အခန်း ၁၀၉၈
Vol. 74 Ch. 1098
အခန်း ( ၁၀၉၈ ) ရန်ငြိုးဟောင်းများကို တူးဆွခြင်း။
[ မင်းက အမေ့ဗိုက်ထဲက မထွက်ခင်ကတည်းက ဦးနှောက်ထိခိုက်ထားလို့ မင်းကို ခွန်းတုံ့ပြန်တဲ့ လူတိုင်းကို အဲ့လို လိုက်ပြောနေတာလေ။ ပြီးတော့ သူများတွေကို အရင်ဆုံး ကြိမ်းမောင်းခဲ့တဲ့ လူက မင်း မဟုတ်ဘူးလား။ မင်းက မျက်စိကန်းနေတာလား ၊ ကွက်ကြား အတိတ်မေ့ရောဂါဖြစ်နေတာလား။ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းကို မင်းအိမ် ၊ တစ်ကမ္ဘာလုံးကို မင်းအမေလို့ ထင်နေတာလား။ တစ်ဖက်လူနဲ့ အပေါစားဆန်ဆန် ပရောပရီလုပ်တယ် ဆိုတဲ့ အဓိပ္ပာယ်ကို မင်း နားမလည်ဘူးလား။ တခြားလူတွေကို ကိုယ်ကျင့်သိက္ခာဖောက်ပြားတယ်လို့ မပြောခင် ကျေးဇူးပြုပြီး ကိုယ်ကရော ဘယ်လို လူမျိုးလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် အရင် ပြန်ကြည့်ပါ။ ]
[ ငါတော့ အူတက်သေတော့မယ်။ မင်း ပညာမတတ်ရင်လည်း လေ့လာလိုက်ပါဦး။ မင်းက အကျိုးအကြောင်းတရားကိုတောင် မသိဘဲ သူများတွေကို ဦးနှောက်မရှိဘူးလို့ ပြောနေတာ။ မင်းရဲ့ ဦးနှောက်က ဘယ်လောက်ထိ တွေးခေါ်နိုင်လဲ ဆိုတာ တော်တော်လေး သိချင်တယ်။ ခုနတုန်းက တင်ဆက်သူ ပြောသွားတဲ့ စကားတွေကို သံသယဝင်နေတဲ့ ဦးနှောက်မရှိတဲ့ ဆန့်ကျင်မုန်းတီးသူ တချို့က သက်သေသွားရှာခဲ့ကြတယ်။ ငါလည်း တင်ဆက်သူရဲ့ စကားတွေအရ တင်ဆက်သူတို့မိသားစုနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါး နည်းနည်းပါးပါး ရှာတွေ့ထားတယ်။ အသေးစိတ် ဖတ်ချင်ရင် စကားဝိုင်းဖိုရမ် xxx မှာ သွားရှာကြည့်ကြ။ ]
အရင်တုန်းက ချန်မိသားစုမှာ ပြဿနာတက်တုန်းက ချန်ဖန့်လန်နှင့် စုန့်ယွမ်ယွမ်က သခင်ကြီးချန်ဟာ နာမည်တစ်လုံးနှင့် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေသူ ဖြစ်တဲ့အတွက် စုံစမ်းစစ်ဆေးရေးဌာနက ဘက်လိုက်မှာကို စိုးရိမ်ခဲ့ကြသည်။ သူတို့က ချန်မိသားစုကို တစ်ချက်တည်းနှင့် ဆွဲမချနိုင်သောကြောင့် လူထုအမြင်ကို လှည့်စားဖို့ သတင်းဆောင်းပါးတွေ အများကြီး ဝယ်ခဲ့သည်။
လိမ်ညာထားတဲ့ သတင်းလေးကို အကြီးအကျယ် ပွဲဆူအောင် လုပ်ခဲ့တာမို့ ထိုသတင်းက ထိပ်တန်းရေပန်းစားမှုစာရင်းထဲမှာ သုံး ၊ လေးရက်လောက် ရပ်တည်နေခဲ့သည်။
နောက်ပိုင်းရောက်မှ ထိုအမှုရဲ့ အမှန်တရား ထွက်ပေါ်လာကာ ချန်ဖန့်လန်နှင့် စုန့်ယွမ်ယွမ်တို့ ထောင်ကျသွားပြီး အခကြေးငွေယူထားတဲ့ မားကတ်တင်းအကောင့်တွေကလည်း ပို့စ်တွေအားလုံး ဖျက်ချကာ တောင်းပန်ခဲ့သည်။ ဒါပေမဲ့ စခရင်ရှော့တွေ ရိုက်ယူထားတဲ့ အမှန်တရားဘက်တော်သားတွေကတော့ မနည်းမနော ကျန်ရစ်ခဲ့ပါသည်။
သို့သော် အမှန်တရားထွက်ပေါ်လာချိန်မှာ ပွဲဆူအောင် လုပ်သူတွေ မရှိ၍ စွပ်စွဲတိုက်ခိုက်ခံရတဲ့ အချိန်တုန်းကလောက် ဘယ်သူမှ သိပ်သတိမထားမိခဲ့ကြပါ။ အဲ့ဒါက အင်တာနက်ခေတ်ရဲ့ ဝမ်းနည်းစရာကောင်းသော အစိတ်အပိုင်း ဖြစ်သည်။
သူတို့သုံးယောက်က အန္တရာယ်များသော လူတွေလို ဆက်ဆံခဲ့ရပြီး သူတို့ ကျိန်ဆဲခံရချိန်မှာ အားလုံး ဆွမ်းကြီးဝိုင်းလောင်းခဲ့ပေမဲ့ အမှန်တရားထွက်ပေါ်လာချိန်မှာတော့ ထိုလူတွေက အားလုံးထက် အရင် ထွက်ပြေးသွားခဲ့သည်။
အမှန်တရားကို မသိတဲ့ ဖြတ်သွားဖြတ်လာတွေကတော့ ပြဿနာအစပိုင်းကိုသာ မြင်ခဲ့ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့က နောက်ဆုံးမှာ အမှန်တရား ထွက်ပေါ်လာတဲ့ အကြောင်း သိပ်မသိခဲ့ပေ။ ပွဲအစတုန်းက ထင်မြင်ချက်ကိုသာ အမှန်တရားဟု ပုံသေ မှတ်ယူထားခဲ့ကြသည်။
အခု စုယန်ယန်က ထိုပြဿနာဟောင်းကို ပြန်ပြောသောအခါ ဖြစ်စဉ် အစအဆုံးကို အမှန်တကယ်ပင် နောက်တစ်ခေါက် သွားရှာသော လူတွေ ရှိခဲ့သည်။ ထိုလူတွေက အမှန်တရားကို လူတွေ ပိုသိစေရန်အတွက် ဖြန့်ဝေပေးခဲ့တာမို့ အဆိုးထဲက အကောင်းဟု ပြောရမည်။
[ တင်ဆက်သူက လျှို့ဝှက်ထားတဲ့ မိသားစုတစ်ခုခုကနေ ဆင်းသက်လာသူ ဖြစ်လိမ့်မယ်လို့ အစကတည်းက ပြောနေတဲ့ လူတွေ ရှိတယ်မလား။ အခု သူတို့ရဲ့ ထင်မြင်ချက်က ကွာဟချက်ရှိနေတဲ့ပုံပဲ … တကယ်တော့ တင်ဆက်သူရဲ့ အဘိုးအဘွားတွေက သုတေသနဌာနရဲ့ စီနီယာတွေ ဖြစ်နေတာ။ သူတို့ကို ပညာတတ်တွေလို့ သတ်မှတ်လို့ ရတယ်မလား။ ]
[ တင်ဆက်သူက အဖိုးတန် ဆေးပင်တွေကို ရှာတွေ့တာနဲ့ ချက်ချင်းပဲ အဲ့ဒီဆေးပင်တွေကို သုတေသနလုပ်ပြီး စိုက်ပျိုးဖို့အတွက် သုတေသနဌာနကို ပေးခဲ့တာ အံ့ဩစရာ မရှိဘူး။ လတ်စသတ်တော့ ဒီလို ပတ်သက်မှု ရှိနေတာကိုး။ ]
[ နာမည်ကြီး သိပ္ပံဆောင်းပါးကို ဖတ်ပြီးတော့ ငါ အရမ်း ဒေါသထွက်သွားတယ်။ ခဏလောက် ရှာကြည့်ရုံနဲ့ တင်ဆက်သူရဲ့ အဘိုးအဘွားတွေက သုတေသနဌာနမှာ တာဝန်ထမ်းဆောင်တုန်းက လက်တွေ့ အသုံးဝင်တဲ့ အရာတွေ အများကြီး တီထွင်ခဲ့တာကို သိနိုင်တယ်။ သူတို့ တီထွင်ခဲ့တဲ့ အရာတွေက ဒီနေ့အထိ အသုံးဝင်ပြီး လူတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ပေးနေတာ။ တင်ဆက်သူက အဲ့ဒီ အဖိုးတန် တရုတ်တိုင်းရင်းဆေးပင်တွေကို လူချမ်းသာတွေဆီ အရေအတွက် အကန့်အသတ်နဲ့ ဈေးကြီးကြီးနဲ့ ရောင်းချရမယ့်အစား သုတေသနဌာနကို သုတေသနလုပ်ပြီး စိုက်ပျိုးဖို့အတွက် အလကားပေးခဲ့တယ်။ သူက ဘယ်သူမှ မကြားဖူးတဲ့ ဆေးဖက်ဝင် ဟင်းလျာတွေကို တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ပြီး မျှဝေပေးခဲ့တယ် ဆိုတာကိုတော့ ပြောနေစရာတောင် မလိုဘူး။ သူက စားသောက်ဆိုင်ဖွင့်ပြီး ဈေးသက်သက်သာသာနဲ့တောင် ရောင်းပေးခဲ့တာ။
ဒါပေမဲ့ နောက်ဆုံးမှာတော့ နေမကောင်းဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ အခြေအမြစ်မရှိတဲ့ တောင်းဆိုမှုကို လက်မခံတဲ့အတွက် ပညာရော ၊ ကိုယ့်ကျင့်သိက္ခာရော ပြည့်စုံတဲ့ တင်ဆက်သူရဲ့ အဘိုးနဲ့ ဦးလေးက မဟုတ်မမှန် စွပ်စွဲခံရပြီး နာမည်ပျက်လုနီးပါး ဖြစ်သွားခဲ့တယ်။ အခု တင်ဆက်သူတို့သားအမိကိုတောင် ဒီလူက ပြန်ပေးဆွဲထားတာ။ အဲ့ဒါကို တွေးကြည့်ရုံနဲ့တင် ငါ အသက်ရှူကြပ်တယ်။ တစ်ယောက်ယောက် ရဲကို ဖုန်းဆက်ပေးစမ်းပါ။ ဒီလူက ရူးနေတာ ၊ သူ တင်ဆက်သူတို့သားအမိကို ဘာလုပ်မလဲ ဆိုတာ ဘယ်သူမှ တပ်အပ် မပြောနိုင်ဘူး။ ]
[ ငါ ရဲစခန်းကို ဖုန်းဆက်ပြီးသွားပြီ။ ရဲတွေက သူ့ကို လိုက်ရှာနေပြီလို့ ပြောတယ်။ ဒါပေမဲ့ ဒီလူက တင်ဆက်သူကို နိုင်ငံခြားကို ခေါ်ထုတ်သွားမယ်လို့ ပြောထားတယ်မလား။ ငါတို့ တင်ဆက်သူကို အချိန်မီ မကယ်တင်နိုင်မှာ နည်းနည်း စိုးရိမ်တယ်။ ]
စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲက ကြည့်ရှုသူတွေဟာ သို့ထျန်းယီရဲ့ လုပ်ရပ်တွေကို သိရှိသွားပြီးနောက် စုယန်ယန်နှင့် ကလေးရဲ့ လုံခြုံရေးကို စိတ်ပူသွားခဲ့ကြသည်။