အခန်း ၁၀၈၅
Vol. 73 Ch. 1085
အခန်း ( ၁၀၈၅ ) အရှေ့မှ ချုံခိုတိုက်ခိုက်ခြင်း။
စုယန်ယန်က ဟောက်ချန်ဟွမ်းကို ဖုန်းဆက်လို့ မရသော်လည်း ကားထဲမှာ ဒီအတိုင်း ထိုင်ပြီး သေမယ့် အချိန်ကို ထိုင်စောင့်နေလို့ မဖြစ်ပါ။
ရဲစခန်းကို အမြန်ဆုံး ဖုန်းဆက်ပြီး လက်ရှိ အခြေအနေကို အသံတုန်တုန်ဖြင့် ရှင်းပြလိုက်သည်။ ထို့နောက် အစ်ကိုဖြစ်သူဆီ ဖုန်းဆက်ကာ တစ်ဖက်က အကျွမ်းတဝင်ရှိသော အသံနှင့် နူးညံ့သော နှစ်သိမ့်စကားတို့ကို နားထောင်ရင်း စိတ်ငြိမ်ငြိမ်ထားနိုင်ဖို့ ကြိုးစားရသည်။ စုယန်ယန်က လည်ချောင်းထဲမှာ ဆို့တက်လာကာ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာတော့မလားတောင် ထင်ရသည်။
ထိုအချိန်မှာပဲ နောက်က ကားတွေက ခုနတုန်းကထက် ပိုပြင်းထန်သော အရှိန်ဖြင့် ဝုန်းခနဲ ဝင်တိုက်လိုက်လေရာ စုယန်ယန်ရဲ့ ဖုန်းက လက်ထဲမှ ပြုတ်ကျပြီး ကားအစွန်းတစ်ဖက်ရှိ နေရာလွတ်ကြားထဲကို လျှောကျသွားသည်။
ဖုန်းတစ်ဖက်မှာ စိုးရိမ်စိတ်တွေနှင့် ပူလောင်နေနှင့်ပြီးသား စုယွီရွှမ်းက ဆူညံသံတွေကို ကြားသောအခါ မျက်နှာဖြူဖတ်ဖြူရော် ဖြစ်သွားသည်။ စုယန်ယန်ရဲ့ နာမည်ကို စိုးရိမ်တကြီး ထပ်တလဲလဲ ခေါ်နေသော်လည်း စုယန်ယန်ကတော့ သူ့ခေါ်သံကို မကြားနိုင်တော့ပြီ။
သူမ ထွက်ပြေးရတာ ပင်ပန်းလာလို့လား မပြောတတ်ဘဲ ဒီတစ်ခေါက် အတိုက်ခံရခြင်းက အရှိန်ပြင်းလွန်း၍ သူမ ဟန်ချက်ပျက်တော့မလို ဖြစ်သွားကာ ခေါင်းထဲမှာ မူးဝေနေတဲ့ကြားမှ ကလေးကို မြဲမြံစွာ ထိန်းကိုင်ထားလိုက်ရသည်။
ခေါင်းမူးပြေသွားချိန်မှာ စုယန်ယန် ပထမဆုံး လုပ်တဲ့ အရာက စနစ်ကို အကူအညီတောင်းတာပင်။
“ နင့်ဆီမှာ ဆေးပင်တွေ ၊ အပင်မျိုးစေ့တွေ ၊ ဆေးဘက်ဆိုင်ရာ စွမ်းရည်တွေအပြင် အသက်ကယ်ပစ္စည်းတွေရော ရှိလား စနစ်။ ရှိရင် ငါ့အတွက် မြန်မြန် လဲလှယ်ပေးစမ်းပါ။ ”
သတိပေးချက်တွေကို ဆက်တိုက် ထုတ်ပေးနေတဲ့ စနစ်က စက္ကန့်ပိုင်းလောက် တိတ်ဆိတ်သွားပြီးမှ သနားညှာတာမှုကင်းမဲ့စွာ ပြန်ဖြေသည်။
[ အဲ့လို ပစ္စည်းတွေ မရှိပါဘူး။ ]
[ အဲ့ဒါဆို နင့်ကို ဘယ်နေရာမှာ သွားသုံးရမှာလဲ။ ]
အထင်သေးခံလိုက်ရတဲ့ စနစ်က သူ့မကျေနပ်ချက်ကို ဖော်ပြပြီး ဂုဏ်သိက္ခာကို အဖတ်ဆယ်ဖို့ ကြိုးစားခဲ့သည်။
[ စနစ်က တိုက်ရည်ခိုက်ရည်ကောင်းတဲ့ အတိုက်အခိုက် စနစ်အမျိုးအစား မဟုတ်ပါဘူး။ ]
“ ??? ” နင်တို့စနစ်တွေမှာတောင် အမျိုးအစားကွဲတွေ ရှိသေးတာလား … ။
စုယန်ယန်တစ်ယောက် မျှော်လင့်ချက်ကင်းမဲ့သွားသည်။ သူမ ဒီစနစ်ကို ( ၂ ) နှစ် ၊ ( ၃ ) နှစ်လောက် အသုံးပြုလာခဲ့တာမို့ စနစ်ထဲမှာ ရှိတဲ့ ပစ္စည်းတွေကို မသိဘဲ မနေပါ။ စနစ်မှာ ဆန်းကြယ်စွာဖြင့် သူမရဲ့ အသက်ကို ကယ်တင်နိုင်မယ့် လျှို့ဝှက်လက်နက်တွေများ ရှိနေမလားဟု မျှော်လင့်၍ မေးလိုက်ခြင်းသာ။
“ အခြေအနေ ဘယ်လိုလဲ ရှောက်ယန်။ ငါတို့ ဒီလူတွေလက်ထဲက လွတ်နိုင်လောက်လား။ ”
ကုရှောက်ယန်က နောက်ကို လှည့်မကြည့်ဘဲ ကားနောက်ကြည့်မှန်ကနေတစ်ဆင့်သာ တဖြည်းဖြည်း နီးကပ်လာသော ကားတွေကို ကြည့်လိုက်သည်။ မလှမ်းမကမ်းရှိ လမ်းဆုံမှာလည်း သူတို့နောက်ကို လိုက်နေတဲ့ ကားတွေနှင့် ဆင်တူသော ထရပ်ကား တချိုု့ကို တွေ့လိုက်ရသောကြောင့် အံကြိတ်လိုက်မိသည်။ “ သူတို့တွေက အရမ်း များလွန်းတယ် သခင်မလေး။ ကျွန်တော်တို့ အလွန်ဆုံးမှ သူတို့ကို နှောင့်နှေးကြန့်ကြာအောင်ပဲ လုပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ အရမ်း ကြာသွားရင် … ”
စုယန်ယန်ရဲ့ နှလုံးသားထဲမှာ တုန်လှုပ်သွားကာ အခြေအနေက တကယ့်ကို ကျဉ်းထဲကြပ်ထဲ ရောက်နေတာကို အကြမ်းဖျင်း နားလည်သွားသည်။
လွန်ခဲ့တဲ့ မိနစ်အနည်းငယ်တုန်းကနှင့် ယှဉ်လိုက်လျှင် သူတို့နောက်ကို လိုက်နေတဲ့ အဖွဲ့ထဲကို နောက်ထပ် ကား အနည်းငယ်ကပါ အင်အားပူးပေါင်းလာခဲ့သည်။ ထိုလူတွေ ပြင်ဆင်ပြီးမှ ရောက်လာတာ သိသာထင်ရှားသည်။
သူတို့ အဖမ်းခံရဖို့ အချိန်ခဏသာ လိုသည်။ အဖမ်းမခံရသေးခင် အချိန်မှာတောင် ကားတစ်စီးက တစ်နေရာရာကနေ ရုတ်တရက် ထွက်ပေါ်လာပြီး ချုံခိုတိုက်ခိုက် ပိတ်ဆို့ကာ သူတို့က ဖန်ပုလင်းထဲမှာ အဖမ်းခံရတဲ့ လိပ်ကလေးတွေ ဖြစ်သွားနိုင်ချေများသည်။
လက်တွေ့ အမှန်တရားက သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေက အကျိုးအကြောင်းမဲ့ မဟုတ်ကြောင်း သက်သေပြပေးခဲ့သည်။
လမ်းဆုံကို ချိုးကွေ့လာခဲ့ပြီးနောက် သူတို့ကို ရပ်တန့်ဖို့ ကြိုးစားနေသော ထရပ်ကားလေး တစ်စီးနှင့် တည့်တည့်တိုးသဖြင့် နောက်ဆုံးတော့ သူတို့ရဲ့ ကားကို မိန်းလမ်းပေါ်ကနေ ခွဲထွက်၍ မောင်းလာခဲ့ရလေသည်။
သို့သော်လည်း လမ်းရဲ့ အဆုံးနှစ်ဖက်မှာလည်း သူတို့ကို စောင့်ကြိုနေသော ကားတွေက အဆင်သင့်ရှိနေ၏။ သူတို့ကို ဒီနေရာမှာ ချောင်ပိတ်ဖို့ စီစဉ်ထားတာ မျက်မြင်ထင်ရှားပင်။
အရှေ့ဘက်က ချုံခိုတိုက်ခိုက်နေသလို အနောက်ဘက်ကလည်း တရကြမ်း လိုက်လံဖမ်းဆီးနေတာမို့ အနည်းငယ်မျှ သတိလွတ်ရုံနှင့် သေပွဲဝင်သွားရနိုင်သည်။
ကုရှောက်ယန်ရဲ့ နဖူးပေါ်ကနေ ချွေးစေးတွေ စီးကျလာပြီး စုယန်ယန်ရဲ့ နှလုံးသားထဲမှာလည်း တဒိန်းဒိန်း ခုန်နေသည်။ ထိုကဲ့သို့ အရေးပေါ် အခြေအနေမှာပဲ အကြာကြီး တိတ်ဆိတ်နေသော စနစ်က ရုတ်တရက် ထပြောခဲ့သည်။
[ ညာဘက်ကို မောင်းသွားလိုက်ပါ … လုံးဝ နောက်ကြောင်း ပြန်မလှည့်နဲ့။ ]
ညာဘက်ကို မောင်းရမယ်တဲ့လား … ။ စုယန်ယန်က ညာဘက်လမ်းပေါ်က ကားတွေကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ ဘယ်ဘက်လမ်းပေါ်က ကားတွေနှင့် ယှဉ်လျှင် ညာဘက်လမ်းပေါ်က ကားတွေက အင်အားနည်းပြီး ထိုးဖောက်ဝင်ရောက်ဖို့ လွယ်ကူပုံပေါ်သည်။
စနစ်ရဲ့ ရည်ရွယ်ချက်တွေကို သူမ သိပ်နားမလည်သော်လည်း အခုအချိန်မှာ သူမ လုပ်နိုင်တဲ့ တစ်ခုတည်းသော သူ့ကို ယုံကြည်လိုက်ဖို့ပါပဲ။
“ ညာဘက်ကို မောင်းလိုက် ရှောက်ယန်။ ဘာကိုမှ ဂရုမစိုက်နဲ့။ သူတို့ နင့်ကို အရှေ့က ပိတ်ပြီး တားနေရင်လည်း ဖြတ်တိုက်မောင်းသွားလိုက်။ ”