← Chapters

အခန်း ၁၀၈၆

Vol. 73 Ch. 1086

အခန်း ၁၀၈၆

Vol. 73 Ch. 1086

အခန်း ( ၁၀၈၆ ) ကားတိုက်မှုဖြစ်ပွားခြင်း။

ကုရှောက်ယန်က အံ့ဩသွားသော်လည်း စုယန်ယန်ရဲ့ စကားကို မေးခွန်းထုတ်မနေတော့ပါ။ စတီယာရင်ဘီးကို လှည့်ကာ လီဗာကို နင်း၍ စုယန်ယန် ညွှန်ပြတဲ့ ဦးတည်ချက်အတိုင်း အရှိန်တင်၍ မောင်းနှင်လာခဲ့လိုက်သည်။

လမ်းရဲ့ ညာဘက်ခြမ်းက ကားတွေကလည်း စတင်လှုပ်ရှားကာ သူတို့ကို ဝိုင်းရံလိုက်ပြီး သူတို့ဆီသို့ ဦးတည်မောင်းနှင်လာခဲ့သည်။

စုယန်ယန်နှင့် ကုရှောက်ယန်ရဲ့ မျက်နှာအမူအရာတွေက အနည်းငယ် ပြောင်းလဲသွားပေမဲ့ သူတို့မှာ လွတ်လမ်းမရှိဘူး ဆိုတာကို သိသောကြောင့် ကားတွေ တဖြည်းဖြည်း နီးကပ်လာတာကို ကြည့်နေရုံသာ တတ်နိုင်သည်။

ထိုကားတွေနှင့် သူတို့ကြား တစ်မီတာ အကွာအဝေးတောင် မရှိတော့ချိန်မှာတော့ စုယန်ယန်ရဲ့ နှလုံးသားဟာ လည်ချောင်းထဲကနေ ခုန်ထွက်လာတော့မလားတောင် ထင်ရသည်။

သို့သော်လည်း နောက်ဆက်တွဲ ဖြစ်ပျက်လာသော အဖြစ်အပျက်က လူတိုင်းရဲ့ ထင်မြင်ချက်တွေနှင့် ပြောင်းပြန်ပင်။ ထိုကားတွေက စုယန်ယန်နှင့် ကုရှောက်ယန်ရဲ့ လမ်းကို မပိတ်ဘဲ တည့်တည့်ဝင်တိုးခါနီးဆဲဆဲမှာမှ သူတို့ကားဘေးကနေ ပွတ်ကာသီကာ ဖြတ်ကျော်၍ သူတို့နောက်ကို တောက်လျှောက် လိုက်လာသည့် ကားတွေဆီသို့ မောင်းသွားလေသည်။

သူတို့ကိုယ်သူတို့ ကြမ္မာဆိုးဝင်ပြီဟု ထင်ထားသော ကုရှောက်ယန်နှင့် စုယန်ယန်က ထိုအခြေအနေကြောင့် မှင်သက်သွားကြသည်။

“ သူတို့က … ကျွန်တော်တို့ကို လာကူညီတာလား။ ”

“ မပြောတတ်ဘူး … ” စုယန်ယန်ကတော့ ထိုလူတွေအား သူမတို့ကို လာကူညီသူတွေလို့ ပြောရမှာထက် သူမမျက်စိရှေ့က ဒရာမာဆန်ဆန် ဒီဇာတ်ဝင်ခန်းဟာ လူမိုက်ဂိုဏ်းသားတွေ သူတို့ဘာသာ အဝေမတည့်ဖြစ်ပြီး စကားများ ရန်ဖြစ်ကြတာလို့ပဲ ပိုယုံကြည်ချင်သည်။

လာကူညီသူပဲဖြစ်ဖြစ် ၊ လူမိုက်ဂိုဏ်းသားပဲဖြစ်ဖြစ် အဲ့ဒါက စုယန်ယန် ဂရုစိုက်သင့်တဲ့ အရာ မဟုတ်ပါ။ လက်ရှိအချိန်မှာ အရေးကြီးဆုံးက ဒီလို အန္တရာယ်များတဲ့ နေရာကနေ ဘေးကင်းလုံခြုံမှုရှိတဲ့ နေရာကို အမြန် ထွက်သွားဖို့ ဖြစ်သည်။

ကုရှောက်ယန်က အဲ့ဒါကို ကောင်းကောင်း သိပါသည်။ သူက အနောက်မှာ ဖရိုဖရဲဖြစ်နေတဲ့ ကား အနည်းငယ်ကို ကြည့်ကာ လီဗာနင်း၍ အမြန်ဆုံး အရှိန်နှုန်းဖြင့် မောင်းထွက်လာခဲ့သည်။

နောက်ထပ် ( ၁) ကီလိုမီတာကျော် မောင်းလာအပြီး သူတို့နောက်ကို ကားတစ်စီးမှ လိုက်မလာတော့ဘူး ဆိုတာ အတည်ပြုနိုင်တော့မှ စိတ်သက်သာရာရသွားသော သက်ပြင်းမောလေးကို မှုတ်ထုတ်နိုင်တော့သည်။ ဒါပေမဲ့ ထိုအချိန်မှာပဲ စနစ်ရဲ့ သတိပေးသံက ထပ်မံ မြည်လာခဲ့သည်။

စုယန်ယန်က အနည်းငယ် အံ့အားသင့်သွားကာ ဖျတ်ခနဲ မော့ကြည့်လိုက်ချိန်မှာ မြင်လိုက်ရသော မြင်ကွင်းကြောင့် မျက်လုံးပြူးသွားသည်။

“ သတိထား … ”

ကုရှောက်ယန်သည် စုယန်ယန်ရဲ့ ရုတ်တရက် ‌အော်သံကြောင့် ကြောင်အနေတုန်းမှာပဲ လမ်းထောင့်တစ်နေရာကနေ ဘွားခနဲ ထွက်ပေါ်လာတဲ့ ထရပ်ကား အမည်းရောင်တစ်စီးကို မြင်လိုက်ရသောကြောင့် စတီယာရင်ဘီးကို ချက်ချင်း ထိန်းချုပ်ပြီး လမ်းဘေးတစ်ဖက်ကို ရှောင်လွှဲလိုက်၏။

ကံမကောင်းစွာဖြင့် လမ်းက အရမ်း ကျဉ်းနေလေရာ သူ့တုံ့ပြန်မှုက ဘယ်လောက်ပဲ လျင်မြန်ပါစေ ၊ အကန့်အသတ်ရှိတဲ့ နေရာကို မကျော်လွှားနိုင်ဘဲ ထရပ်ကားက ကုရှောက်ယန် ထိုင်နေတဲ့ ကားမောင်သူထိုင်ခုံဘက်ခြမ်းကို ဝင်တိုက်ပြီး ကားက ရုတ်ချည်း ဟန်ချက်ပျက်သွားခဲ့သည်။

စုယန်ယန်မှာ ရှည်ရှည်ဝေးဝေး စဉ်းစားနေဖို့ အချိန်မရဘဲ ကြောက်လန့်တကြား အော်ငိုနေသော ကလေးကို တင်းကြပ်စွာ ထွေးပွေ့ထားလိုက်သည်။

သူမတို့ရဲ့ ကားက မှောက်သွားတာတွေ ၊ ဘာတွေ မရှိဘဲ အတိုက်ခံရပြီးနောက် ချာလပတ်ရမ်းကာ လမ်းကို ကာရံထားတဲ့ သံလက်ရန်းတံတိုင်းကို ဝင်တိုက်ပြီး ရပ်တန့်သွားလို့ တော်သေးသည်။

သို့သော်လည်း ကားအရှေ့ပိုင်းနှင့် ကားမောင်းသူထိုင်ခုံရှိတဲ့ ပြတင်းပေါက်ဘက်ခြမ်းမှာတော့ ဆိုးဆိုးဝါးဝါး ချိုင့်ဝင်သွားတာမို့ ထိခိုက်မှု ဘယ်လောက် ပြင်းထန်သလဲ ဆိုတာ စိတ်ကူးကြည့်လို့ ရသည်။

စုယန်ယန်က သည်းသည်းထန်ထန် ငိုကြွေးနေတဲ့ ကလေးကို အငိုတိတ်အောင် ချော့ပြီးနောက် မူးဝေးနေသော ခေါင်းကို ခါယမ်းကာ သူမရဲ့ ရင်ခွင်ထဲက ကြယ်လေးကို ဖြူဖတ်ဖြူရော် မျက်နှာဖြင့် ကြည့်လိုက်မိသည်။

ကလေးက‌ ကြေက်ရွံ့စွာ အော်ငိုနေရုံကလွဲလို့ ပြင်ပ ထိခိုက်ဒဏ်ရာ တစ်ခုမှ မရှိတာ သေချာတော့မှ စိတ်အေးသွားကာ ကုရှောက်ယန်ရဲ့ အခြေအနေကို သွားစစ်ဆေးကြည့်လိုက်သည်။

ထရပ်ကားက သူ့ဘက်ကို ခေါင်းတည်၍ ဝင်တိုက်ခဲ့တဲ့အပြင် ကားကလည်း ဟန်ချက်ပျက်သွားတာမို့ ကုရှောက်ယန်သည် ဘယ်သူမှ မရှိတဲ့ ဘက်ခြမ်းသို့ အမြန် ချိုးကွေ့ခဲ့ရသည်။ နောက်ခန်းထဲက ထိုင်ခုံတွေ ထိခိုက်သွားပေမဲ့ ထိခိုက်မှုက ကုရှောက်ယန် ရှိနေတဲ့ ရှေ့ခန်းနှင့် ယှဉ်လျှင် မပြောပလောက်ပါ။

စုယန်ယန်က အနားကို တိုးကပ်သွားပြီး ကြည့်လိုက်တော့ မျက်လုံးတွေကို ခပ်တင်းတင်း စေ့ပိတ်ထားလျက် နဖုးပေါ်ကနေ သွေးတွေ စီးကျနေဆဲ ဖြစ်သော ကုရှောက်ယန်ကို မြင်လိုက်ရကာ ရင်တုန်သွားသည်။

“ ရှောက်ယန် ရှောက်ယန် … ထပါဦး … မြန်မြန်ထပါ … ” စုယန်ယန်က ကုရှောက်ယန်ရဲ့ နှာခေါင်းအောက်မှာ လက်ချောင်းခံ၍ အသက်ရှူသေးလား ဆိုတာ စမ်းသပ်ကြည့်လိုက်သည်။ ထို့နောက် နှလုံးခုန်သေးလား ဆိုတာ အတည်ပြုသည်။ အဲ့လိုတွေ စမ်းသပ်ပြီးတော့မှ သူမရဲ့ ရင်ထဲက အပူလုံးကြီး အနည်းငယ် ကျသွားသည်။

သို့သော် ကုရှောက်ယန် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရထားတယ် ဆိုတာကိုလည်း သူမ ကောင်းကောင်း နားလည်ပါသည်။

All Chapters