အခန်း ၁၁၀၄
Vol. 74 Ch. 1104
အခန်း ( ၁၁၀၄ ) တကယ်လို့ ဆိုတာမျိုး မရှိဘူး။
“ လတ်စသတ်တော့ ဒီကောင် ဖြစ်နေတာပဲ။ ”
ကျန်းချန့်ယန်ရဲ့ စကားကို ကြားတော့ ဟောက်ချန်ဟွမ်းက မျက်လုံးအရောင်တောက်သွားပြီး အေးစက်စွာ မေးလိုက်သည်။ “ ဦးလေး သူ့ကို သိတာလား။ ”
ကျန်းချန့်ယန်က ခဏလောက် တုံ့ဆိုင်းနေပြီးမှ အမှန်အတိုင်း ပြောဖို့ ဆုံးဖြတ်လိုက်သည်။ “ လွန်ခဲ့တဲ့ သုံးရက်တုန်းက ငါ့အဖွဲ့က ရဲတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ ဟောက်ချီဟန်ကို ငါးစာလုပ်ပြီး အဲ့ဒီလူတွေကို မျှားခေါ်နိုင်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက အခြေအနေက အရမ်း အန္တရာယ်များခဲ့တယ်။ ခေါင်းဆောင်က နေရာမှာပဲ သေသွားပေမဲ့ လွတ်သွားတဲ့ လူ နည်းနည်းပါးပါးတော့ ရှိတာပေါ့။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက ကြောက်စရာကောင်းလောက်အောင် မည်းမှောင်သွားသည်။ “ အဲ့ဒီကောင်က လွတ်သွားတဲ့ လူတွေထဲက တစ်ယောက်လား။ ”
ကျန်းချန့်ယန်က လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ “ သူက ဒုတိယခေါင်းဆောင်ပဲ။ ဒုတိယခေါင်းဆောင် ဆိုပေမဲ့ တကယ်တမ်းမှာ သူ့ရဲ့ နည်းဗျူဟာတွေကလည်း ခေါင်းဆောင်နဲ့ ရက်စက်ပုံချင်း သိပ်မကွာဘူး။ ခေါင်းဆောင်က အသက်ကြီးနေပြီ ဆိုတော့ သူ့လက်အောက်ငယ်သားတွေကိုလည်း အရင်ကလောက် မကန့်သတ်တော့ဘူး။ လွန်ခဲ့တဲ့ နှစ်ပိုင်းအတွင်းက ကိစ္စ တော်တော်များများကို အဲ့ဒီကောင်ပဲ ကိုင်တွယ်ခဲ့တာ။ ”
အတိုချုံ့ ပြောရလျှင်တော့ သူ့ကို ဒုတိယခေါင်းဆောင်ဟု နာမည်တပ်ထားသော်လည်း တကယ်တမ်းမှာတော့ သူတို့ဂိုဏ်းရဲ့ ခေါင်းဆောင်မမည်သော ခေါင်းဆောင်ပဲ ဖြစ်သည်။ ခေါင်းဆောင်ကို လွန်ခဲ့တဲ့ သုံးရက်တုန်းက သတ်နိုင်ခဲ့သော်လည်း ဒီကောင့်ကိုတော့ လွတ်သွားခဲ့ရာ အခုတော့ ဒီကောင်က သူ့မိသားစုဝင်တွေကိုပါ ပစ်မှတ်ထားလာခဲ့ပါပြီ။
“ ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ။ ” ဟောက်ချန်ဟွမ်းက သူ့လက်ပေါ်က သွေးကြောတွေကို မြင်နိုင်တဲ့ထိ လက်သီးတင်းတင်းဆုပ်ထားခဲ့သည်။
“ မင်းတို့တွေ အဲ့ဒီကို အတူတူ သွားလိုက်။ ” ကျန်းချန့်ယန်က သူ့လူတွေကို အပန်းဖြေစံအိမ်အား ဝိုင်းထားဖို့ အမိန့်ပေးလိုက်သည်။
“ ဘယ်သူ့ကိုမှ ငါတို့ ရောက်နေတာကို အသိပေးသလို မဖြစ်စေဖို့နဲ့ ဓားစာခံတွေရဲ့ လုံခြုံရေးကို မထိခိုက်စေဖို့ မမေ့ပါနဲ့။ ”
သူတို့က စုယန်ယန်တို့သားအမိ ဘေးကင်းလုံခြုံကြောင်း သေချာစေဖို့ အစွမ်းကုန် ကြိုးစားနေသော်လည်း အဲ့ဒါက လွယ်ကူတဲ့ အရာတစ်ခု မဟုတ်ပါ။ ထိုလူသာ စုယန်ယန်ကို တကယ် သတ်ချင်လျှင် သူတို့မှာ ကယ်တင်ဖို့ အခွင့်အရေးတောင် ရလိုက်မှာ မဟုတ်။
စုယန်ယန်ကတော့ အပန်းဖြေစံအိမ်ရဲ့ အပြင်ဘက်မှာ ဟောက်ချန်ဟွမ်းနှင့် ကျန်လူတွေ ရောက်နေကြပြီး သူမကို ကယ်ဖို့အတွက် စိုးရိမ်တကြီးနှင့် အလျင်လိုနေတာကို မသိပေ။
သို့ထျန်းယီနှင့် အမာရွတ်နှင့်လူကြားမှာ အပြန်အလှန် ပြောသော စကားတွေကို နားထောင်ရသလောက် ထိုလူ့ရဲ့ သရုပ်မှန်ကို စုယန်ယန် အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။ ထိုလူက သူမကို အမှန်တကယ် သတ်ချင်စိတ်ပြင်းပြနေတယ် ဆိုတာလည်း ခန့်မှန်းလို့ ရသည်။
စုယန်ယန်သည် အပေါ်ယံမှာ အမူအရာမပျက်သော်လည်း သူမရဲ့ ကျောပြင်မှာတော့ အေးစက်သော ချွေးတို့ဖြင့် စိုရွဲနေခဲ့လေသည်။ သို့ထျန်းယီက သူမကို ထိုလူ့လက်ထဲ ထည့်ပေးမှာ မဟုတ်တာကို သူမ ကောင်းကောင်း သိသည်။ သူ့အသက်ကို ရင်းရမည် ဆိုလျှင်တောင် သူမကို အသေခံမှာ မဟုတ်။
ဒါပေမဲ့ အဓိကကျတာက သူ့မှာ ဒီအသိစိတ်လွတ်နေတဲ့ လူတွေကို အနိုင်ယူလောက်တဲ့ အင်အားမျိုး ရှိပါ့မလား … ။
လက်တွေ့ အဖြစ်အပျက်တွေက စုယန်ယန်ရဲ့ စိုးရိမ်ပူပန်မှုတွေဟာ အကြောင်းပြချက်မဲ့ မဟုတ်ကြောင်း သက်သေပြပေးခဲ့သည်။
သို့ထျန်းယီက အမာရွတ်နှင့်လူက စုယန်ယန်ကို ခေါ်သွားချင်နေတယ် ဟူသော စကားကို ကြားချိန်မှာ ဘာမှ စဉ်းစားမနေဘဲ ချက်ချင်း ကန့်ကွက်သည်။ “ အဲ့လိုတော့ မရဘူး။ ကျုပ် အသက်ရှင်ဖို့အတွက် သူ့ကို အားကိုးဖို့ လိုအပ်နေတုန်းပဲ။ သူ့ကို ခေါ်သွားလို့ မရဘူး။ ”
အမာရွတ်နှင့်လူရဲ့ မျက်နှာက မည်းမှောင်သွားသည်။ “ ငါက ဒီကိစ္စ မင်းနဲ့ ဆွေးနွေးနေတာ မဟုတ်ဘူး။ ငါ မင်းကို အခုချက်ချင်း သတ်နိုင်တယ် ဆိုတာ ယုံလား။ ”
အကြောက်အလန့်ကင်းတဲ့ သို့ထျန်းယီက ထိုလူကို မျက်ခုံးပင့်၍ ကြည့်ကာ လှောင်ရယ်လိုက်သည်။ “ ဒါပေါ့ … ကျုပ် ယုံပါတယ်။ ဒါပေမဲ့ လူကြီးမင်းယီ ကျုပ်ကို သတ်လိုက်ရင် ရင်ဆိုင်ရမယ့် အကျိုးဆက်တွေကိုလည်း စဉ်းစားဖို့ လိုတယ်။ လက်ရှိအချိန်မှာ ကျုပ်က လွဲလို့ ဘယ်သူကမှ ခင်ဗျားကို ဒီနေရာက ထွက်သွားနိုင်အောင် ကူညီပေးနိုင်မှာ မဟုတ်ဘူး။ ကျန်တာကို ထည့်မပြောနဲ့ဦး ၊ အဲ့ဒီ ဟောက်မျိုးနွယ်က သွားရှုပ်လို့ ရတဲ့ လူမျိုး မဟုတ် … ”
သို့ထျန်းယီရဲ့ စကားမဆုံးသေးခင်မှာပဲ အမာရွတ်နှင့်လူက ဖြတ်ပြောခဲ့သည်။ “ ငါ သူ့ကို ကြောက်တယ်လို့ မင်း ထင်နေတာလား။ ”
“ ခင်ဗျား သူ့ကို မကြောက်ပေမဲ့ သေခြင်းတရားကိုတော့ ကြောက်မှာပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ဖြစ်သွားတာက သင်ခန်းစာပဲ လူကြီးမင်းယီ။ ခင်ဗျား တူညီတဲ့ အမှားကို နောက်တစ်ခေါက် ထပ်လုပ်ချင်နေတာလား။ ”
“ အဲ့ဒါက သူတို့ လှည့်စားခဲ့လို့ပဲ။ ”
“ လှည့်စားတာကလည်း နည်းဗျူဟာ တစ်မျိုးပါပဲ။ သူတို့မှာ အရံအစီအစဉ် မရှိဘူးလို့ ခင်ဗျား ဘာလို့ ဒီလောက် သေချာနေတာလဲ။ တကယ်ပဲ အဲ့လိုသာ ဆိုရင် ခင်ဗျား ကျုပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် လာရှာစရာတောင် လိုမှာ မဟုတ်ဘူး။ တစ်ခါ လွတ်လာတာက ကံကောင်းမှု ဆိုပေမဲ့ ခင်ဗျား ဘယ်အချိန်ထိ ကံကောင်းနိုင်မှာမို့လို့လဲ။ တကယ်လို့ … ”
“ တကယ်လို့ ဆိုတဲ့ စကားလုံး မရှိဘူး။ ”