← Chapters

အခန်း ၁၁၀၀

Vol. 74 Ch. 1100

အခန်း ၁၁၀၀

Vol. 74 Ch. 1100

အခန်း ( ၁၁၀၀ ) ပွက်လောရိုက်နေသော တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်း။

လူတော်တော်များများက စိတ်ပျက်စရာကောင်းသော ထိုကွန်းမန့်တွေကို မယုံကြည်နိုင်သော်လည်း လူတချို့ကတော့ ထောက်ခံချင်နေခဲ့သည်။

[ အမှန်ပဲ … မိန်းကလေးတင်ဆက်သူတွေ ဆိုတာ ယောက်ျားတွေနဲ့ ပရောပရီလုပ်နေတာပဲ မဟုတ်လား။ မိန်းမကောင်းတွေ အားလုံးက အိမ်မှာပဲ နေပြီး ယောက်ျားတွေ ၊ ကလေးတွေကို ဂရုစိုက်တယ်။ သူတို့မှာ အဲ့ဒီလို အပေါ်ယံ ရွှေမှုန်ကျဲတဲ့ အရာတွေအတွက် အချိန်ရှိမှာလဲ။ ငါ့အမြင်အရတော့ ဒီအမျိုးသမီးက နာမည်ကြီးချင်လို့ အသည်းအသန် ကြိုးစားနေတာပဲ။ သူ့မှာ အိမ်ထောင်ရှိတာတောင် ယောက်ျားတကာကို ပတ်ပြီး မြှူဆွယ်နေတုန်းပဲ။ သူ့ယောက်ျား မသိအောင် ယောက်ျား ဘယ်နှယောက်နဲ့ ဖောက်ပြန်နေလဲ ဆိုတာ ဘုရားပဲ သိလိမ့်မယ်။ အခု သူက ထောင်ချောက်ဆင်ခံရတဲ့ ဉာဏ်များတဲ့ ခွေးမတစ်ကောင် ဖြစ်သွားတာ။ သူ ဒီလို အလုပ်ခံရဖို့ ထိုက်တန်တယ်။ ]

[ ဒီအမျိုးသမီးက ဘယ်လို ဆေးဖက်ဝင် ဟင်းလျာတွေကို ချက်ပြတဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုမျိုး လုပ်တာမလို့လဲ။ လူနာတွေကို ကုသပြီး အသက်ကယ်ဖို့အတွက်ပဲ မဟုတ်ဘူးလား။ အခု လူနာတွေက သူ့ကို လာရှာနေတာကို သူက ငြင်းဆန်နေတာ။ ဘာလို့ အဲ့လို စိမ်းကားရက်စက်ရတာလဲ။ သူက ဖြောင့်မတ်မှန်ကန်သလို ဟန်ဆောင်နေတာပဲ။ ]

ထိုကဲ့သို့ ကွန်းမန့်တွေက ရုတ်တရက် ပိုများလာကာ စုယန်ယန်တို့သားအမိရဲ့ လုံခြုံရေးကို အစကတည်းက စိတ်ပူနေတဲ့ ကြည့်ရှုသူတွေအား မခံမရပ်နိုင်အောင် ဒေါသထွက်သွားစေခဲ့သည်။

[ မင်းတို့လို ဦးနှောက်မရှိတဲ့ လူတွေကြောင့်ပဲ တင်ဆက်သူက သူ့သရုပ်မှန်ကို အမြဲတမ်း သိုဝှက်ထားဖို့ ရွေးချယ်ခဲ့တာ။ နှစ်ဖက်လုံးရဲ့ အမှားမကင်းဘူး … ဟုတ်လား။ မင်းမှာ သတ္တိရှိရင် မင်းမျက်နှာကို ဆွဲဖြဲလိုက်လေ ၊ အသံအကျယ်ကြီး ကြားရလိမ့်မယ် ဆိုတာ အာမခံတယ်။ ]

[ နစ်နာသူကို အပြစ်တင်တဲ့ ဒီလို သီအိုရီမျိုးတွေကို ငါ အမုန်းဆုံးပဲ။ မျက်နှာကို တစ်ချက်လောက် ဖြတ်ရိုက်လို့ ထူးထူးခြားခြား ပြောင်းလဲမသွားဘူး ဆိုရင် ငါ မင်းမျက်နှာကို ဖြတ်ရိုက်မယ်လေ။ အဲ့ဒါဆိုရင်တော့ မင်း ဆတ်ဆတ်ခါသွားလောက်တယ်။ ]

[ ဘုရားရေ … ဒီလူ့ဘက်က ရပ်တည်ပြောဆိုပေးနေတဲ့ သူတော်ကောင်းကြီးတွေ တကယ် ရှိနေတာပဲဟ။ ဘယ်လိုတောင် နံစော်လိုက်တဲ့ လောက်ကောင်တွေလဲ။ နိုင်ငံထဲက မိန်းကလေးတွေအားလုံး မျက်လုံးတွေကို ပွတ်ပြီး ဒီလူတွေကို သေချာ ကြည့်ကြစမ်း။ ဒီလို အမှိုက်ကောင်တွေဆီမှာ အလှည့်စားမခံနဲ့။ ယောက်ျားနဲ့ မိန်းမကို ခွဲခြားဆက်ဆံတဲ့ ခွေးကောင်တွေက မင်းတို့နဲ့ တွဲတာနဲ့ လမ်းခွဲပေးတော့မှာ မဟုတ်ဘူး။ မင်းတို့က လမ်းခွဲချင်ရင် သူတို့က မင်းဟာ ဖောက်ပြန်နေပါတယ် ၊ လူတကာနဲ့ ပတ်အိပ်နေပါတယ်လို့ ကောလဟာလတွေ ဖြန့်လိမ့်မယ်။ မင်းကို ဓားနဲ့ ထိုးရင်တောင် ထိုးနိုင်တယ်။ အမှိုက်ကောင်တွေနဲ့ ယောင်လို့တောင် သူငယ်ချင်းသွားမလုပ်နဲ့။ ]

[ ကလေးတစ်ယောက်ကို ဒုက္ခပေးတယ် ဆိုကတည်းက တချို့လူတွေက အောက်တန်းကျတာထက်ကို လွန်လွန်းတယ်။ ဒီအနေအထားမှာတော့ လူကုန်ကူးသမားတွေ သေသင့်တယ်လို့ပဲ ငါ ပြောချင်တော့တယ်။ ]

[ ရှေးခေတ်စာပေထဲမှာ ဂုဏ်သတင်းကြီးတဲ့ သမားတော်တစ်ယောက်က တော်ဝင်မျိုးနွယ် တစ်ယောက်ကို ဆေးကုပေးခဲ့ပေမယ့် သူ ကုသတဲ့ နည်းလမ်းက တော်ဝင်မျိုးနွယ်ရဲ့ အကြိုက်နဲ့ မကိုက်ညီတဲ့အတွက် ရက်ရက်စက်စက် ကွပ်မျက်ခံခဲ့ရတယ်တဲ့။ အဲ့ဒီဇာတ်လမ်းကို ဖတ်တုန်းက ရှေးခေတ်က လူတွေက နုံဖျင်းလွန်းတယ် ၊ အဓိပ္ပာယ်မရှိဘူးလို့ ထင်ခဲ့မိတာ။ တစ်နေ့မှာ အဲ့လို လူမျိုးကို လက်တွေ့ဘဝမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး။ ဒါကို ဆေးဖက်ဆိုင်ရာ အကြမ်းဖက်မှုလို့ သတ်မှတ်လို့ ရတယ် မဟုတ်လား။ ]

ထိုကဲ့သို့ ကွန်းမန့်မျိုးတွေအပြင် ဒီတိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုဟာ အတန်းရှင်းရှာနေတာလို့ ထင်တဲ့ လူတချို့လည်း ရှိနေခဲ့သည်။

[ လူလိမ်တွေက သရုပ်ဆောင်ပြပြီး အတန်းရှင်းရှာနေတာပဲ။ အရင်တုန်းက စားသောက်ဆိုင်ကို နည်းလမ်းမျိုးစုံနဲ့ နာမည်ကြီးအောင် လုပ်ပြီး အလိမ်အညာဆေးဝါးတွေ ရောင်းချတာနဲ့တင် လုံလောက်နေပြီကို သူတို့က ပြန်ပေးဆွဲတာ ၊ ငွေညှစ်တာတွေအထိ သရုပ်ဆောင်ပြီး တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ပြီး ကိုယ့်ကိုယ်ကိုယ် ရောင်းနေတာလား။ သူတို့က အရူးအမူး ပိုက်ဆံလိုချင်နေတာပဲ။ ]

[ မင်းက ‌ငါ ပြောချင်ပေမဲ့ မပြောရဲတဲ့ စကားကို ပြောပေးသွားတာပါ။ တစ်ယောက်သောသူရဲ့ ပရိသတ်တွေက သူတို့နဲ့ အမြင်မတူတဲ့ လူတွေကို အရူးတွေလိုပဲ လိုက်တိုက်ခိုက်နေတာ။ ငါ့အမြင်အရ ဒီကိစ္စကို ပလက်ဖောင်းကို တိုင်ကြားပြီး ဒီတိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းကို ရာသက်ပန် ဖျက်ချပစ်သင့်တယ်။ ]

[ အပေါ်က တစ်ယောက်က ဒီတိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို အတန်းရှင်းရှာတာလို့ ထင်နေတာလား။ မင်းမှာ စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိရင်လည်း ဦးနှောက်ကို အာဟာရဖြစ်စေမယ့် တစ်ခုခုကို စားသောက်သင့်တယ်။ ဘယ်လို မိဘမျိုးက သူ့အသက်ရော ၊ ကလေးရဲ့ အသက်ကိုရော ရင်းပြီး အတန်းရှင်းရှာမှာလဲ။ ပြီးတော့ အတန်းရှင်းရှာတဲ့ နည်းလမ်းကလည်း တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ပြီးတော့တဲ့လား။ ကျန်တဲ့ အချက်တွေကို ဘေးဖယ်ထားရင်တောင် သူ့ပရိသတ်တွေကို ရဲစခန်းကို မှားယွင်းတိုင်ကြားအောင် လုပ်တာနဲ့တင် သူ့ကို ထောင်ထဲ ထည့်ဖို့ လုံလောက်တယ်။ အဲ့ဒါဆို သူက အဖမ်းခံရဖို့အတွက်နဲ့ နာရီပေါင်းများစွာ အပင်ပန်းခံခဲ့သလို ဖြစ်သွားလိမ့်မယ်။ လူတိုင်းက မင်းတို့လောက် ဦးနှောက်မရှိဘူးလို့ ထင်နေလား။ ]

တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက ကြည့်ရှုသူတွေဟာ စုယန်ယန်ရဲ့ သရုပ်မှန်ကြောင့် ခဏတာ ထိတ်လန့်သွားပြီးနောက် သူမတို့သားအမိရဲ့ လက်ရှိ အခြေအနေကို စိတ်ဝင်စားသွားကြသည်။ အခု သူတို့ဟာ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက လူဆိုး ၊ လူကောင်း ရောထွေးနေသည့် ပွက်လောရိုက်နေသော တိုက်ပွဲတွေထဲမှာတောင် ပါဝင်လာခဲ့သည်။

ကွန်းမန့်ဆက်ရှင်ထဲမှာ တကယ့်ကို အုတ်အော်သောင်းတင်းနှင့် ပွက်လောရိုက်နေ၏။

စုယန်ယန်က ထိုအဖြစ်အပျက်တွေကို မသိသော်လည်း သူမရဲ့ စိတ်ထဲက စနစ်က သူမကို နှစ်လိုမှုရမှတ်တွေ အဆက်မပြတ် တိုး‌ပေးနေတာမို့ အနည်းငယ် စိတ်သက်သာရာရမိသည်။ အကြောင်းကတော့ ဒီအချိန်မှာ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ဖွင့်လိုက်တာက အလွန် အမြော်အမြင်ရှိသော ရွေးချယ်မှုပဲလို့ စနစ်က ထောက်ခံသည်ဟု ခံစားရတာကြောင့်ပင်။

All Chapters