အခန်း ၁၀၉၂
Vol. 73 Ch. 1092
အခန်း ( ၁၀၉၂ ) မျက်နှာထုတ်ပြခြင်း။
လောလောဆယ်မှာတော့ စနစ်ကို နည်းနည်းလေး ပိုအသုံးဝင်စေဖို့သာ သူမ မျှော်လင့်နိုင်သည်။
[ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ဖွင့်လိုက်ရတော့မှာလား Host ။ ]
[ အင်း။ ]
[ လက်ရှိ အခြေအနေအရ … Host ရဲ့ သရုပ်မှန် ထွက်ပေါ်သွားမှာကို မစိုးရိမ်ဘူးလား။ ]
ထိုစကားကို ကြားတော့ စုယန်ယန်က သူမဆီ လျှောက်လာတော့မည့် လူနှစ်ယောက်ကို ဖျတ်ခနဲ လှမ်းကြည့်ကာ သူမရဲ့ မျက်လုံးထဲက ခံစားချက်တွေက အေးစက်သွားလေသည်။
[ အခုအချိန်က ငါ့သရုပ်မှန် ထွက်ပေါ်သွားမှာကို စိုးရိမ်နေရမယ့် အချိန် မဟုတ်ဘူး။ ငါက ကိုယ့်ကိုယ်ကိုယ် ချမပြချင်ရင်တောင် အတင်းအကြပ် ဖိအားပေးတဲ့ လူတွေ ရှိနေတုန်းပဲ။ အဲ့လို ဆိုမှတော့ ငါကိုယ်တိုင်ပဲ ချပြလိုက်တော့မှာပေါ့။ အဲ့ဒါဆို အနည်းဆုံးတော့ ငါ့လက်ထဲမှာ ထိန်းချုပ်ပိုင်ခွင့်ရှိလိမ့်ဦးမယ်။ ]
[ နားလည်ပါပြီ ၊ Host ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းနဲ့ ချိတ်ဆက်နေပါတယ် … ကျေးဇူးပြုပြီး ခဏ စောင့်ပေးပါ … ]
စနစ်က စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းနှင့် ချိတ်ဆက်ဖို့ ကြိုးစားနေတုန်းမှာပဲ ဝမ်ကျင့်ဖျင်က သို့ထျန်းယီကို သူမရှေ့သို့ တွန်းလာခဲ့ပြီ ဖြစ်သည်။
“ မတွေ့ရတာ ကြာပြီနော် မိန်းကလေးစု။ ” သို့ထျန်းယီရဲ့ အသံက အလွန် နူးညံ့ပျော့ပျောင်းသော်လည်း ထိုအသံထဲမှာ လူတွေကို စိတ်မသက်မသာဖြစ်စေတဲ့ ၊ စကားလုံးနှင့် ဖော်ပြလို့ မရသော အေးစက်မှုတစ်မျိုး ကိန်းအောင်းနေသည်။
[ Host ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းကို ဖွင့်လိုက်ပါပြီ။ ကျေးဇူးပြုပြီး မှတ်သားထားပေးပါ … Host ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းကို ဖွင့်လိုက်ပါပြီ။ ကျေးဇူးပြုပြီး မှတ်သားထားပေးပါ … ]
စုယန်ယန်ရဲ့ မျက်လုံးတွေ ပြိုးပြက်သွားကာ သူမရဲ့ နှုတ်က ထွက်လာတော့မည့် စကားတွေကလည်း ရုတ်တရက် ပြောင်းလဲသွားလေသည်။
“ ကျွန်မကတော့ ဖြစ်နိုင်ရင် လူကြီးမင်းသို့နဲ့ လုံးဝ မတွေ့ချင်ဘူး။ လူကြီးမင်းသို့နဲ့ တစ်ကြိမ် တွေ့ရဖို့အတွက် ကျွန်မရဲ့ အသက်ကို ရင်းခဲ့ရတာ။ ဒီတစ်ခေါက် ဘယ်သူမှ မသေလို့ တော်သေးပေမဲ့ နောက်တစ်ခေါက်ကတော့ မသေချာဘူးလေ။ ”
စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲက ကြည့်ရှုသူတွေက အခန်းထဲကို ဝင်လာရုံရှိသေး ၊ ထိုစကားကို ကြားလိုက်ရသောကြောင့် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
[ တင်ဆက်သူက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ဖွင့်လိုက်တာလား။ နောက်ထပ် စပရိုက်တိုက်တာပေါ့လေ။ ဉာဏ်ကောင်းတဲ့ ငါလေးက ( ၂၄ ) နာရီ သတိမပြတ်လို့ တော်သေးတယ်။ ဟားဟားဟား … ဒါပေမဲ့ ဒီနေရာက တင်ဆက်သူရဲ့ အိမ်နဲ့လည်း မတူဘူး ၊ မီးဖိုချောင်နဲ့လည်း မတူဘူးနော်။ ]
[ ဒီနေရာက မီးဖိုချောင် မဟုတ်တာ မြင်ရုံနဲ့ သိသာပါတယ်။ ကြည့်ရတာ ဧည့်ခန်းဖြစ်မယ် ထင်တယ်။ အပြင်အဆင်တွေကတော့ အရမ်း အထက်တန်းလွှာဆန်တယ်။ ထင်ထားတဲ့အတိုင်း နောက်ခံနေရာတွေ ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ ၊ လူချမ်းသာ ဒုတိယမျိုးဆက် တင်ဆက်သူကိုတော့ အစားထိုးလို့ မရဘူးပဲ။ ]
[ အာ … မင်းတို့က အပြင်အဆင်တွေကိုပဲ အာရုံစိုက်နေကြတာလား။ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲက လူတွေအားလုံးက မျက်နှာတွေ ထုတ်ပြထားဝာာကို တစ်ယောက်မှ သတိမထားမိဘူးလား။ ]
ထိုကွန်းမန့် တက်လာသည်နှင့် တစ်ပြိုင်နက် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲမှာ ကွန်းမန့်တွေ ရုတ်တရက် ငြိမ်ကျသွားသည်။
မျက်နှာတွေ ထုတ်ပြထားတယ်တဲ့လား … ။ ဟုတ်သားပဲ … မျက်နှာတွေ ထုတ်ပြထားတာပဲ။
စုယန်ယန်က အကြိမ်ပေါင်းများစွာ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ဖူးပေမဲ့ တိုက်ရိုက် ထုတ်လွင့်တင်ဆက်မှုအခန်းထဲက ဘယ်သူ့မျက်နှာကိုမှ တစ်ခါမှ ထုတ်မပြခဲ့ပါ။
တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဉကို မီးဖိုချောင်အကူတွေ ၊ သူမရဲ့ အသိမိတ်ဆွေတွေ မတော်တဆ ဝင်ရောက်လာလျှင်တောင် အားလုံးရဲ့ မျက်နှာကို မှုန်ဝါးကာ စတစ်ကာအုပ်ထားခဲ့သည်။
အချိန်ကြာတော့ လူတိုင်းက စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းမှာ တင်ဆက်သူရဲ့ မျက်နှာကို ထုတ်မပြသည့် စည်းမျဉ်းနှင့် တဖြည်းဖြည်း အသားကျလာခဲ့သည်။
သူတို့ဟာ တင်ဆက်သူရဲ့ မျက်နှာအစစ်ကို တစ်သက်လုံး ဘယ်တော့မှ မြင်ခွင့်ရမှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာ ဖြစ်ပြီး တင်ဆက်သူက ဒီနေ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုမှာ သူမရဲ့ မျက်နှာကို ထုတ်ပြလိမ့်မည် ဟူ၍ ထင်မှတ်မထားခဲ့ပါ။
တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲမှာ စက္ကန့်ပိုင်းလောက် ငြိမ်ကျသွားပြီးနောက် ကွန်းမန့်တွေ တစ်ခုပြီး တစ်ခု လျှံတက်လာသည်။
[ ဒီနေရာက တင်ဆက်သူရဲ့ အိမ်လား။ တင်ဆက်သူ … တင်ဆက်သူရော … ။ တင်ဆက်သူ ဘယ်ရောက်နေတာလဲ။ ဒီအမျိုးသမီး နှစ်ယောက်ထဲက ဘယ်သူက တင်ဆက်သူလဲ။ ]
[ အယ် … တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲက ဒီအမျိုးသမီး နှစ်ယောက်ကို အရမ်း ရင်းနှီးနေတယ်လို့ ဘာလို့ ခံစားရတာပါလိမ့်။ တင်ဆက်သူရဲ့ အကောင့်တွေ အဟက်ခံလိုက်ရတာများလား။ ]
[ အဟက်ခံရတယ်တဲ့လား။ မဖြစ်နိုင်တာ … ပွဲကြည့်သူဝက်ဘ်ဆိုဒ်ရဲ့ လုံခြုံရေးစနစ်က အဲ့လောက် အားကောင်းတာကို။ အဲ့ဒီတော့ တင်ဆက်သူက ဒီမှာလား။ ]
[ ခဏလောက် စောင့်ကြည့်နေရအောင်။ အခြေအနေက မူမမှန်ဘူးလို့ ငါ ခံစားရတယ်။ ]
[ မူမမှန်ဘူး +၁ ]
သို့ထျန်းယီနှင့် ကျန်လူတွေကတော့ သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို မမြင်နိုင်သော လျှို့ဝှက်ကင်မရာတွေက ရှင်းလင်းပြတ်သားစွာ ရိုက်ကူးနေတာကို လုံးဝ မသိပေ။
စုယန်ယန်ကတော့ သူတို့ သိသွားမှာကိုလည်း မစိုးရိမ်ပါ။ စနစ်က တစ်ခါတရံ ကျရှုံးတတ်ပေမဲ့ အရေးပေါ် အခြေအနေတွေမှာတော့ ယုံကြည်စိတ်ချဖွယ် အလုပ်,လုပ်တတ်သည်။
သူမ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းကို မဖွင့်ခင်ကတည်းက ဒီနေရာမှာ ရှိတဲ့ အင်တာနက် အချက်ပြသင်္ကေတတွေကို ပိတ်ထားခဲ့သည်။
မူလတုန်းက သူမကို ဒုက္ခပေးဖို့ အသုံးပြုခဲ့တဲ့ အရာနှင့် သူတို့ကို ပြန်ထောင်ချောက်ဆင်လိုက်တာပဲ ဖြစ်သည်။ သို့ထျန်းယီသာ ဒီအကြောင်းကို သိသွားရင် ဘယ်လို ခံစားရမလဲ ဆိုတာ သူမ သိချင်သည်။