← Chapters

အခန်း ၁၀၉၁

Vol. 73 Ch. 1091

အခန်း ၁၀၉၁

Vol. 73 Ch. 1091

အခန်း ( ၁၀၉၁ ) တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ဖွင့်လိုက်ပါ။

[ စစ်ဆေးမှု အချက်အလက်တွေအရ မှန်ပါတယ်။ ]

စုယန်ယန်က မျက်လုံးတွေကို အန္တရာယ်များစွာ ကျဉ်းမြောင်းလိုက်သည်။

[ သူ နင့်ကိုရော ရှာတွေ့သွားလား။ ]

[ စနစ်ကတော့ အဲ့လို မထင်ပါဘူး။ ]

စုယန်ယန်က မျက်ခုံးပင့်လိုက်သည်။

[ ဘာလို့လဲ။ ]

[ သို့ထျန်းယီရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဝမ်ကျင့်ဖျင် အသုံးပြုထားတဲ့ အထောက်အပံ့ပစ္စည်းတွေက ဘယ်ရှုထောင့်ကပဲကြည့်ကြည့် အဆင့်နိမ့် ပစ္စည်းတွေပါ။ သဲလွန်စတွေက ပိုထင်ရှားပါတယ်။ ]

[ ဒါဆို နင်က ခန့်မှန်းရုံပဲ ခန့်မှန်းနိုင်တာပေါ့။ ဝမ်ကျင့်ဖျင်မှာ တခြား စနစ်တစ်ခု တကယ် ရှိနေတာလား ဆိုတာ မသေချာဘူးပေါ့။ ]

[ မှန်ပါတယ်။ ]

[ သူကရော နင် ရှိနေတာကို အာရုံခံနိုင်လား။ ]

[ အဲ့ဒီကိစ္စကိုတော့ စိတ်အေးလက်အေးနေပါ Host ။ စနစ်မှာ အဆင့်မြင့် ကာကွယ်ရေးဆောင်ရွက်ချက် ရှိပါတယ်။ Host က ခွင့်ပြုချက်တွေကို မဖွင့်သရွေ့ ဝမ်ကျင့်ဖျင်ရဲ့ စနစ်က ဒီစနစ် ရှိနေတာကို သေချာပေါက် အာရုံခံနိုင်မှာ မဟုတ်ပါဘူး။ ]

001 က ထိုစကားကို ပြောချိန်မှာ မိဘတွေဆီက ချီးကျူးစကားသံကို မျှော်လင့်နေတဲ့ ကလေးတစ်ယောက်လိုမျိုး ကိုယ့်ကိုယ်ကိုယ် စိတ်ကြီးဝင်ကာ အနည်းငယ် ကြွားဝါးသော ဟန်ပန်လေးပေါက်နေခဲ့သည်။

သို့သော် စုယန်ယန်ကတော့ 001 လောက် အကောင်းမြင်စိတ်မရှိတာမို့ ဒီအကြောင်းအရာရဲ့ အဓိကအချက်ကို ချက်ချင်း မေးခွန်းထုတ်လိုက်၏။

[ တခြား အဓိပ္ပာယ်နဲ့ ပြောရရင်တော့ နင် သူ့ကို ဘာမှ မလုပ်နိုင်ရင် သူလည်း နင့်ကို ဘာမှ မလုပ်နိုင်ဘူး ဆိုတဲ့ အဓိပ္ပာယ်လား။ ]

[ ကျိုးကြောင်းနည်းလမ်းကျကျ ပြောရရင် မှန်ပါတယ်။ ကမ္ဘာ့အမျိုးသမီးဇာတ်လိုက်ရဲ့ စနစ်ကလည်း အဆင့်မြင့် စနစ် ဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အမျိုးသမီးဇာတ်လိုက် လင်းရောင်ခြည်ကို Host က လုယူထားတဲ့အတွက် ကမ္ဘာ့အမျိုးသမီးဇာတ်လိုက်ရဲ့ စနစ်က အဆင့်မြှင့်လို့ မရတော့ပါဘူး။ အဲ့ဒါကြောင့် သူက ဒီနစ်ထက် အားနည်းမှာ အသေအချာပါပဲ။ ]

[ နင့်ထက် အားနည်းတယ်တဲ့လား။ ]

စုယန်ယန်က မျက်ခုံပင့်လိုက်ပြီး ဝမ်ကျင့်ဖျင်ကို ဆော့ကစားလိုသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သောကြောင့် ဝမ်ကျင့်ဖျင်တစ်ယောက် ကျောချမ်းသွားသည်။

[ သူက နင့်ထက် အားနည်းတယ်ဆိုတော့ နင် သူ့ကို … ဝါးမျိုပစ်နိုင်မယ်လို့ ယုံကြည်ချက်ရှိလား။ ]

စနစ်က ‘ သူမ ဒီလောက်ထိ ရက်စက်ချင်နေတာလား ’ ဟူသော အတွေးဖြင့် ဆွံ့အသွားသော်လည်း စုယန်ယန်ရဲ့ အကြံပြုချက်ကို လေးလေးနက်နက် စဉ်းစားတွေးတောခဲ့ပါသည်။

[ ကျိုးကြောင်းနည်းလမ်းကျကျ ပြောရရင်တော့ ဖြစ်နိုင်ချေရှိပါတယ် … ဒါပေမဲ့ … ]

[ ဒါပေမဲ့ ဘာဖြစ်လဲ။ ]

[ Host မှာ လုံလောက်တဲ့ ရမှတ်တွေ မရှိပါဘူး။ ဒီစနစ်လိုပဲ တူညီတဲ့ လုပ်ဆောင်ချက်တွေ ပါတဲ့ တခြား စနစ်တစ်ခုကို တိုက်ခိုက်ချင်ရင် နှစ်လိုမှုရမှတ်တွေ အများကြီး လိုအပ်ပါတယ်။ လောလောဆယ်မှာ ဒီစနစ်က နှစ်လိုမှုရမှတ် သုံးပုံတစ်ပုံ လိုအပ်နေဆဲ ဖြစ်ပါတယ်။ ]

သုံးပုံတစ်ပုံ … ။ စုယန်ယန် ထိတ်လန့်သွားသည်။ ဟောက်ချန်ဟွမ်း အပြည့်အဝ သက်သာသွားချိန်ကတည်းက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကနေ ရတဲ့ နှစ်လိုမှုရမှတ် အများစုကို စွမ်းရည်တွေ ဖွင့်လှစ်ဖို့နှင့် ဆေးပင်မျိုးစေ့အသစ်တွေ လဲလှယ်ဖို့အတွက်သာ အသုံးပြုခဲ့တာမို့ သိပ်အကုန်အကျမများခဲ့ပါ။

သူမမှာ နှစ်လိုမှုရမှတ် သန်းတစ်ရာကျော် စုဆောင်းပြီး‌တာတောင် အဲ့ဒီရမှတ်တွေက စုစုပေါင်း လိုအပ်တဲ့ ပမာဏရဲ့ သုံးပုံနှစ်ပုံသာ ရှိသေးတယ်လို့ ပြောနေတာလား … ။ အဲ့လောက် များတဲ့ နှစ်လိုမှုရမှတ်တွေကို အချိန်တိုလေးအတွင်း ဘယ်နေရာက သွားရမှာလဲ … ။

စုယန်ယန်သည် စိတ်ထဲမှာ မကျေမနပ် တွေးနေမိသော်လည်း ပြဿနာဖြေရှင်းနည်းကို အလေးအနက် စဉ်းစားနေခဲ့သည်။

[ ဒီနေရာမှာ ဆက်သွယ်ရေး အချက်ပြသင်္ကေတတွေကို ပိတ်ခံထားရလို့ ဆက်သွယ်ရေးပစ္စည်းတွေ ရှိရင်တောင် အချက်ပြသင်္ကေတတွေကို အပြင်ကို ပို့နိုင်မှာ မဟုတ်ဘူးလို့ နင် ပြောတယ်နော်။ ကွန်ယက် အချက်ပြသင်္ကေတနဲ့ ဆိုရင်ရော ဘယ်လိုလဲ။ အဲ့ဒါကို အင်တာနက်နဲ့ ချိတ်လို့ ရလား။ ]

ယေဘုယျအားဖြင့် ဆက်သွယ်ရေး အချက်ပြသင်္ကေတတွေ ပိတ်ခံထားရတယ် ဆိုကတည်းက ကွန်ယက် အချက်ပြသင်္ကေတတွေလည်း အလုပ်မလုပ်ဖို့ အလားအလာများသည်။ သို့သော် ဆက်သွယ်ရေး အချက်ပြသင်္ကေတတွေ ပျောက်ဆုံးနေတဲ့ အထူး အခြေအနေ ဖြစ်နေတာမို့ ဖုန်းဆက်လို့ မရသလို အင်တာနက်လည်း အသုံးပြုလို့ ရမှာ မဟုတ်ပေ။

သို့ထျန်းယီရဲ့ လူတွေက အရမ်း သတိလက်လွတ်ဖြစ်ပါ့မလားတော့ မသေချာ။ အဲ့ဒီလောက်ထိ သူမ မထင်သော်လည်း မျှော်လင့်ချက် အလင်းရောင်ပျပျလေး ရှိနေသရွေ့ ကံကြမ္မာကို လောင်းကြေးထပ်ကြည့်ချင်သည်။

မျှော်လင့်မထားစွာဖြင့် စနစ်က တုံ့ပြန်ဖြေကြားဖို့အတွက် အကြာကြီး အချိန်မယူဘဲ ချက်ချင်းဆိုသလို ပြန်ဖြေခဲ့သည်။

[ ရပါတယ်။ ]

စုယန်ယန်ရဲ့ မျက်လုံးတွေ အရောင်တောက်သွားသည်။

[ ဒါဆို နင် ပုံရိပ်ယောင်ကင်မရာတစ်လုံးကို ငါ့ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်တဲ့ အကောင့်နဲ့ ချိတ်ဆက်ပြီး တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ဖွင့်ပေးလို့ ရမလား။ ]

စုယန်ယန်ရဲ့ ဖုန်းက အနက်ရောင်ဝတ်စုံနှင့် လူတွေဆီက လွတ်မြောက်မို့ ကြိုးစားထွက်ပြေးနေချိန်ကတည်းက ပြုတ်ကျသွားတာ ဖြစ်သည်။ ကားရဲ့ ဘယ်ချောင်ထဲကို လျှောဝင်သွားတာလဲ ဆိုတာ သူမ မသိပါ။ ဖုန်းမပျောက်လျှင်တောင် သို့ထျန်းယီက အချက်ပြသင်္ကေတတွေကို ပိတ်ထားတာမို့ ထိုဖုန်းကို ဒီအိမ်ထဲ ယူလာဖို့လည်း မဖြစ်နိုင်။

All Chapters