အခန်း ၁၀၉၃
Vol. 73 Ch. 1093
အခန်း ( ၁၀၉၃ ) သူတို့ကို ရှာတွေ့ပြီ။
သို့ထျန်းယီက စုယန်ယန်ရဲ့ စကားထဲက ထေ့ငေါ့မှုကို သတိထားမိသော်လည်း သူ့မျက်နှာပေါ်မှာ ဘယ်လို မလုံမလဲ ခံစားချက်မျိုး ၊ ရှက်ရွံ့မှုမျိုးမှ မထုတ်ဖော် မပြသခဲ့ပါ။
တိတိကျကျ ပြောရလျှင် စုယန်ယန် ဒေါသထွက်လေ ၊ သူ ကျေနပ်လေ ဖြစ်သည်။
“ ဖြစ်နိုင်ရင် ငါ မိန်းကလေးစုကို ဒီလို အခြေအနေမျိုးနဲ့ မတွေ့ချင်ပါဘူး။ မိန်းကလေးစုအတွက် အခက်တွေ့နေမယ် ထင်တယ်။ ဒါပေမဲ့ မိန်းကလေးစုလည်း ငါ့ရဲ့ ကျန်းမာရေးအခြေအနေကို မြင်မှာပါ။ အသက်ရှင်ဖို့အတွက် မယဉ်ကျေးတဲ့ နည်းလမ်း တချို့ကို သုံးပြီး မိန်းကလေးစုကို ခေါ်လာရုံက လွဲလို့ ငါ့မှာ ရွေးချယ်စရာ မရှိတော့လို့ပါ။ ”
စုယန်ယန်က လှောင်ပြုံး ပြုံးလိုက်သည်။ “ လတ်စသတ်တော့ ကျွန်မရဲ့ ကားနောက်ကို လူတွေအများကြီး နာရီဝက်လောက် လိုက်ဖမ်းနေတာက ရှင့်လက်ချက် ဖြစ်နေတာပဲ။ သူတို့က အဲ့လို လိုက်ဖမ်းနေတဲ့ အတောအတွင်း ကျွန်မရဲ့ ကားကို မရေမတွက်နိုင်အောင် သေနတ်နဲ့ ပစ်ခဲ့တယ်။ ပြီးတော့ ကျွန်မရဲ့ ကားကို အကြမ်းဖက်ပြီး ဝင်တိုက်ခဲ့တဲ့အတွက် ကားပျက်စီးသွားတယ်။ ဒရိုင်ဘာလည်း ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရပြီး သတိမေ့မြောသွားတယ်။ ရှင်က ကျွန်မရဲ့ သဘောဆန္ဒကို လျစ်လျူရှုပြီး ဒီနေရာကို အတင်းအကြပ် ခေါ်လာခဲ့တယ်။ ဒီလုပ်ရပ်တွေ အားလုံးက လူကြီးမင်းသို့ရဲ့ အမြင်မှာတော့ မယဉ်ကျေးတဲ့ အဆင့်ပဲ ရှိတာလား။ အံ့ဩစရာကောင်းလိုက်တာနော်။ ”
မကြာသေးခင် အချိန်ထိ စုယန်ယန်နှင့် ကျန်လူတွေရဲ့ သရုပ်မှန်အကြောင်း ဆွေးနွေးနေဆဲဖြစ်တဲ့ ပရိသတ်တွေက တင်ဆက်သူဟာ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းထဲမှာ ရှိနေတာ မဟုတ်ကြောင်း သိလိုက်ရသောအခါ ထိတ်လန့်သွားကြလေသည်။
ကားတိုက်ခံရတယ် … သေနတ်နဲ့ ပစ်တယ် … ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရပြီး သတိမေ့မြောသွားတယ် … ဟုတ်လား … ။ အဲ့ဒီလူက တင်ဆက်သူကို ဒီနေရာကို အတင်းအကြပ် ခေါ်လာတယ်တဲ့လား။ ဒါက ပြန်ပေးဆွဲမှုဖြစ်နေတာ မဟုတ်လား … ။
ထိုအတွေးကြောင့် ကြည့်ရှုသူ တော်တော်များများဟာ တစ်ချိန်တည်းမှာပဲ ဖန်သားပြင်ရှေ့မှာ မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်သွားကြပြီး တချို့က စုယန်ယန်နှင့် ဝမ်ကျင့်ဖျင်ရဲ့ သရုပ်မှန်ကို မှတ်မိသွားသည်။
[ အင်တာတိန်းမန့် ကုမ္ပဏီသူဌေးရဲ့ ဘယ်ဘက်က တစ်ယောက်က အရင်တုန်းက တော်တော်လေး နာမည်ကြီးခဲ့တဲ့ ဥက္ကဌစု မဟုတ်လား။ ညာဘက်က တစ်ယောက်ကတော့ ဟိုမယားငယ် ထင်တယ်။ ]
[ ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ၊ ငါလည်း သူ့ကို မှတ်မိတယ်။ ညာဘက်က တစ်ယောက်က ဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင်ထားတာ မကြာသေးဘူးလေ။ စတော်ဘယ်ရီချန်နယ်မှာ ပြသွားတဲ့ အစုတ်အပြတ် ဇာတ်လမ်းတွဲလေ။ ထုတ်လွှင့်လို့ မပြီးသေးခင်မှာပဲ ဖျက်သိမ်းခံလိုက်ရလို့ တက်သုတ်ရိုက် ဇာတ်သိမ်းသွားတဲ့ ဇာတ်လမ်းတွဲ မဟုတ်လား။ ]
[ အခု နင် ပြောတော့မှ အဲ့ဒီတစ်ယောက်က တကယ်ပဲ သူဟုတ်တယ် ထင်တယ်။ ]
[ သူမှသူ အစစ်ပေါ့။ အဲ့တစ်ယောက်က အကျင့်စာရိတ္တလည်း မကောင်းဘူး။ ဟိုးအရင်တုန်းက သူများရဲ့ သတို့သားလောင်းကို ဖြတ်ခုတ်တာ ကိစ္စမရှိပေမဲ့ တင်းကြွယ်စစ် ဆိုတဲ့ အိမ်ထောင်သည်ယောက်ျား တစ်ယောက်ကိုလည်း မြှူဆွယ်ထားတာ မကြာသေးဘူး။ တင်းကြွယ်စစ်က အဲ့တစ်ယောက်ကြောင့် သူ့မိန်းမနဲ့ ကွာရှင်းပြီး ကလေးတွေကို စွန့်ပစ်လိုက်တာလေ။ သူ့အရှုပ်တော်ပုံတွေကို အသေးစိပ် ဖတ်ချင်ရင် XXX မှာ သွားရှာကြည့်လို့ ရတယ်။ ]
[ သောက်ကျိုးနည်း … အဲ့ဒီတစ်ယောက်က အရင်တုန်းက အစားအသောက်တင်ဆက်သူ လုပ်ခဲ့သေးတယ်။ မဟုတ်မှလွဲရော … ]
[ စိတ်အေးအေးထားစမ်းပါ အပေါ်က တစ်ယောက်ရေ။ သူ့လိုမျိုး အပျော်တမ်း တင်ဆက်သူကို ငါတို့ရဲ့ ပရော်ဖက်ရှင်နယ် တင်ဆက်သူနဲ့ မရောထွေးစမ်းပါနဲ့။ သူက အရင်တုန်းက ပွဲကြည့်သူပလက်ဖောင်းမှာ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ခဲ့ဖူးတယ်။ နောက်ပိုင်း သူ အနုပညာလောကထဲကို ရောက်သွားတော့ အရမ်း မောက်မာထောင်လွှားလို့ ပလက်ဖောင်းက သူ့ကြောင့် ပြဿနာတွေ အများကြီး တက်ခဲ့ရတာ။ နောက်ဆုံးမှာ ပလက်ဖောင်းက သူနဲ့ စာချုပ်ဖျက်ပြီး သူ့ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းကို ပိတ်လိုက်ရတဲ့အထိပဲ။ ဒါပေမဲ့ အရင်တုန်းက ဗီဒီယိုဟောင်းတွေကို အခုထိ ရှာလို့ ရလောက်သေးတယ်။ မင်းတို့ သွားရှာကြည့်လို့ ရတယ်။ သူ့ရဲ့ အချက်အပြုတ်စွမ်းရည်လောက်နဲ့ ငါတို့တင်ဆက်သူရဲ့ ဖိနပ်သယ်ပေးဖို့တောင် အဆင့်မရှိဘူး။ အလှည့်စားမခံကြနဲ့။ ]
ပြန်ပေးဆွဲတာပဲဖြစ်ဖြစ် ၊ သရုပ်မှန်တွေ ထွက်ပေါ်လာတာပဲဖြစ်ဖြစ် နှစ်မျိုးလုံးက စကားဝိုင်းအတွက် လူစိတ်ဝင်စားမှုများသော အကြောင်းအရာတွေ ဖြစ်သည်။ ထို့ကြောင့် သူတို့ ချစ်မြတ်နိုးတဲ့ အစားအသောက်တွေကို ချက်ပြုတ်ပြသော တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု မဟုတ်သော်လည်း ကြည့်ရှုသူတွေရဲ့ စကားဝိုင်းက အရှိန်ရလာကာ လူများစွာရဲ့ စိတ်အာရုံကို အလျင်အမြန် ဖမ်းစားနိုင်ခဲ့လေသည်။
ထိုအချိန်မှာ ဟောက်ချန်ဟွမ်းကတော့ ကျန်းချန့်ယန်နှင့်အတူ ပြန်ပေးဆွဲသံသယရှိသူကို ဘယ်လို အတည်ပြုပြီး စုယန်ယန်တို့သားအမိကို ကယ်တင်ရမလဲ ဆိုတာ ဆွေးနွေးခဲ့သည်။
အစတုန်းက သူ့မှာ အပြင်ဘက်က အုတ်အော်သောင်းတင်း အခြေအနေတွေကို အာရုံစိုက်ဖို့ အချိန်မရှိပေမဲ့ စုယန်ယန် ဒုတိယအကြိမ် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ကတည်းက သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲမှာ အလိုအလျောက် သတိပေးခြင်းကို ဖွင့်ထားခဲ့တာမို့ ရင်းနှီးနေတဲ့ သတိပေးချက်အသံလေးက အချိန်ကိုက် မြည်လာကာ သူ့အာရုံကို ဖမ်းစားသွားခဲ့သည်။
ဟောက်ချန်ဟွမ်းမှာ စဉ်းစားနေဖို့ အချိန်မရှိဘဲ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းကို အမြန် ဖွင့်လိုက်တော့ သူ လွမ်းဆွတ်နေရသူကို အနည်းငယ် အိုဟောင်းနေသော အပန်းဖြေစံအိမ်တစ်လုံးရဲ့ ဧည့်ခန်းထဲမှာ ထိုင်နေတာ တွေ့လိုက်ရသည်။ သူမနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ လူနှစ်ယောက်ကို သူ ကောင်းကောင်း ရင်းနှီးပါသည်။
“ ဘာဖြစ်လို့လဲ ချန်ဟွမ်း။ ” လူနာဆောင်ထဲကနေ ဟောက်ချန်ဟွမ်းနှင့်အတူ ပြေးထွက်လာသော ကျန်းချန့်ယန်က ဟောက်ချန်ဟွမ်း ရုတ်တရက် ခြေလှမ်းရပ်သွားပြီး သူ့နောက်မှာ ကျန်ခဲ့တာကို မြင်တော့ နားမလည်နိုင်စွာ လှည့်ကြည့်သည်။
တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းဆီကနေ အကြည့်ခွာလိုက်သော ဟောက်ချန်ဟွမ်းရဲ့ အမူအရာက မှောင်မည်းကာ ကြောက်စရာကောင်းသည်။ “ ကျွန်တော်တို့ ယန်ယန်နဲ့ ကြယ်လေးကို ရှာတွေ့ပြီ။ ”