← Chapters

အခန်း ၁၁၀၃

Vol. 74 Ch. 1103

အခန်း ၁၁၀၃

Vol. 74 Ch. 1103

အခန်း ( ၁၁၀၃ ) ခွေးအချင်းချင်း ကိုက်ခြင်း။

ဓားဒဏ်ရာအမာရွတ်နှင့် လူက သို့ထျန်းယီရဲ့ စကားကို ကြားပြီး လှောင်ပြုံး ပြုံးလိုက်လျှင် သူ့မျက်နှာပေါ်က အမာရွတ်က တွန့်ကွေးသွားပြီး အလွန် ရက်စက်မည့်အသွင် ပေါ်ပေါက်လာခဲ့သည်။

“ အလုပ် ပြီးတယ်တဲ့လား။ သူ့ကို ငါ့လက်ထဲက လုယူသွားတာကို အလုပ်ပြီးတယ်လို့ သတ်မှတ်ရမှာလား။ ” အမာရွတ်နှင့် လူက သို့ထျန်းယီကို ရက်စက်သော အကြည့်ဖြင့် ကြည့်ရင်း ပြောသည်။ “ ငါ့ကို ဘယ်သူမှ ဒီလိုမျိုး လာမကစားရဲတာ ကြာပြီ။ မင်း ကိုယ့်သေတွင်းကိုယ်တူးနေတာလား‌ ကောင်လေး။ ”

ထိုလူရဲ့ စကားဆုံးသည်နှင့် ဧည့်ခန်းထဲမှာ သေနတ်သံ ဒိုင်းခနဲနှင့်အတူ ဝမ်ကျင့်ဖျင်ရဲ့ အော်သံစူးစူး ထွက်ပေါ်လာခဲ့သည်။

ကျည်ဆန်က သို့ထျန်းယီရဲ့ မျက်နှာကို ပွတ်တိုက်ပြီး သူ့နောက်က နံရံကို သွားမှန်၏။ ဒီအပြုအမူက သူ့မကျေနပ်ချက်ကို ဖော်ပြခြင်း ဖြစ်သလို သတိပေးခြင်းလည်း ဖြစ်သည်။

ဒီလို လက်နက်တွေနှင့် တစ်ခါမှ နီးနီးကပ်ကပ် မထိတွေ့ဖူးတဲ့ ဝမ်ကျင့်ဖျင်က စူးစူးဝါးဝါး အော်ဟစ်ပြီး ကြမ်းပြင်ပေါ် လဲကျသွားကာ ပြန်မထ‌နိုင်လောက်အောင် ကြောက်လန့်တုန်ယင်နေခဲ့သည်။ နောက်တစ်စက္ကန့်အတွင်း သူမရဲ့ ခေါင်းကို ကျည်ဆန်လာမှန်မှာ ကြောက်သည်။

သို့ထျန်းယီကတော့ ခြိမ်းခြောက်ခံရသူက သူ မဟုတ်သည့်အလားပင် ရာဇဝတ်မှုကျူးလွန်ရန် လက်မနှေးသူတွေရှေ့မှာ တည်ငြိမ်နေခဲ့သည်။

“ ကျုပ်တို့ သဘောတူထားတာကို လူကြီးမင်းယီ မေ့သွားပြီ ထင်တယ်။ ကျုပ်က ခင်ဗျားရဲ့ တည်နေရာကို ဖုံးကွယ်ထားပေးမယ် ၊ ခင်ဗျားအတွက် အချက်အလက်တွေ စုဆောင်းပေးမယ် ၊ ဟောက်မိသားစုကို တိုက်ခိုက်ဖို့ အခွင့်အရေးရှာပေးမယ် ၊ ခင်ဗျားကတော့ ကျုပ်အတွက် ဟောက်ချန်ဟွမ်းရဲ့ ဇနီးကို ကူဖမ်းပေးမယ်လို့ သဘောတူထားတာလေ။ ခင်ဗျားလည်း လက်စားချေနိုင် ၊ ကျုပ်လည်း ကျုပ်ရောဂါကို ကုသနိုင်ရင် နှစ်ဖက်လုံး အကျိုးရှိမှာမို့လို့ တစ်ယောက်ရဲ့ အလုပ်ကို တစ်ယောက်က ဝင်မစွက်ဖက်ဘူးလို့ သဘောတူထားတာ မဟုတ်ဘူးလား။ ဒါပေမဲ့ ခင်ဗျား ဘာလုပ်ခဲ့လဲ။ မြို့လယ်ခေါင်မှာ သူတို့ကားကို ပြောင်ပြောင်တင်းတင်း လိုက်ဖမ်းတဲ့အပြင် သေနတ်နဲ့တောင် ပစ်ခဲ့တယ်။ ”

ထိုစကားကို ပြောရင်း သို့ထျန်းယီရဲ့ မျက်လုံးတွေက အေးစက်သွားသည်။ “ ကျုပ်က အရူး မဟုတ်ဘူး လူကြီးမင်းယီ။ ခင်ဗျား ဘယ်ခြေလှမ်း လှမ်းချင်နေတာလဲ ဆိုတာ ကျုပ်တို့အားလုံး သိတယ်။ ကျုပ်တို့ရဲ့ သဘောတူညီမှုရဲ့ အရေးကြီးဆုံး အပိုင်းက မိန်းကလေးစုကို နာကျင်အောင် မလုပ်ဖို့ပဲ။ ကျုပ်ရောဂါကို ကုသဖို့အတွက် သူ့အကူအညီလိုတယ် ၊ ဒါပေမဲ့ ခင်ဗျားကတော့ သူ့ကို သတ်ချင်နေတာ။ သူ့ကို သတ်တာက ကျုပ်ကို သတ်တာနဲ့ အတူတူပဲ။

ခင်ဗျား လက်စားချေလို့လည်း ရတယ် ၊ ဒေါသဖြေဖျောက်လို့ ရတယ်။ ပြဿနာကို အမြစ်ကနေ မြေလှန်ရှင်းပစ်လို့လည်း ရတယ်။ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ကို သတ်နိုင်မှာလေ။ သိပ်ကောင်းတဲ့ အစီအစဉ်ပေါ့။ ဒါပေမဲ့ ခင်ဗျား တစ်ခု မေ့သွားတာက ကျုပ်က စီးပွားရေးတစ်ယောက် ဆိုတာပဲ။ စီးပွားရေးသမားတွေက ဘယ်တော့မှ အရှုံးခံပြီး စီးပွားရေးမလုပ်တတ်ဘူး။ ကျုပ် အခု လုပ်တာက ခင်ဗျား လုပ်ခဲ့တဲ့ လုပ်ရပ်အတိုင်း တစ်ထပ်တည်း ပြန်လုပ်ရုံပဲ။ သစ္စာဖောက်ခံရတဲ့ နစ်နာသူလို ဟန်ဆောင်မနေပါနဲ့ လူကြီးမင်းယီ။ ”

သို့ထျန်းယီရဲ့ စကားထဲမှာ လှောင်ပြောင်ရိပ်တွေက သိသာထင်ရှားသော်လည်း စီးပွားရေးသမားတွေအဖို့ လှည့်ကွက်တွေကို ဖန်တီးတာ သဘာဝပဲဆိုတာ သူ မေ့လျော့သွားခဲ့သည်။ စကား နည်းနည်းပါးပါး ပြောပြီးရုံနှင့် လေထဲမှာ အန္တရာယ်အငွေ့အသက်တွေ ဖုံးလွှမ်းကာ သူတို့ ကစားနေတဲ့ အရာက လူ့အသက် ဖြစ်သွားသည်။

ဒါပေမဲ့ သူ အခု ရင်ဆိုင်နေရတာက စီးပွားရေးသမားတစ်ယောက် မဟုတ်ဘဲ ရာဇဝတ်မှုကျူးလွန်ဖို့ ဝန်မလေးသည့် ဝရမ်းပြေးတစ်ယောက် ဖြစ်သည်။ ကျောင်းသားတစ်ယောက်နှင့် စစ်သားတစ်ယောက်နှင့် ထိပ်တိုက် ရင်ဆိုင်ရတဲ့အခါ ဘယ်သူက ပိုတော်လဲ ဆိုတာထက် ဘယ်သူက ပိုခွန်အားကြီးလဲ ဆိုတာကသာ အဓိကကျသလိုမျိုးပါ။

“ ငါ့မှာ မင်း တရားချတဲ့ စကားတွေကို နားထောင်ဖို့ အချိန်မရှိဘူး။ မင်း မသေချင်ရင် အနေအထိုင် ဆင်ခြင်လိုက်။ ငါ သူ့ကို ခေါ်သွားမယ်။ ”

ဓားဒဏ်ရာအမာရွတ်နှင့် လူက သို့ထျန်းယီကို သေနတ်ချိန်ရွယ်ထားဆဲ ဖြစ်သော်လည်း သူ့မျက်လုံးအကြည့်ကတော့ မလှမ်းမကမ်းရှိ စုယန်ယန်ထံ ကျရောက်လာခဲ့သည်။

စုယန်ယန်သည် ထိုလူနှင့် မျက်လုံးချင်းဆုံချိန်တွင် နှလုံးသားထဲမှာ တုန်လှုပ်သွားပြီး ထိုလူရဲ့ လက်တွေက သွေးစွန်းလက်တွေ ဖြစ်နိုင်တယ်လို့ နိမိတ်မကောင်းသော ခံစားချက်ကို ခံစားလိုက်ရသည်။ လူတစ်ယောက်တည်းရဲ့ သွေးတွေ စွန်းထင်းနေတာတောင် မဟုတ်နိုင်ချေ။

ထိုအချိန်မှာ ဟောက်ချန်ဟွမ်းနှင့် ကျန်လူတွေက အပန်းဖြေစံအိမ်ရဲ့ တည်နေရာကို ရှာတွေ့သွားပြီး စုယန်ယန်နှင့် သို့ထျန်းယီရဲ့ စကားထဲမှာ ပါသော အချက်အလက်တွေနှင့် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းရဲ့ ပတ်ဝန်းကျင်ကနေတစ်ဆင့် အပန်းဖြေစံအိမ်ရဲ့ အစွန်အဖျားကို ရောက်လာခဲ့ကြသည်။

အပန်းဖြေစံအိမ်ထဲက အခြေအနေတွေကို အကုန်လုံး အချိန်နှင့်တပြေးညီ တိတိကျကျ သိနိုင်စေရန်အတွက် ဟောက်ချန်းဟွမ်းရဲ့ ဖုန်းထဲမှာ တိုက်ရိုက် ထုတ်လွှင့်တင်တက်မှုကို ဖွင့်ထားဆဲ။

ကျန်းချန့်ယန်သည် သူ့တူရဲ့ ဇနီးက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ဘယ်လို ဖွင့်လိုက်တာလဲ ဆိုတာ မသိသော်လည်း ကင်မရာရှုထောင့်က သူမဆီမှာ ရှိမနေတဲ့အတွက် သူမမှာ ကင်မရာမရှိတာတော့ သေချာသည်။

သို့သော် ဒီတိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုရဲ့ ရှုထောင့်က သူတို့ရဲ့ ကယ်ဆယ်ရေးအတွက် အလွန် အသုံးဝင်သော အချက်အလက်တွေကို ပေးစွမ်းကာ လွယ်ကူချောမွေ့စေသည်ဟု ပြောရမည်။

ကျန်းချန့်ယန်သည် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲမှာ ပေါ်လာသော အမာရွတ်နှင့် လူရဲ့ မျက်နှာကို မြင်သောအခါ ရုတ်တရက် အမူအရာ ပြောင်းလဲသွားလေသည်။

All Chapters