အခန်း ၁၀၈၉
Vol. 73 Ch. 1089
အခန်း ( ၁၀၈၉ ) ဖမ်းဆီးခံရခြင်း။
ကျန်းချန့်ယန်က ထိုစကားကို ကြားတော့ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ “ သူ့ကို ကုသပေးထားတာက ယန်ယန်လား။ ”
“ အဲ့လို ဖြစ်မယ် ထင်တယ်။ ” စုယန်ယန်ကို ပြန်ပေးဆွဲသွားတဲ့ လူတွေက ကားတိုက်မှုအပြီး ကုရှောက်ယန်ရဲ့ ထိခိုက်ဒဏ်ရာတွေကို ကုသပေးဖို့အတွက် သူမကို ပြန်ပို့ပေးလိမ့်မည်ဟု ကုရှောက်ယန် မထင်ပါ။
တစ်ခုတည်းသော ဖြစ်နိုင်ချေက စုယန်ယန်ဟာ သူတို့နှင့် လိုက်မသွားခင်မှာ နည်းလမ်း တချို့ကို အသုံးပြုပြီး ထိုလူတွေအား ကုရှောက်ယန်ကို သွေးတိတ်အောင် လုပ်၍ အသက်ကယ်ပေးဖို့ အကူအညီတောင်းခဲ့တာ ဖြစ်လိမ့်မည်။
ကျန်းချန့်ယန်ရဲ့ မျက်လုံးတွေက အရောင်တောက်သွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ ဒါက အဲ့ဒီလူတွေက အကြောင်းပြချက် တချို့ကြောင့် သခင်မလေးကို ဘာမှ မလုပ်ရဲဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်လား။ သူတို့က သခင်မလေး ခြိမ်းခြောက်တာကိုတောင် ခံခဲ့ရပြီး ကုရှောက်ယန်ကို ဘယ်လိုမှ မတတ်သာဘဲ ကယ်တင်ပေးခဲ့ရတယ်။ ဒါဆို သခင်မလေးတို့သားအမိ အချိန်တစ်ခုထိတော့ ဘေးကင်းနေဦးမယ် ထင်တယ်။ ”
သူ့လောက် အကောင်းမြင်စိတ်မရှိတဲ့ ကျိုးယန်ပိုင်က မျက်မှောင်ကြုတ်လိုက်သည်။ “ အဲ့လိုလည်း အတိအကျကြီး မှတ်ယူလို့ မရပါဘူး။ သခင်မလေးက အဲ့လူတွေနဲ့ ပါမသွားခင် ကုရှောက်ယန်ကို ဆေးကုပေးခဲ့တာကို အဲ့ဒီလူတွေက သတိမထားမိတာ ဖြစ်နိုင်တယ်။ ”
“ အဲ့လို ပျက်စီးနေတဲ့ ကားတစ်စီးနဲ့ ယောက်ျားရင့်မာကြီး တစ်ယောက်ကို သူတို့က သတိမထားမိဘဲ နေမလား။ ယန်ယန်နဲ့ ကလေးကို ခေါ်သွားတဲ့ လူက မျက်ကန်း မဟုတ်ဘူး။ သူက ဘယ်လိုလုပ် ကုရှောက်ယန်ကို မမြင်ဘဲ နေမှာလဲ။ ပြန်ပေးဆွဲသမားနေရာမှာ မင်း ဆိုရင်ရော ကိုယ့်ကို ဘယ်သူဘယ်ဝါ ဆိုတာ ဖော်ထုတ်နိုင်မယ့် လူကို အရှင်ထားခဲ့မှာလား။ ယန်ယန်က သူ့ကို အသက်ကယ်ပေးဖို့အတွက် တစ်ခုခု လုပ်ခဲ့တာပဲ ဖြစ်လိမ့်မယ်။ လောလောဆယ်တော့ ယန်ယန်နဲ့ ကလေး အဆင်ပြေလောက်ဦးမှာပါ။ ”
သူတို့နောက်ကနေ အနည်းငယ် ရုတ်တရက်ဆန်သော စကားသံ ထွက်ပေါ်လာခဲ့သည်။ အသံက ကြမ်းရှသော်လည်း ဖုံးဖိလို့ မရသော စိုးရိမ်ပူပန်မှုတွေက အတိုင်းသား ပေါ်လွင်နေကာ ထိုစကားက သူတို့အတွက်လား ၊ သူ့ကိုယ်သူအတွက်လား ဆိုတာတော့ မသေချာ။
ဟောက်ချန်ဟွမ်းက အသံပိုင်ရှင်ကို ကြည့်ပြီး “ အစ်ကို ” ဟု ခပ်တိုးတိုး ခေါ်လိုက်သည်။သူ စုယန်ယန်ရဲ့ အဖြစ်အပျက်ကြောင့် လူကြီးနှစ်ယောက် အစိုးရိမ်လွန်သွားမှာကို စိုးရိမ်သောကြောင့် သူတို့ကိုတော့ မပြောရဲဘဲ စုယွီရွှမ်းကိုသာ အသိပေးထားခဲ့သည်။
စုယွီရွှမ်းက အေးစက်စွာ လှောင်ပြုံး ပြုံးလိုက်ပြီး သူ့ကို စကားအကောင်း မပြောပါ။ “ မင်းဘေးနားက သက်ရှိထင်ရှားရှိနေတဲ့ လူနှစ်ယောက်က ဘယ်လိုလုပ် အဲ့လိုမျိုး ပျောက်သွားနိုင်ရတာလဲ။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက မည်းမှောင်သွားကာ စကားတစ်ခွန်းမှ ပြန်မပြောနိုင်ဘဲ ခေါင်းငုံ့နေခဲ့ရသည်။ ကျန်းချန့်ယန်က ဒီလို အချိန်မှာ သူ့တူ အပြစ်တင်ခံနေရခြင်းကို ရပ်ကြည့်မနေနိုင်သောကြောင့် သက်ပြင်းရှိုက်ရင်း ဝင်ရောက်ဖြန်ဖြေပေးလိုက်သည်။
“ ငါတို့ အဲ့ကိစ္စကို နောက်မှ ပြောကြတာပေါ့။ အခုအချိန်မှာ အရေးကြီးဆုံးက သူတို့ကို ဘယ်လို ရှာမလဲ ဆိုတာပဲ။ ငါ ယန်ယန်နဲ့ ကလေး မပျောက်သွားခင် ပဋိပက္ခဖြစ်ခဲ့တဲ့ အဖွဲ့နှစ်ဖွဲ့ကို ဖမ်းဖို့အတွက် လူတွေ လွှတ်ထားတယ်။ အဲ့ဒီ အဖွဲ့နှစ်ဖွဲ့က ယန်ယန် ပျောက်မသွားခင်မှာ ယန်ယန့်ကို လိုက်ဖမ်းခဲ့တာ။ ယန်ယန့်ကို ပြန်ပေးဆွဲသွားတာက သူတို့ မဟုတ်ရင်တောင် ဒီကိစ္စက သူတို့နဲ့ ပတ်သက်နေလိမ့်မယ်။ ”
တိုက်ဆိုင်စွာပဲ ကျန်းချန့်ယန်ရဲ့ စကားဆုံးသည်နှင့် သူ လွှတ်ထားတဲ့ လူက ဖုန်းလှမ်းဆက်သည်။
ကျန်းချန့်ယန်က ဖုန်းကိုင်ပြီးနောက် မျက်လုံးတွေ တောက်ပသွားကာ စုယန်ယန်တို့သားအမိကို စိုးရိမ်ပူပန်နေသော လူစုအား “ ငါတို့ သူ့ကို ဖမ်းမိပြီ။ ” ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဟောက်ချန်ဟွမ်းနှင့် ကျန်လူတွေက ဒယ်အိုးပူပေါ်က ပုရွက်ဆိတ်တွေလို လှုပ်လှုပ်ရွရွ ဖြစ်သွားကာ စုယန်ယန်နှင့် ကလေးအား အမြန်ဆုံး လိုက်ရှာဖို့ မစောင့်နိုင်အောင် ဖြစ်နေတော့သည်။
ထိုအချိန်မှာ လီယွဲ့ကတော့ သူတို့ စိုးရိမ်နေသော လူကို ဝေးလံခေါင်ဖျားသော အပန်းဖြေစံအိမ်တစ်လုံးသို့ ခေါ်သွားခဲ့သည်။
အပန်းဖြေစံအိမ်က အိုဟောင်းနေပြီး အပြင်ပန်းကနေ ကြည့်ရသလောက် အနည်းငယ် ညစ်ပတ်ဟောင်းနွမ်းနေသည်။ အပြင်ဘက်နံရံမှာ နွယ်ပင်တွေ ၊ ရေညှိတွေ တွယ်ကပ်နေပြီး ခြံထဲမှာလည်း မြက်ပင် ၊ ပေါင်းပင်တွေက ထိုးထိုးထောင်ထောင် ရှိနေ၏။ အဝေးကနေ ကြည့်လျှင် ဘယ်သူမဆို ဒီအိမ်ကို လူမနေသလို ပုံမှန် ပြုပြင်မှုလည်း မရှိတဲ့ အိမ်ပျက်ကြီးတစ်လုံးအဖြစ်သာ မြင်လိမ့်မည်။
သို့သော်လည်း အိမ်ထဲကို ရောက်လျှင်တော့ အိမ်ထဲက ပစ္စည်း အများစုဟာ အကောင်းပကတိအတိုင်း ရှိနေပြီး ဖုန်လည်း တစ်စက်မှ မရှိတာကို တွေ့ရပါလိမ့်မည်။
အရင်တုန်းက ဒီအိမ်ထဲမှာ တစ်ယောက်ယောက် နေပြီး ပုံမှန် သန့်ရှင်းရေးလုပ်ခဲ့တာလား ၊ သို့မဟုတ် တစ်ယောက်ယောက် လာမှာမို့လို့ အထူးတလည် သန့်ရှင်းရေးလုပ်ထားတာလားတော့ မပြောတတ်။
လီယွဲ့က စုယန်ယန်တို့သားအမိကို ဧည့်ခန်းထဲမှာ နေရာချပေးခဲ့ပြီး လူတစ်ယောက်အား သူမတို့ကို ဂရုစိုက်ဖို့ မှာကာ နောက်ဖေးခြံထဲသို့ ထွက်သွား၏။ ထို့နောက် ဘယ်လောက်မှ မကြာလိုက်ဘဲ ရင်းနှီးကျွမ်းဝင်သော ဝှီးချဲတွန်းသံကို ကြားရသည်။
စုယန်ယန် အနည်းငယ် မျက်မှောင်ကြုတ်မိသွားကာ သူမရဲ့ ရင်ခွင်ထဲမှာ အိပ်ပျော်နေသော ကလေးထံမှ အကြည့်လွှဲပြီး အသံလာရာဆီ လှမ်းကြည့်လိုက်သည်။ သို့ထျန်းယီနှင့် သူ့နောက်က ရင်းနှီးသော အသွင်သဏ္ဍာန်ကို မြင်ချိန်မှာတော့ အံ့ဩမှုကြောင့် မျက်လုံးပြူးသွားရလေသည်။