အခန်း ၁၀၈၃
Vol. 73 Ch. 1083
အခန်း ( ၁၀၈၃ ) နိမိတ်မကောင်းသော ခံစားချက်။
ဟောက်ချန်ဟွမ်းရဲ့ စကားဆုံးသည်နှင့် ကြယ်လေးက ခေါင်းမေယ့ကာ ပျော်ရွှင်စွာ အသံပြုခဲ့သည်။ “ အဲ့ … မေမေ … ရေး … ”
လူကြီးနှစ်ယောက်လုံး ဆွံ့အသွားကာ ဟောက်ချန်ဟွမ်းက အရင်ဆုံး သတိဝင်လာပြီး သားဖြစ်သူရဲ့ မျက်နှာဖောင်းဖောင်းလေးကို ဖျစ်ညှစ်လိုက်ပါသည်။ “ မြင်လား … သားလေးလည်း ကိုယ့်လိုပဲ ခံစားရတယ်တဲ့။ ”
သူ့အဖေဆီမှာ အကြိမ်ပေါင်းများစွာ ဖျစ်ညှစ်ခံထားရသော ကောင်ကလေးသည် လှည့်ကွက်တချို့ကို နားလည်နေပုံဖြင့် အရင်တုန်းကလောက် မတုံးအတော့ပေ။
ဟောက်ချန်ဟွမ်းက သူ့မျက်နှာကို စတင် ဖျစ်ညှစ်ရုံပဲ ရှိသေး ၊ သူ့မျက်နှာပေါ်က အပြုံးလေးက ချက်ချင်း ပျောက်ကွယ်သွားကာ မတရား အနိုင်ကျင့်ခံနေရသလို ပုံစံလေးဖြင့် စုယန်ယန်ရဲ့ ရင်ခွင်ထဲသို့ ပြေးဝင်သွားခဲ့သည်။
စုယန်ယန်က ဟောက်ချန်ဟွမ်းကို မျက်စောင်းထိုးကာ ကြယ်လေးရဲ့ ကျောကုန်းကို အကြိမ် အနည်းငယ် ပုတ်ပေးလိုက်သည်။ “ သားလေးလည်း ဦးဦးကို လွမ်းနေတာလား။ သားလေး တစ်နှစ်ပြည့်ရင် သားလေးနဲ့ ကစားရအောင်လို့ ဦးဦးကို မေမေတို့ ပြန်လာခိုင်းလိုက်မယ်နော် … ဟုတ်ပြီလား။ ”
မှတ်ဉာဏ်ကောင်းတဲ့ ကြယ်လေးက အိမ်မှာ အချိန်တစ်ခုကြာ နေသွားပြီး သူနှင့် ဆော့ကစားခဲ့တဲ့ ဦးလေးကို မှတ်မိနေကာ စုယန်ယန်ရဲ့ စကားကို ကြားသည်နှင့် ထောက်ခံသည့်အနေဖြင့် လက်ခုပ်တီးခဲ့သည်။
“ ပြန်လာ … ပြန်လာ … ”
“ ဟုတ်ပါပြီ မေ့သားလေးရယ် … ဦးဦး ပြန်လာမှာပါ။ ” စုယန်ယန်က ကောင်ကလေးကို နမ်းရှိုက်လိုက်သည်။ “ ဒါဆို မေမေတို့ရဲ့ ကြယ်လေးကလည်း သားမွေးနေ့မှာ ဦးဦး ဘေးမသီရန်မခဘဲ ပြန်လာနိုင်ဖို့ ဆုတောင်းပေးလိုက်ဦးနော်။ မဟုတ်ရင် သား လက်ဆောင်မရဘဲ နေလိမ့်မယ်။ ”
“ ခွီး … ” ဟောက်ချန်ဟွမ်း ဘာမှ မပြောနိုင်သေးခင်မှာပဲ ကားမောင်းသူထိုင်ခုံရှိ ကုရှောက်ယန်က ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ခွီးခနဲ ရယ်ချလိုက်မိသည်။
လူကြီးမင်းကျန်းသာ သခင်လေးနဲ့ သခင်မလေးက လက်ဆောင်မရမှာ စိုးလို့ သူ့ကို သတိရနေတာကို သိသွားရင် ဘယ်လို တွေးလောက်မလဲ … ။
ဟောက်ချန်ဟွမ်းလည်း ဇနီးဖြစ်သူရဲ့ လက်ဖျားခါလောက်သော တွေးခေါ်ပုံကြောင့် ရယ်ချင်သွားကာ သူမရဲ့ စကားအတိုင်း ထောက်ခံပြောဆိုလိုက်သည်။ “ ဦးဦးက ကြယ်လေးကို အရမ်း ချစ်တာ။ သူ့အတွက် တစ်နှစ်ပြည့် မွေးနေ့လက်ဆောင် အကြီးကြီး ပြင်ဆင်ထားမှာ သေချာတယ်။ ”
ဆုံးရှုံးမှုကြီးကို ရင်ဆိုင်ရတော့မည်ဟု သတိပေးခံလိုက်ရတဲ့ ကျန်းချန့်ယန်တစ်ယောက် ဆွံ့အသွားသည်။ ဒီကောင်က တကယ်ရော သူ့တူ ဟုတ်သေးရဲ့လား … ။
မိသားစုဟာ ကျန်းချန့်ယန် ပြန်လာတဲ့အခါ သူ့ကို ဘယ်လို စနောက်ရင် ကောင်းမလဲဟု တွေးနေတုန်းမှာပဲ ဟောက်ချန်ဟွမ်းရဲ့ ဖုန်းက ရုတ်တရက် ထမြည်လာပြီး ကားထဲက တိတ်ဆိတ်မှုကို ချိုးဖောက်လိုက်သည်။
ဟောက်ချန်ဟွမ်းက မျက်မှောင်ကြုတ်၍ ဖုန်းကိုင်လိုက်သော်လည်း တစ်ဖက်လူ ပြောတဲ့ စကားတွေကို နားထောင်ပြီးနောက် မျက်နှာမည်းမှောင်သွားလေသည်။
သူ့အမူအရာ ပြောင်းလဲသွားတာကို သတိထားမိတဲ့ စုယန်ယန်ရဲ့ နှလုံးသားထဲမှာ စိုးရိမ်မှုတွေ စတင် မြင့်တက်လာခဲ့သည်။ “ ဘာဖြစ်လို့လဲ။ ”
ဟောက်ချန်ဟွမ်းက “ ဘာမှ မဖြစ်ပါဘူး။ ” ဟု ပြန်ပြောရင်း ဖုန်းချလိုက်သည်။ “ ကုမ္ပဏီမှာ အမှားအယွင်းလေး တစ်ခု ဖြစ်သွားတယ်တဲ့။ ကြီးကြီးမားမား မဟုတ်ပေမဲ့ နည်းနည်းလေးတော့ အလုပ်ရှုပ်လိမ့်မယ်။ အဲ့ဒါကြောင့် ကိုယ် ကိုယ်တိုင်သွားပြီး ဖြေရှင်းပေးဖို့ လိုတယ်။ ”
စုယန်ယန်ကတော့ ဟောက်ချန်ဟွမ်းရဲ့ ခုနတုန်းက တုံ့ပြန်မှုအရ ပြဿနာသေးသေးလေးဟာ သူ့အမူအရာကို အလွယ်တကူ ပြောင်းလဲသွားစေလိမ့်မည်ဟု မထင်ပါ။ သို့သော်လည်း သူမ ဘာမှ ဆက်မမေးတော့။
“ အလုပ်ကိစ္စက ပိုအရေးကြီးတယ်။ ရှင့်မှာ လုပ်စရာ ပေါ်လာပြီ ဆိုရင် ကုမ္ပဏီကို အရင်ဆုံး သွားလိုက်လေ။ ရှောက်ယန်ကို ကုမ္ပဏီကို အရင်ဆုံး လိုက်ပို့ခိုင်းလိုက်ပါ။ ကျွန်မ ကြယ်လေးကို ခေါ်ပြီး တခြား ကားတစ်စီးနဲ့ အိမ်ပြန်လိုက်မယ်။ ”
“ ရတယ်။ ယန်ပိုင်က ဒီကို လာနေပြီ။ ကိုယ် ခဏနေရင် ကုမ္ပဏီကို သူ့ကားနဲ့ သွားလိုက်မယ်။ ရှောက်ယန်က မင်းကို အိမ်ပြန်ပို့ပေးလိမ့်မယ်။ ”
“ အဲ့လိုဆိုလည်း အဆင်ပြေပါတယ်။ ” စုယန်ယန်က သူ အစီအစဉ်ဆွဲပြီးပြီ ဆိုတာကို နားလည်သွားသောကြောင့် ဝန်လေးမနေတော့ပေ။
ဒီကိစ္စက တကယ့်ကို အရေးပေါ်ဖြစ်နေတာ သိသာ၏။ ကျိုးယန်ပိုင်က ဆယ့်ငါးမိနစ်အတွင်းမှာပဲ သူ့ကားနှင့် အပြေးအလွှား ရောက်ချလာသည်။
ကားနှစ်စီးဟာ လမ်းနှစ်ခွ စုဆုံသော နေရာမှာ ရပ်တန့်သွားကာ ဟောက်ချန်ဟွမ်းက ကားပေါ်က မဆင်းခင် သူမကို မမေ့မလျော့ သတိပေးသွားသည်။ “ ကိစ္စ ထွေထွေထူးထူး မရှိရင် အိမ်တန်းပြန်နော်။ အပြင်မှာ အကြာကြီး မနေနဲ့။ ”
စုယန်ယန်က သူ စိတ်ပူနေတဲ့ အရာကို နားလည်၍ သူ့ကို နမ်းရင်း “ အင်းပါ။ ကျွန်မ ရှင့်ကို အိမ်မှာ ကလေးနဲ့ စောင့်နေမယ်။ ” ဟု ပြောလိုက်သည်။
“ ကောင်းတယ်။ ” ဟောက်ချန်ဟွမ်းက သူမကို အနမ်းတစ်ပွင့်နှင့် ပြန်လည်တုံ့ပြန်ပြီးမှ ကျိုးယန်ပိုင်ရဲ့ ကားပေါ် တက်ကာ ထွက်ခွာသွားသည်။ စုယန်ယန်က ထွက်ခွာသွားတဲ့ သူ့ကျောပြင်လေးကို ငေးကြည့်နေမိသည်။
ဘာ့ကြောင့်မှန်း မသိဘဲ သူမရဲ့ နှလုံးသားထဲမှာ ရုတ်တရက် လေးလံနောက်ကျိနေသလို ခံစားရသည်။ မကောင်းတာ တစ်ခုခု ဖြစ်ပျက်တော့မည်ဟု စုယန်ယန် ခံစားနေရသည်။