← Chapters

အခန်း ၁၀၉၇

Vol. 74 Ch. 1097

အခန်း ၁၀၉၇

Vol. 74 Ch. 1097

အခန်း ( ၁၀၉၇ ) တစ်ကိုယ်ကောင်းဆန်ပြီး သူတော်ကောင်းယောင်ဆောင်သူ။

စုယန်ယန် ထိုအကြောင်းကို သိသွားတာ သိပ်မကြာသေးပါ။ ဟောက်ချန်ဟွမ်းက ချန်မိသားစုရဲ့ ပြဿနာတွေဟာ သို့ထျန်းယီနှင့် ပတ်သက်နေသည်ဟုသာ သူမကို ပြောခဲ့ပြီး ဟောက်ချီဟန်က ကြယ်လေးကို ပြန်ပေးဆွဲသွားတဲ့ အကြောင်းရော ၊ ထိုအမှုထဲမှာ သို့ထျန်းယီလည်း ပါဝင်ပတ်သက်နေတဲ့ အကြောင်းကိုရော မပြောခဲ့ပေ။

ကံမကောင်းစွာဖြင့် အမှန်တရားကို ဖုံးကွယ်ထားလို့ မရဘဲ စုယန်ယန်က ယုကျစ်ယန်ရဲ့ မဖုံးဖိနိုင်သော ပါးစပ်ကြောင့် ထိုအကြောင်းကို သိသွားခဲ့သည်။

သဘာဝကျစွာပဲ သူမ ဒေါသပေါက်ကွဲသွားခဲ့သည်မှာ သို့ထျန်းယီသာ ရက်ရှည်လများ ဆေးရုံတက်မ‌နေလျှင် ထိုသူတောင်းစားကို သွားသတ်မိမှာ ဖြစ်သည်။

သူမ ဒီအကြောင်းကို စိတ်လိုက်မာန်ပါ ပြောလိုက်တာ မဟုတ်ပါ။ သူတို့ လုပ်သမျှ ၊ ပြောသမျှ အရာရာတိုင်းကို ကင်မရာထဲမှာ ရိုက်ကူးထားတယ် ဆိုတာ သူမ သိသည်။

သို့ထျန်းယီက စုယန်ယန် ပြောသွားတဲ့ ကိစ္စနှစ်ခုနှင့် ပတ်သက်လာလျှင် အတော်လေး အနေအထိုင်သိုသိပ်သည်။ ယုကျစ်ယန်နှင့် ကျန်လူတွေက သက်သေ တချို့ ရှာတွေ့ထားသော်လည်း ထိုအမှုမှာ သို့ထျန်းယီက အဓိကကျတဲ့ နေရာက ပါဝင်နေတယ် ဆိုတာကို အတည်ပြုနိုင်တဲ့ ၊ လုံလောက်တဲ့ သက်သေ မရှိပါ။

တရားခံကို သံသယဝင်ရုံလောက်နှင့် ဘာမှ မတတ်နိုင်။ ကိုယ့်မျက်စိရှေ့တည့်တည့်မှာ တရားခံ ရှိနေမှန်း သိသော်လည်း လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ သက်သေ မရှိ၍ တရားခံ အပြစ်ပေးမခံရတာကို စိတ်ပျက်လက်ပျက် ထိုင်ကြည့်နေရတဲ့ အခိုက်အတန့် တချို့ ရှိသည်။

သို့သော်လည်း တရားခံကိုယ်တိုင် ဝန်ခံတာပဲဖြစ်ဖြစ် ၊ သူမရဲ့ လှုံ့ဆော်မှုကြောင့် သူ့နှုတ်က အမှတ်မထင် ထွက်သွားတာပဲဖြစ်ဖြစ် … ထိုအခါမျိုးမှာ အခြေအနေက မတူတော့ပါ။

အခြေအနေတွေက စုယန်ယန် မျှော်လင့်ထားတဲ့အတိုင်း တစ်ထပ်တည်းဖြစ်ကာ သို့ထျန်းယီက သူမရဲ့ စကားကို ကြားတော့ အနည်းငယ် အံ့အားသင့်သွားပုံပေါ်သည်။

သို့သော်လည်း သို့ထျန်းယီက သူ့ပိုင်နက်ထဲ ရောက်နေလို့ စိတ်အေးလက်အေးဖြစ်နေပြီး စုယန်ယန်ကို ဖန်ချိုင့်ထဲက လိပ်လေးတစ်ကောင်လို့ ထင်နေတာလားတော့ မပြောတတ်ပါ။ သူ့အမြင်မှာ သူမ ပြောသမျှ စကားတွေဟာ သေအံ့ဆဲဆဲ ရုန်းကန်မှုတွေ ဖြစ်နေဟန်တူသည်။

“ မိန်းကလေးစုက အကြောင်းစုံ သိပြီးသား ထင်တယ်။ ” သို့ထျန်းယီက စုယန်ယန်ကို ကြည့်လိုက်သည်။ “ ဟုတ်တယ် … နောက်ကွယ်က စေခိုင်းခဲ့တဲ့ လူက ငါပဲ။ မင်းအဘိုးတို့မိသားစုနဲ့ မင်းကလေးကို ပြန်ပေးဆွဲတဲ့ ကိစ္စတွေ အားလုံးကို ငါကပဲ တိတ်တဆိတ် ကြိုးကိုင်ခြယ်လှယ်ခဲ့တာ။ ဒါပေမဲ့ မင်း ငါ့ကို အဲ့ဒီအတွက် အပြစ်တင်လို့ မရဘူး မိန်းကလေးစု။ ငါ့ကို ငြင်းပယ်တဲ့ လူတွေကို မကြိုက်ဘူးလို့ မင်းကို အရင်ကတည်းက ပြောသားပဲ။ အထူးသဖြင့် ငါ့ဘဝက အရေးပေါ် အခြေအနေကို ရောက်နေတဲ့ အချိန်မျိုးမှာပေါ့ … ”

“ ငါ့အသက်က အခုမှ ( ၃၀ ) တောင် မပြည့်သေးဘူး မိန်းကလေးစု။ လူတော်တော်များများက ဒီအရွယ်မှ ဘဝ,စတာ ၊ အိပ်မက်တွေ စတင် ဖူးပွင့်လာတာ ၊ လှပတဲ့ အနာဂတ်တွေက သူတို့အတွက် စောင့်ကြိုနေတာ။ ဒါပေမဲ့ ငါ့ဘဝကတော့ ဇာတ်သိမ်းကို ရောက်သွားပြီ။ ငါ မသေချင်သေးဘူး ၊ သေရမယ် ဆိုရင်တောင် ဒီလို ပုံစံမျိုးနဲ့ မသေချင်ဘူး။ ငါ အသက်ရှင်ချင်ရုံလေးပါ။ ”

သို့ထျန်းယီရဲ့ ပြောဆိုပုံက သနားစရာကောင်းသော်လည်း စုယန်ယန်ကတော့ မုန်းတီးရွံရှာခြင်းကိုသာ ခံစားရသည်။

လူတစ်ယောက်က အသက်ရှင်ချင်တာ အမှား မဟုတ်ပါ။ ရှင်သန်ချင်တာက လူသားတွေရဲ့ သဘာဝပဲလို့တောင် ပြောလို့ ရသည်။ ဒါပေမဲ့ သူက ရှင်သန်နိုင်ဖို့အတွက် အပြစ်မရှိတဲ့ လူတွေ အပါအဝင် တခြားလူတွေကို အန္တရာယ်ပေးကာ သူမကို အတင်းအကြပ် အညံ့ခံစေခဲ့သည်။

သူ့လုပ်ရပ်တွေနှင့် သူ အခု ပြောသွားတဲ့ စကားတွေက အဆီအငေါ်မတည့်ဘဲ ရယ်စရာကောင်းသည်။ သို့သော် သူတော်ကောင်းယောင်ဆောင်ထားတဲ့ တစ်ကိုယ်ကောင်းဆန်သူရဲ့ စကားတွေကို ကရုဏာသက်သွားတဲ့ လူတချို့တော့ ရှိသည်။

[ အကြာကြီး ကြည့်ပြီးတော့ ငါ ဇာတ်လမ်းအကျဉ်းချုပ်ကို နားလည်သွားပြီ။ တင်ဆက်သူက ဥက္ကဌစုပဲ … တင်ဆက်သူက ဥက္ကဌစုပဲ … ။ တင်ဆက်သူနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ လူက အပြင်းအထန် နေမကောင်းဖြစ်နေလို့ တင်ဆက်သူကို အကူအညီတောင်းချင်နေတာ။ အဲ့ဒါကို တင်ဆက်သူက သူ့ကို ငြင်းခဲ့တဲ့အတွက် နောက်ဆုံးမှာ သူ တိုက်ခိုက်တာ ခံရတယ်။ အစတုန်းက တင်ဆက်သူရဲ့ အဘိုးက သုတေသနဌာနမှာ လူလေးစားခံရတဲ့ စီနီယာကြီးတစ်ယောက်ပဲ။ ဒါပေမဲ့ သက်သေအတုတွေနဲ့ အသေရေဖျက်ခံရပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲမှုတွေကြောင့် ဘဝပျက်တော့မလို ဖြစ်သွားခဲ့ရတယ်။ တင်ဆက်သူရဲ့ ကလေးကလည်း ပြန်ပေးဆွဲခံရလုနီးပါး ဖြစ်သွားခဲ့တယ်။ ဘုရားရေ … ဒါက ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ။ ငါ သူ့ကို ကာကွယ်ပေးဖို့တောင် မတတ်နိုင်တော့ဘူး။ ]

[ ဟားဟား … တင်ဆက်သူဆိုတဲ့ မိန်းမ ပြောသမျှ စကားတွေကို ယုံနေတဲ့ မင်းတို့လို ပရိသတ်တွေက ဦးနှောက်မရှိလွန်းတာ မဟုတ်ဘူးလား။ ]

[ အပေါ်က တစ်ယောက်က အမေ့ဗိုက်ထဲက မထွက်ခင် ဦးနှောက်ထိခိုက်သွားတဲ့ နောက်ဆုံးအဆင့် လူနာ ထင်တယ်။ အဲ့ဒီရာဇဝတ်မှုတွေ အားလုံးကို သူ လုပ်ခဲ့တာပါလို့ ဝန်ခံသွားတာကို မကြားဘူးလား။ အဲ့ဒါက ဘာလို့ တင်ဆက်သူရဲ့ အမှား ဖြစ်ရမှာလဲ။ ]

[ လူတွေကို စိတ်ရှိတိုင်း ကြိမ်းမောင်းဆဲဆိုတာက တင်ဆက်သူရဲ့ ပရိသတ်တွေရဲ့ သဘာဝလား။ မထူးဆန်းဘူး … ပရိသတ်တွေကလည်း တင်ဆက်သူနဲ့ အကျင့်တူတာပဲ။ စိတ်ပျက်စရာကောင်းလိုက်တာ။ ]

All Chapters