အခန်း ၁၁၀၂
Vol. 74 Ch. 1102
အခန်း ( ၁၁၀၂ ) မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ အန္တရာယ်များသော ဧည့်သည်။
အကင်းပါးတဲ့ စုယန်ယန်က အပြင်ဘက်က ဆူညံသံတွေကြောင့် သို့ထျန်းယီရဲ့ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး လီယွဲ့ကို တစ်ချက် ကြည့်လိုက်တာကို သတိပြုမိသည်။
လီယွဲ့က ချက်ချင်း နားလည်သွားပြီး စုယန်ယန်ဆီ လျှောက်လာခဲ့သည်။ “ ကျေးဇူးပြုပြီး ကျွန်တော့်နောက် လိုက်ခဲ့ပေးပါ မိန်းကလေးစု။ ”
စုယန်ယန်က ထိုင်ခုံမှ မထဘဲ မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်သည်။ “ ဘာဖြစ်လို့လဲ။ ”
“ နောက်မှ ရှင်းပြပါ့မယ်။ ကျွန်တော်တို့ အရင်ဆုံး သွားဖို့ လိုပါတယ်။ ဒါက မင်းနဲ့ မင်းကလေးရဲ့ လုံခြုံရေးအတွက်ပါ။ စိတ်မပူပါနဲ့ … မင်းကို လောလောဆယ် ဘာမှ မလုပ်သေးပါဘူး။ ”
လောလောဆယ် ဘာမှ မလုပ်သေးဘူးတဲ့လား … ။ အဲ့ဒီစကားက သူမကို အနာဂတ်မှာတော့ တစ်ခုခု လုပ်နိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်မဟုတ်လား … ။
စုယန်ယန်က သူ့စကားလုံးတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို နားလည်သွားကာ မျက်လုံးထဲမှာ အေးစက်သွားသော်လည်း တစ်ချိန်တည်းမှာပဲ အပြင်ဘက်က လှုပ်ရှားမှုတွေက မူမမှန်ဘူးလို့ ခံစားရသောကြောင့် ကလေးကို ပွေ့ချီပြီး လီယွဲ့နှင့်အတူ အပေါ်ထပ်ကို တက်ခဲ့လိုက်သည်။
သို့သော် သူမ ခြေတစ်လှမ်း နောက်ကျသွားကာ သေနတ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
ဒိုင်းခနဲ ထွက်ပေါ်လာသော သေနတ်သံက သူမရဲ့ ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ ကလေးကိုသာမက စုယန်ယန်တို့သားအမိရဲ့ လုံခြုံရေးကို စိတ်ပူနေတဲ့ ကြည့်ရှုသူတွေနှင့် ဟောက်ချန်ဟွမ်းကိုလည်း အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။
[ အား … အဲ့ဒါ ဘာသံလဲ။ သေနတ်ပစ်သံလား။ ကယ်ဆယ်ရေးအဖွဲ့က ဘယ်မှာလဲ။ ဘာလို့ သူတို့ကို တစ်ယောက်မှ လာမကယ်တာလဲ။ တင်ဆက်သူနဲ့ ကလေးရော အန္တရာယ်ကင်းရဲ့လား။ ]
[ ကလေးပြန်ပေးဆွဲတဲ့ ကိစ္စနဲ့တင် တော်တော် ဆိုးနေပြီကို ဘာလို့ သေနတ်ပစ်တာတွေပါ ပါလာတာလဲ။ တင်ဆက်သူကို တစ်ယောက်ယောက်က သေနတ်နဲ့ ပစ်လိုက်တာလား။ အန္တရာယ်များလိုက်တာ။ ]
[ ဟုတ်တယ် ဟုတ်တယ်။ ငါ အဲ့ဒီလူတွေ တင်ဆက်သူကို နိုင်ငံထဲကနေ ခေါ်ထုတ်သွားချင်နေတယ် ဆိုကတည်းက ယုတ်မာလွန်းတယ်လို့ ခံစားနေရတာ။ သူတို့မှာ သေနတ်တွေပါ ရှိနေလိမ့်မယ်လို့ မထင်ခဲ့ဘူး။ သေလိုက်ပါတော့ … တင်ဆက်သူနဲ့ ကလေးက အသက်အန္တရာယ်ရှိနေတာလား။ သူတို့ ဘယ်မှာလဲ။ သူတို့ကို ဘယ်သူမှ မကယ်တော့ဘူးလား။ ]
စုယန်ယန်ရဲ့ ပရိသတ်တွေရဲ့ စိုးရိမ်တကြီး အော်သံတွေက လက်ရှိအချိန်မှာ ဟောက်ချန်ဟွမ်း တွေးနေတဲ့ အတွေးတွေနှင့် တစ်ထပ်တည်း ဖြစ်သည်။ သေနတ်သံကို ကြားချိန်မှာ သူ့နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားခဲ့ပြီး သတိဝင်လာချိန်မှာတော့ ဒရိုင်ဘာကို မြန်မြန်မောင်းဖို့ အဆက်မပြတ် ပြောရင်း သူ့မျက်လုံးတွေက နီရဲနေခဲ့သည်။
ဒရိုင်ဘာက နစ်နာသူဘက်က အဖြစ်အပျက်တွေကို ဘာလို့ ဒီလောက် ထင်ထင်ရှားရှား ရိုက်ကူးထုတ်လွှင့်နေပြီး ပြန်ပေးဆွဲသမားတွေက အဲ့ဒါကို နည်းနည်းလေးတောင် သတိမပြုမိတာလဲ ဆိုတာ မသိသော်လည်း အရေးပေါ် အခြေအနေ ဖြစ်နေတာကိုတော့ သိတာမို့ လီဗာကို အားကုန်စိုက်၍ ဖိနင်းထားခဲ့လေသည်။
ကလေးက ဆူညံသံတွေကြောင့် မျက်လုံးပွင့်လာပြီး တဝါးဝါး အော်ငိုသောကြောင့် စုယန်ယန်ရဲ့ အာရုံက ကလေးဆီ ပြန်ရောက်သွားကာ အပြင်ဘက်က လူက ဘယ်သူလဲ ဆိုတာ ခန့်မှန်းရင်း ကြယ်လေးကို နှစ်သိမ့်ချော့မြှူနေခဲ့ရသည်။
ထိုသို့ ခန့်မှန်းရင်း လက်ဖျားခြေဖျားတွေ တဖြည်းဖြည်း အေးစက်လာခဲ့သည်။ အခု ရောက်လာတဲ့ လူက သိပ်ကို ရမ်းကားကြမ်းတမ်းလွန်းသည်။ မဟုတ်မှလွဲရော …
သူမ တွေးနေတုန်းမှာပဲ ကြယ်လေးကို လန့်ငိုအောင် လုပ်တဲ့ တရားခံက အိမ်ထဲကို ကျူးကျော်ဝင်ရောက်လာခဲ့သည်။ ဘယ်ဘက်ပါးပေါ်မှာ အမာရွတ်ကြီးတစ်ခု ရှိပြီး အသားမည်းနက်၍ ခန္ဓာကိုယ်ထွားကျိုင်းသော လူထွားကြီးတစ်ယောက် ဖြစ်ပါသည်။
ထိုလူက အိမ်ထဲကို ရောက်သည်နှင့် သို့ထျန်းယီကို သူ့လက်ထဲက သေနတ်နှင့် ချိန်ရွယ်လိုက်သည်။ သူ့နောက်က လူတွေကလည်း အခန်းထဲက တခြားလူတွေကို သေနတ်တွေနှင့် ချိန်ထားခဲ့သည်။
လီယွဲ့နှင့် ကျန်လူတွေကတော့ ဟန်မပျက်ပါ။ သူတို့ရဲ့ မျက်နှာတွေက ပျက်ယွင်းနေသော်လည်း အနည်းဆုံးတော့ တည်ငြိမ်စွာ နေနိုင်သေးသည်။
စိတ်ဓာတ်မမာတဲ့ ဝမ်ကျင့်ဖျင်ကတော့ ထိုလူရဲ့ ကိုယ်နေဟန်ထားကို မြင်ကတည်းက ခြေမခိုင်တော့ဘဲ ကြမ်းပြင်ပေါ်ကို လဲကျတော့မလိုတောင် ဖြစ်သွား၍ သို့ထျန်းယီရဲ့ ဝှီးချဲကို ကိုင်ပြီး ဟန်ချက်ထိန်းလိုက်ရသည်။
သို့သော်လည်း သို့ထျန်းယီကို ထိုလူက သေနတ်နှင့် ချိန်ရွယ်ထားတာကို မြင်ချိန်မှာတော့ ဖြူဖတ်ဖြူရော် မျက်နှာနှင့် ခြေနှစ်လှမ်း နောက်ဆုတ်မိသွားကာ သို့ထျန်းယီနှင့် ခပ်ခွာခွာ ခပ်ဝေးဝေး နေဖို့ ကြိုးစားလိုက်သည်။
သို့ထျန်းယီကတော့ သူမရဲ့ တုံ့ပြန်မှုကို မြင်သော်လည်း သိပ်ဂရုမစိုက်ပေ။ သူ့မှာ ဝမ်ကျင့်ဖျင်အပေါ် ဘာမျှော်လင့်ချက်မှ မထားတာကြောင့်လည်း ဖြစ်နိုင်သည်။
သို့ထျန်းယီက သူ့ကို သေနတ်နှင့် ချိန်ရွယ်ထားသည့် ဓားဒဏ်ရာအမာရွတ်နှင့် လူကို ကြည့်ပြီး ခပ်တိုးတိုး ရယ်လိုက်သည်။ “ ဒါက ဘာသဘောလဲ လူကြီးမင်းယီ။ ခင်ဗျားက အလုပ်ပြီးတာတောင် ဘယ်လောက်မှ မကြာသေးဘူး ၊ ခင်ဗျားကို ကူညီပေးခဲ့တဲ့ လူကို သတ်တော့မယ်ပေါ့လေ။ အရမ်း ရက်စက်လွန်းရာ မကျဘူးလား။ ”