လကတည်းက ထွက်သွားပြီး တစ်ခါမှ ပြန်မလာသေးတဲ့ ကျန်းချန့်ယန်က လွဲလို့ အားလုံးက ဒေသတွင်းက လူတွေပဲ ဖြစ်သည်။
“ ဒီလိုဆိုမှ ဦးလေး ကျွန်မတို့နဲ့ အဆက်အသွယ်ပြတ်နေတာ ကြာပြီနော်။ သူ … ”
ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ စကားကို ကြားတော့ ခဏလောက် နှုတ်ဆိတ်သွားပြီးမှ ပြုံးလိုက်သည်။ “ သူ နိုင်ငံခြားရောက်နေတဲ့ အချိန်တုန်းကလည်း ကိုယ့်ကို ဆက်သွယ်တာ ရှားပါတယ်။ သူ အဆင်ပြေနေမှာပါ။ ”
စုယန်ယန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “ အဲ့ဒါက ဘယ်လိုလုပ် တူမှာလဲ။ အနည်းဆုံးတော့ သူ နိုင်ငံခြားမှာ ရှိနေရင် ဘေးကင်းသေးတယ်လေ။ ဒီတစ်ခေါက်ကတော့ သူ … ”
စုယန်ယန်က စကားတစ်ဝက်တစ်ပျက်မှာပဲ ဟောက်ချန်ဟွမ်းဟာ ကျန်းချန့်ယန်ရဲ့ လက်ရှိ အခြေအနေကို သူမထက် ပိုစိတ်ပူနေလောက်တယ် ဆိုတာ နားလည်သွားသည်။ သူ စိုးရိမ်ပူပန်နေလျှင် သူမက ပိုဆိုးမှာ စိုးလို့သာ ထုတ်မပြောတာပင်။
“ ဒီပြဿနာတွေအားလုံး ကြယ်လေး တစ်နှစ်မပြည့်ခင် ပြီးဆုံးသွားဖို့ မျှော်လင့်တယ်။ အဲ့ဒါဆို ဦးလေးလည်း ကလေးရဲ့ တစ်နှစ်ပြည့် မွေးနေ့ပွဲအမီ အပြေးပြန်လာလိမ့်မယ်။ ”
ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ ဆံနွယ်လေးတွေကို ကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်သွားကာ နူးညံ့စွာ ပြောလိုက်သည်။ “ သူ ပြန်လာမှာပါ။ ”