အခန်း ၁၀၈၄
Vol. 73 Ch. 1084
အခန်း ( ၁၀၈၄ ) ရာဇဝတ်မှုကျူးလွန်ရန် ဝန်မလေးသူများ။
မိန်းမတစ်ယောက်ရဲ့ ဆဌမအာရုံဟာ မူလကတည်းက ထူးခြားဆန်းကြယ်သော အရာမျိုး ဖြစ်သည်။ ဟောက်ချန်ဟွမ်း ထွက်သွားတော့ ရှင်းပြဖို့ မလွယ်ကူသော ခံစားချက်တစ်မျိုးဖြင့် စိတ်လေးနေတဲ့ စုယန်ယန်ရဲ့ လက်မောင်းကို ကြယ်လေးက အကြိမ်ပေါင်းများစွာ ဆွဲနေသော်လည်း သူမက သတိမဝင်သေးပေ။
[ သတိပေးချက် : Host ရဲ့ ကားနောက်က ကားတချို့က သံသယဖြစ်စရာကောင်းစွာ ပြုမူနေပါတယ်။ Host နောက်ကို နောက်ယောင်ခံလိုက်နေတဲ့ သဲလွန်စတွေလည်း တွေ့ရလို့ အဲ့ဒီလူတွေက …. တွေ ဖြစ်နေမှာကို ကျွန်တော် စိုးရိမ်မိပါတယ်။ ]
စနစ်က စကားလုံးတစ်ခုကို မပြောဘဲ ချန်ခဲ့ကာ ထိုနေရာမှာ လိုက်လျောညီထွေရှိသော တတူတူမြည်သံသာ ထွက်ပေါ်လာခဲ့သည်။
ဘယ်လို စကားလုံးမျိုးတွေက လိုက်လျောညီထွေရှိနိုင်မလဲ … ။ စုယန်ယန်သည် တစ်စက္ကန့် ၊ နှစ်စက္ကန့်အတွင်းမှာပဲ စကားလုံး တစ်ခုကို ခန့်မှန်းမိကာ ဒိန်းခနဲ ရင်တုန်သွားသည်။
[ နင် တကယ် ပြောနေတာလား စနစ်။ သူတို့က … ]
[ စနစ်ရဲ့ စစ်ဆေးမှုက အမှားအယွင်းမရှိပါဘူး။ ]
သူမ ခန့်မှန်းတာ မှန်ကန်ကြောင်း အတည်ပြုပြီးချိန်မှာ စုယန်ယန်ရဲ့ ခေါင်းထဲကို ပထမဆုံး ဝင်လာတဲ့ အရာက ကျန်းချန့်ယန်နှင့် ဟောက်ချန်ဟွမ်းတို့ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ လိုက်ဖမ်းခဲ့တဲ့ လူတွေပဲ ဖြစ်သည်။
တစ်ချိန်တုန်းက ထိုလူတွေဟာ ဟောက်ချန်ဟွမ်းရဲ့ မိဘတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး မတော်တဆမှုလို ပုံစံပေါက်အောင် လုပ်ခဲ့ဖူးသည်လေ။ အခု သူတို့က သူမနဲ့ သူမရဲ့ ကလေးကို ပစ်မှတ်ထားနေတာလား … ။
စုယန်ယန်သည် ထိုအတွေးကြောင့် သူမရဲ့ ရင်ခွင်ထဲက ကလေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ ဟောက်ချန်ဟွမ်းကို ဖုန်းဆက်ဖို့အတွက် ဖုန်းကို ထုတ်လိုက်သည်။
နောက်မှာ ပါလာတဲ့ ကားတွေထဲက လူတွေက အမှန်တကယ်ပဲ သူမ ထင်နေတဲ့ လူတွေဆိုလျှင် သူတို့က သို့ထျန်းယီရဲ့ ကိုယ်ရံတော်တွေထက် အဆပေါင်းများစွာ ကြောက်စရာကောင်းပါသည်။ သူမ ၊ ကုရှောက်ယန်နှင့် ကိုယ်ရံတော် အနည်းငယ်က သူတို့ကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်။
အခု သူမက ကြယ်လေးကို ရင်ခွင်ထဲမှာ ပွေ့ချီထားရတာကိုတော့ ထည့်မပြောမနေပါနဲ့။ တကယ်လို့သာ …. ။ မဟုတ်ဘူး … ‘ တကယ်လို့သာ ’ ဆိုတဲ့ စကားလုံးမျိုး မရှိဘူး … ။
သို့သော်လည်း အခြေအနေက အရေးပေါ်ဖြစ်နေသောကြောင့် စုယန်ယန်ရဲ့ လက်တွေက ဟောက်ချန်ဟွမ်းကို ဖုန်းဆက်ရင်း တဆတ်ဆတ် တုန်ယင်နေခဲ့သည်။ ဒါပေမဲ့ တစ်ဖက်က ဖုန်းမကိုင်ဘဲ တစ်ခါတရံ ‘ ဖုန်းမအားပါ ’ ဟူသော အသံလေးကိုသာ ကြားရသည်။
ထိုအရာက စုယန်ယန်ရဲ့ စိုးရိမ်ပူပန်မှု ရေချိန်ကို အမြင့်ဆုံး ရောက်သွားစေခဲ့သည်။ အရင်တုန်းက ဟောက်ချန်ဟွမ်းက သူမ ဖုန်းဆက်တိုင်း ဘယ်တော့မှ မကိုင်ဘဲ မနေပါ။ သူ သတိမထားမိတာလား … ဒါမှမဟုတ် တစ်ယောက်ယောက် ဒုက္ခပေးတာ ခံနေရတာလား။
ဟောက်ချန်ဟွမ်း ဒုက္ခရောက်နေတာများလား ဆိုတဲ့ အတွေးက စုယန်ယန်ကို ခေါင်းနားပန်းကြီးသွားစေသည်။ အဲ့ဒီနောက် သူမ ဘာမှ ဆက်မတွေးနိုင်သေးခင်မှာဘဲ သူတို့ကားနောက်ကို မသိမသာ လိုက်နေတဲ့ ကားတွေက ဘုန်းခနဲအသံနှင့်အတူ သူတို့ကားကို ရုတ်တရက် ဝင်တိုက်ခဲ့သည်။
နောက်ခန်းထဲမှာ ထိုင်နေတဲ့ စုယန်ယန်က ခန္ဓာကိုယ်ယိမ်းယိုင်သွားပြီး ကလေးကို ရင်ခွင်ထဲမှာ တင်းကြပ်စွာ ပွေ့ဖက်၍ ထိုင်ခုံပေါ်ကနေ ပြိုလဲကျတော့မလိုတောင် ဖြစ်သွားသည်။
“ ချီးပဲ။ ” ကုရှောက်ယန်ကလည်း သူတို့ကားနောက်က မူမမှန်သော ကားတွေကို အစကတည်းက သတိထားမိနေတာပင်။ အခုလို ဝင်တိုက်လိုက်တာက ထိုလူတွေမှာ ရည်ရွယ်ချက်ကောင်းတွေ မရှိကြောင်း သူ့ကို ပိုလို့တောင် သေချာသွားစေခဲ့သည်။
ကုရှောက်ယန်က ခပ်တိုးတိုး ဆဲဆိုပြီးနောက် စုယန်ယန်ကဘက်ကို အမြန် လှည့်ကာ စိုးရိမ်တကြီး မေးသည်။ “ သခင်မလေး … သခင်မလေးနဲ့ ကလေး ဘာမှ ထိခိုက်မသွားပါဘူးနော်။ ”
“ ငါ ဘာမှ မဖြစ်ဘူး … နင်ရော … ”
“ ကျွန်တော်ရော ဘာမှ မဖြစ်ပါဘူး။ အဲ့ဒီမှာ ငြိမ်ငြိမ်လေး ထိုင်ပြီး ဘာကိုမှ စိတ်မပူနဲ့နော်။ ကျွန်တော် သခင်မလေးနဲ့ ကလေးကို လုံလုံခြုံခြုံနဲ့ အိမ်ပြန်ရောက်အောင် ပို့ပေးမယ်။ ”
စုယန်ယန် အံ့အားသင့်သွားသလို ကုရှောက်ယန်က အရှိန်တင်ပြီး နောက်က ကားတွေကို မျက်ခြည်ဖြတ်ခဲ့တော့မည် ဆိုတာကို နားလည်သွားတာမို့ အမြန် ခေါင်းညိတ်လိုက်သည်။
ထိုလူတွေရဲ့ လက်ထဲမှာ လက်နက်တွေ ရှိနေတာကို တွေးမိတော့ စုယန်ယန် စိုးရိမ်သွားကာ ကြယ်လေးကို ပွေ့ချီ၍ ထိုင်ခုံအောက်ကို အနည်းငယ် လျှောချလိုက်၏။ ထိုင်ခုံနောက်ကျောက သူမတို့ကို ယာယီ ကာဆီးသွားသလို နောက်က ကားတွေထဲက လူတွေရဲ့ မြင်ကွင်းကိုလည်း ပိတ်ဆို့လိုက်သည်။
သူမရဲ့ အပြုအမူက အချိန်ကိုက်ပင်။
နောက်က ကားတွေထဲက လူတွေဟာ ကုရှောက်ယန် သူတို့ကို မျက်ခြည်ဖြတ်ခဲ့ဖို့ ကြိုးစားနေတာကို သိသည့်အလား ချက်ချင်း ဒေါသထွက်သွားကာ လူစည်ကားသော မြို့လယ်ခေါင်နှင့် မလှမ်းမကမ်းမှာ ရောက်နေတာကို ဂရုမစိုက်တော့ဘဲ သူမတို့ရဲ့ ကားကို သေနတ်နှင့် သုံး ၊ လေးချက်လောက် လှမ်းပစ်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် မိသားစုရဲ့ လုံခြုံရေးကို အမြဲတမ်း စိတ်မချသော ဟောက်ချန်ဟွမ်းက အိမ်မှာ ရှိတဲ့ ကား တော်တော်များများကို ကျည်ကာမှန်တွေ တပ်ပေးထားတာမို့ သူတို့ရဲ့ ကျည်ဆန်တွေက စုယန်ယန်ကိုရော ၊ ကျန်လူတွေကိုရော မထိခိုက်စေပါ။ ကားရဲ့ အပြင်ကိုယ်ထည်တောင် ဘာမှ ထိခိုက်မသွား။
ဒါပေမဲ့ အဲ့လိုဆိုရင်တောင် ကားကို လာမှန်တဲ့ ကျည်ဆန်တွေက ကားထဲက လူကြီးနှစ်ယောက်ရဲ့ စိတ်နှလုံးကိုတော့ ထိခိုက်စေပါသေးသည်။
တစ်ချိန်တည်းမှာပဲ သူတို့နောက်ကို လိုက်နေသူတွေက ရာဇဝတ်မှုကျူးလွန်ဖို့ ဝန်မလေးသူတွေ ဖြစ်ပြီး သူတို့ကို အမှန်တကယ် သတ်ချင်နေကြကြောင်း နားလည်သွားသည်။