အခန်း ၁၀၉၀
Vol. 73 Ch. 1090
အခန်း ( ၁၀၉၀ ) အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့ ဆုံတွေ့ခြင်း။
သို့ထျန်းယီက သူမတို့ နောက်ဆုံးတစ်ခေါက် တွေ့ခဲ့ချိန်နှင့် ယှဉ်လျှင် အများကြီး ပြောင်းလဲသွားသည်။ အစကတည်းက ဖြူဖျော့နေတံ့ သူ့မျက်နှာက အခုတော့ အရောင်အဆင်းကင်းမဲ့နေသည်ဟု ပြောလို့ ရကာ လူနှင့်တောင် မတူတော့ဘဲ ပြတိုက်ထဲက အဖြူရောင် လူပန်းပုရုပ် တစ်ရုပ်နှင့် ပိုတူသည်။
အစကတည်း အသားသိပ်မရှိတဲ့ သူ့မျက်နှာက အခုတော့ ချိုင့်ခွက်ဝင်နေပြီး လူအရေပြားကပ်ထားတဲ့ အရိုးစု တစ်ခုလိုပဲ စကားလုံးနှင့် ဖော်ပြလို့ မရလောက်အောင်ပင် သွေးပျက်ခြောက်ခြားဖွယ်ကောင်းနေသည်။
သို့သော်လည်း စုယန်ယန်ကို အမှန်တကယ် အံ့အားသင့်စေတာက သို့ထျန်းယီရဲ့ ပုံစံ မဟုတ်ဘဲ သူ့နောက်မှာ လိုက်ပါလာသူ ဖြစ်သည်။
တစ်နှစ်ကျော်အကြာမှာ ဝမ်ကျင့်ဖျင်ကို ပထမဆုံးအကြိမ် ပြန်မြင်ရခြင်းပါ။ အရင်တုန်းက တခြားလူတွေရဲ့ ပါးစပ်ထဲမှာ ၊ ထူးဆန်းတဲ့ ရိုမန့်တစ် သတင်းဆောင်းပါးတွေမှာသာ ထိုအမျိုးသမီးရဲ့ ပုံရိပ်ကို မြင်တွေ့ခဲ့ရသည်။
သူတို့ နောက်ဆုံး တွေ့ခဲ့တဲ့ တစ်ခေါက်နှင့် ယှဉ်လိုက်လျှင် ဝမ်ကျင့်ဖျင်က မျက်တွင်းတွေ ချောင်ကျပြီး စိတ်နှင့်ကိုယ်မကပ်သလို ငူငူငိုင်ငိုင်ကြီး ဖြစ်နေ၏။ သို့ထျန်းယီကို အကွာအဝေးတစ်ခုထိ တွန်းလာခဲ့သော သူမပုံစံက မျက်လုံးပြူးကျယ်ကာ အသက်ဓာတ်ကင်းမဲ့သော ရုပ်သေးရုပ် တစ်ရုပ်နှင့် တူသည်။
သို့သော် စုယန်ယန်ကို မြင်ချိန်မှာတော့ သူမရဲ့ မူလတုန်းက သက်ဝင်လှုပ်ရှားမှု မရှိသော မျက်လုံးတွေက ရုတ်တရက် ပြောင်းလဲကာ သူမ၏ မျက်နှာကလည်း မှောင်မည်းသွားခဲ့သည်။
စုယန်ယန်လည်း သူမရဲ့ အမူအရာ ပြောင်းလဲသွားတာကို ကြည့်ကာ မျက်လုံးတွေက အနည်းငယ် အေးစက်သွားပြီး နှလုံးသားထဲမှာ တုန်လှုပ်သွားပါသည်။ ဒီနှစ်ယောက် ဘယ်အချိန်တုန်းက အတူတူ ပြန်ရှိနေတာလဲ … ။
ဝမ်ကျင့်ဖျင်ကို မျက်စိဒေါက်ထောက် စောင့်ကြည့်ဖို့အတွက် စေလွတ်ထားတဲ့ လူက တင်းကြွယ်စစ်ဟာ ဝမ်ကျင့်ဖျင်ကို သွားရှာပြီး သူမကို မုဒိမ်းကျင့်ဖို့ ကြိုးစားခဲ့တာကြောင့် နှစ်ယောက်လုံး ထိုနေရာမှာတင် ခွာပြဲသွားတယ် ဆိုတဲ့ သတင်းကို ပြန်ပို့ထားတာ မကြာသေးပါ။
ဝမ်ကျင့်ဖျင်ကတော့ အဲ့ဒီအချိန်ခဏလေးအတွင်းမှာ တကယ်ကြီး သို့ထျန်းယီဆီ ပြန်ရောက်သွားတာပဲ။ ပြီးတော့ သို့ထျန်းယီက လေဖြတ်နေလို့ ဆေးရုံပေါ်က ဆင်းလို့ မရတဲ့လူ မဟုတ်ဘူးလား … ။
အခုကျ ဘာလို့ … ။
သူမ ဒီအချိန်ထိ ကြိုးစားခဲ့သမျှက သူတို့နှစ်ယောက်ကို တစ်လမ်းတည်း မလျှောက်အောင် တားဆီးဖို့ နည်းလမ်းမရှိဘဲ ဘယ်အရာကိုမှ ပြောင်းလဲအောင် မလုပ်နိုင်ဘူး ဆိုတဲ့ အဓိပ္ပာယ်လား … ။
ပြဿနာတွေကို ဘယ်လောက်ပဲ ဖြတ်ကျော်ရပါစေ ၊ ကမ္ဘာ့အမျိုးသမီးဇာတ်လိုက်ဟာ နောက်ဆုံးမှာ ကမ္ဘာ့အမျိုးသားဇာတ်လိုက်နှင့်သာ ပေါင်းဖက်သွားမှာ ဖြစ်ပြီး အရေးမပါသော အမြောက်စာ ဇာတ်ကောင်လေးတွေ ၊ အရံဇာတ်ကောင်လေးတွေကတော့ သူတို့ရဲ့ ကံကြမ္မာကနေ တစ်သက်လုံး မရှောင်ရှားနိုင်ဘဲ ဇာတ်လိုက်တွေရဲ့ အောင်မြင်မှုအတွက် ချနင်းခံရတဲ့ ကျောက်တုံးလေးတွေ ဖြစ်သွားလိမ့်မည်။
စုယန်ယန်သည် ထိုအကြောင်းကို တွေးရင်း သူမရဲ့ ခန္ဓာကိုယ်ထဲက သွေးတွေ အေးခဲသွားသလို ခံစားလိုက်ရကာ အေးခဲလွန်း၍ နေရာမှာပင် ခိုက်ခိုက်တုန်တော့မလား ထင်ရသည်။
[ ဘာတွေ ဖြစ်ကုန်တာလဲ စနစ်။ သူတို့နှစ်ယောက်က ဘာလို့ အတူတူ ထပ်ဖြစ်သွားတာလဲ။ သို့ထျန်းယီရဲ့ ကျန်းမာရေးအခြေအနေက သေတော့မလို ဖြစ်နေတာ မဟုတ်ဘူးလား။ သူ ဘယ်လိုလုပ် ဆေးရုံဆင်းလာနိုင်သေးတာလဲ။ ]
[ ပြီးတော့ ငါ နင်နဲ့လည်း ခုနတုန်းက ကိစ္စကို စာရင်းမရှင်းရသေးဘူး။ နင်က ငါ့ကို အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်ဆီ ရောက်မယ့် လမ်းကို ညွှန်ပေးခဲ့တာ။ လွန်ခဲ့တဲ့ ( ၂ ) နှစ်အတွင်း နင် ငါ့ကို အများကြီး ကူညီပေးခဲ့တာကြောင့်သာ မဟုတ်ရင် နင့်ကို ကမ္ဘာ့အသိစိတ်က ငါ့အတွက် စီစဉ်ပေးထားတဲ့ သူလျှိုလားလို့တောင် သံသယဝင်တော့မှာ။ ]
စုယန်ယန်ဆီမှာ ကြိမ်းမောင်းခံလိုက်ရတဲ့ စနစ်က အချိန်အကြာကြီး နှုတ်ဆိတ်သွားပြီးမှ မကျေနပ်ချက် တချို့ဖြင့် ပြန်ပြောသည်။
“ စနစ်က သူလျှို မဟုတ်ပါဘူး။ Host ကို အဲ့ဒီလမ်းကို လမ်းညွှန်ပေးခဲ့ရတဲ့ အကြောင်းအရင်းက Host လမ်းတစ်လမ်းကို မဖြစ်မနေ ရွေးရမယ် ဆိုရင် အမျိုးသားဇာတ်လိုက်ဘက်ကို ရွေးရင် Host တို့သားအမိနှစ်ယောက်အတွက် အသက်ရှင်နိုင်တဲ့ အခွင့်အရေးရှိနေသေးလို့ပါ။ ”
စုယန်ယန်ရဲ့ နှလုံးသားထဲမှာ တုန်လှုပ်သွားသည်။ သူတို့နောက်ကို တောက်လျှောက် လိုက်လာပြီး မရပ်မနား ပစ်ခတ်နေတဲ့ အဖွဲ့အကြောင်း ပြန်တွေးမိသောအခါ စနစ်ရဲ့ စကားတွေက အကျိုးအကြောင်းမဲ့ မဟုတ်တာကို ဝန်ခံရပါမည်။
လက်ရှိ အခြေအနေအရ သို့ထျန်းယီတို့အဖွဲ့နှင့် တွေ့လျှင် သူတို့မှာ အသက်ရှင်ဖို့ အခွင့်အရေးရှိသေးသော်လည်း သူတို့နောက်ကို လိုက်နေတဲ့ အဖွဲ့ဆီမှာသာ အဝိုင်းခံရလျှင်တော့ အခုလောက်ဆို သူမရော ၊ ကြယ်လေးရော အသက်ပျောက်နေလောက်ပါပြီ။
[ ကမ္ဘာ့အမျိုးသားဇာတ်လိုက်က အပြင်းအထန် နေမကောင်းဖြစ်နေပါလျက်နဲ့ ဘာလို့ ဆေးရုံဆင်းလာနိုင်တာလဲ ဆိုတာကတော့ စနစ်ရဲ့ စစ်ဆေးမှုအရ ကမ္ဘာ့အမျိုးသားဇာတ်လိုက်ဆီမှာ စနစ်ပစ္စည်းတွေကို အသုံးပြုခံထားရတဲ့ သဲလွန်စတွေကို တွေ့ရပါတယ်။ ]
စုယန်ယန်က စက္ကန့်ပိုင်းလောက် ဆွံ့အနေပြီးမှ စနစ် ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်ကာ မျက်နှာအမူအရာ ပြောင်းလဲသွားလေသည်။
[ နင် ပြောချင်တာက သူ့ကျန်မာရေး တိုးတက်လာရတဲ့ အကြောင်းအရင်းက ဝမ်ကျင့်ဖျင်က သူ့အပေါ်မှာ စနစ်ရဲ့ အထောက်အကူပစ္စည်းတွေကို အသုံးပြုလိုက်လို့လား။ ဒါဆို ဝမ်ကျင့်ဖျင်မှာ တကယ်ပဲ စနစ် ရှိနေတာပေါ့။ ]