အခန်း ၁၀၈၈
Vol. 73 Ch. 1088
အခန်း ( ၁၀၈၈ ) သူ့ကို ဆေးရုံပို့ပေးပါ။
ထိုအတွေးနှင့်အတူ စုယန်ယန်ရဲ့ အကြည့်က ကားမောင်းသူထိုင်ခုံနေရာမှာ သတိမေ့မြောနေတဲ့ ကုရှောက်ယန်ထံ အကြည့်ရောက်သွားသည်။
“ သူ့ကို ဆေးရုံပို့ပေးပါ။ ”
“ ဘာ … “
“ သူ့ကို ဆေးရုံပို့ပေးပါ။ ” စုယန်ယန်က လီယွဲ့ရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်၍ ငြင်းဆန်ဖို့ အခွင့်အရေးမပေးဘဲ ပြောလိုက်သည်။ “ တစ်ယောက်ယောက်ကို သူ့ကို ဆေးရုံပို့ခိုင်းလိုက်ပါ။ သူ့လုံခြုံမှုကို အတည်ပြုနိုင်ရင် ကျွန်မ ရှင်တို့နဲ့ လိုက်ခဲ့မယ်။ ”
“ အဲ့ဒါက … ” လီယွဲ့က တုံ့ဆိုင်းနေပုံပေါ်သည်။
စုယန်ယန်မှာ သူတို့နှင့် ဝေ့လည်ကြောင်ပတ် ဆက်လုပ်နေဖို့ ရည်ရွယ်ချက်မရှိပေ။ “ ကျွန်မတို့မှာ အချိန်သိပ်မကျန်တော့ဘူးနော်။ ရှင် ကျွန်မရဲ့ ဒီတောင်းဆိုမှုလေးကို လက်ခံမလား … နှစ်ယောက်အတူ သေသွားချင်လား။ အမြန်ဆုံး ဆုံးဖြတ်ချက်ချတာ ကောင်းလိမ့်မယ် လူကြီးမင်း။ ”
လူမိုက်ဂိုဏ်းက လူတွေ သူတို့နောက်ကို ဘယ်အချိန်မှာ မီသွားမလဲ ဆိုတာ စုယန်ယန် မသိသလို ကုရှောက်ယန်ရဲ့ ဒဏ်ရာတွေကလည်း နှောင့်နှေးကြန့်ကြာနေလို့ မရပါ။ အခုအချိန်မှာ သူမ လုပ်နိုင်တဲ့ အရာက သို့ထျန်းယီ သူမကို လိုအပ်နေဆဲ ဖြစ်ပါစေဟု ကံကြမ္မာကို လောင်းကြေးထပ်ရုံသာ ရှိသည်။
လီယွဲ့ရဲ့ အမူအရာက ရုတ်တရက် ပြောင်းလဲသွားကာ “ ကောင်းပြီ။ ငါ မင်းကို ကတိပေးတယ်။ ” ဟု အံကြိတ်၍ ပြန်ပြောသည်။
…
“ သခင်လေး … ”
ယုကျစ်ယန်က မလှမ်းမကမ်းရှိ ခံစားချက်ကင်းမဲ့နေသော အမျိုးသားကို ကြည့်လိုက်သည်။ သူ့မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်နေကာ စိုးရိမ်ပူပန်မှုတွေနှင့် ပူလောင်လျက် ဘာပြောရမှန်း မသိတော့ပါ။
“ ရှောက်ယန်ရဲ့ အခြေအနေ ဘယ်လိုလဲ။ ”
“ ဆရာဝန်တွေက အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်မှုမရှိဘူးလို့ ပြောတယ် … အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မလိုဘူးတဲ့။ ဒါပေမဲ့ သူ့ခေါင်းမှာ ထိခိုက်ထားတဲ့ ဒဏ်ရာကတော့ တော်တော်လေး ပြင်းထန်တယ် ၊ သွေးတွေလည်း အများကြီး ထွက်ထားတယ်။ သူ ပြန်ကောင်းဖို့အတွက် အနားယူဖို့ လိုမယ်တဲ့။ ”
“ နားလည်ပြီ။ ”
ဟောက်ချန်ဟွမ်းရဲ့ စကားဆုံးသည်နှင့် သူ့နောက်ဘက်မှာ အလျင်စလို ခြေသံတွေ ထွက်ပေါ်လာခဲ့သည်။ လက်ထဲမှာ စာရွက်စာတမ်းတစ်စောင်ကို ကိုင်ထားတဲ့ ကျိုးယန်ပိုင်က စိုးရိမ်ပူပန်သော အမူအရာဖြင့် ပြေးလာခဲ့ပြီး သူ့နောက်မှာ သူ့လိုပဲ စိုးရိမ်ပူပန်နေတဲ့ အမျိုးသားတစ်ယောက်လည်း ပါလာသည်။
“ ဦးလေးလား။ ” ဟောက်ချန်ဟွမ်းက ထိုအမျိုးသားကို ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။ “ ဦးလေးက ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ။ ”
“ ဟိုက ကိစ္စတွေ အကုန်လုံး ကိုင်တွယ်ဖြေရှင်းသွားပြီ။ လွတ်သွားတဲ့ လူနည်းနည်းပဲ ရှိတယ်။ သူတို့ မင်းနဲ့ ယန်ယန်ကို ဒုက္ခလာပေးမှာ စိုးလို့ ငါ အမြန် ပြန်လာခဲ့တာ။ ဒါပေမဲ့ သူတို့ကို လမ်းမှာ တွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး … ”
ကျန်းချန့်ယန်က ပြောနေရင်း ကျိုးယန်ပိုင်ဘက်ကို လှည့်ကာ ဟောက်ချန်ဟွမ်းအား အကျိုးအကြောင်းတင်ပြဖို့ ညွှန်ကြားလိုက်သည်။
“ သခင်မလေး အက်ဆီးဒင့်ဖြစ်ပွားတဲ့ နယ်မြေတစ်ဝိုက်က စီစီတီဗီကင်မရာတွေနဲ့ မျက်မြင်သက်သေ တချို့ရဲ့ ပြောစကားအရ လူတစ်စုက မိန်းလမ်းပေါ်ကို တက်လာပြီး,ပြီးချင်းပဲ သခင်လေးရဲ့ ကားနဲ့ သခင်မလေးရဲ့ ကားကို ပစ်မှတ်ထားခဲ့တာပါ။ သူတို့တွေက သခင်လေး ထွက်သွားပြီးတော့ သိပ်မကြာဘူး ၊ သခင်မလေးရဲ့ ကားနောက်ကို လိုက်ခဲ့တယ်။ အဲ့လို လိုက်နေတဲ့ အချိန်အတွင်း သခင်မလေးရဲ့ ကားကို ရပ်တန့်ဖို့ သူတို့ကားနဲ့ ဝင်တိုက်တာတွေမျိုးတွေ လုပ်ခဲ့တယ် ၊ သေ … သေနတ်နဲ့တောင် ပစ်ခဲ့တယ်။ ”
ထိုစကားကို ကြားတော့ လူတိုင်းရဲ့ မျက်နှာအမူအရာတွေက ပြောင်းလဲသွားသည်။
“ ကံကောင်းတာက သခင်မလေးရဲ့ ကားမှန်တွေက ကျည်ကာမှန်တွေမို့လို့ ထိခိုက်မှုမရှိခဲ့ဘူး။ ဒါပေမဲ့ ကြိုတင်ပြင်ဆင်ထားပုံပေါ်တဲ့ အဲ့ဒီလူတွေက လမ်းဆုံတွေမှာ ချုံခိုတိုက်ခိုက်ဖို့ ကားတွေ အများကြီး စီစဉ်ထားခဲ့တယ်။ မျက်မြင်သက်သေ တချို့ ပြောတာတော့ ညနေ ( ၃ ) နာရီဝန်းပျင်မှာ ရှောက်ယန်က သူတို့နောက်ကို လိုက်နေတဲ့ ကားတွေကို မျက်ခြည်ဖြတ်ဖို့ ကြိုးစားရင်း နောက်ထပ် ကားတွေနဲ့ ဝင်တိုးခဲ့တယ်တဲ့။ နှစ်ဖက် ကားတွေ ဝင်တိုက်ပြီး ရှုပ်ယှက်ခတ်နေတုန်းမှာပဲ သခင်မလေးရဲ့ ကားက လွတ်မြောက်သွားခဲ့တယ်။ ဒါပေမဲ့ လမ်းရဲ့ အဲ့ဒီအပိုင်းကနေ စပြီး ပတ်ဝန်းကျင်မှာ လူလည်း သိပ်မရှိတော့ဘူး ၊ စီစီတီဗီကင်မရာတွေလည်း သိပ်မရှိတော့ဘူး … ”
ကျိုးယန်ပိုင်က ဟောက်ချန်ဟွမ်းရဲ့ ပြိုတော့မည့်မိုးနှယ် မည်းမှောင်လာသော မျက်နှာကြီးကို ကြည့်ကာ ခဏ စကားရပ်ပြီးမှ ဆက်ပြောလိုက်သည်။ “ လူနာတွေကို လက်ခံဖို့ တာဝန်ကျနေတဲ့ သူနာပြုရဲ့ ပြောစကားအရ သူတို့ကို ဖုန်းဆက်ပြီး အကူအညီတောင်းခဲ့တဲ့ လူက ယောက်ျားတစ်ယောက်တဲ့။ သူတို့ရဲ့ ဖော်ပြချက်အရဆို ရှောက်ယန်က ရဲစခန်းကို သူကိုယ်တိုင် ဖုန်းဆက်ခဲ့တာ မဖြစ်နိုင်ဘူး။ ”
ကျိုးယန်ပိုင်ရဲ့ စကားကြောင့် အကုန်လုံးက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ကုရှောက်ယန်က ရဲစခန်းကို ကိုယ်တိုင် ဖုန်းမဆက်နိုင်သလို သူ့အတွက် ဖုန်းဆက်ပေးတဲ့ လူက ယောက်ျားတစ်ယောက် ဖြစ်နေတာမို့ ထိုလူက စုယန်ယန်နှင့် ကြယ်လေးကို ပြန်ပေးဆွဲသွားတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နိုင်သည်။
“ သူတို့ အဲ့ဒီနေရာကို ရောက်သွားတော့ ရှောက်ယန်က လုံခြုံတဲ့ လမ်းဘေးတစ်နေရာမှာ ရှိနေတယ်တဲ့။ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကိုလည်း သွေးတိတ်အောင်လို့ အကြမ်းဖျင်း ကုသပေးထားတယ်လို့ ပြောတယ်။ မဟုတ်ရင် အဲ့ဒီအချိန်တုန်းက ရှောက်ယန်ရဲ့ ဒဏ်ရာတွေနဲ့ ဆိုရင် လူနာတင်ကား ရောက်လာတဲ့အချိန်ထိ မခံလောက်ဘူး … ”