အခန်း ၁၁၀၅
Vol. 74 Ch. 1105
အခန်း ( ၁၁၀၅ ) နောက်ဆုံး ဆယ်မိနစ်။
သို့ထျန်းယီက မျက်ခုံးပင့်ကာ ခပ်တိုးတိုး ရယ်လိုက်သည်။ “ ကိုယ့်ကိုယ်ကိုယ် အဲ့လောက် အထင်ကြီးမနေပါနဲ့။ ယုန်တစ်ကောင်တောင် ချောင်ပိတ်ခံထားရရင် ပြန်ကိုက်မှာပဲ ၊ ခွေးရူးတစ်ကောင် ဆိုရင်တော့ ပြောမနေနဲ့တော့။ ခင်ဗျားက သူ့မိန်းမနဲ့ ကလေးကို သတ်ထားရင် သူကလည်း ခင်ဗျားကို မရ,ရတဲ့ နည်းနဲ့ ပြန်သတ်လိမ့်မယ်။ အဲ့အချိန်ကျရင် ခင်ဗျား ပြေးမလွတ်မှာ စိုးရိမ်မိတယ်။ ”
ဟောက်ချန်ဟွမ်းကို ခွေးရူးဟု ရည်ညွှန်းသုံးနှုန်းလိုက်သော သို့ထျန်းယီရဲ့ စကားကြောင့် စုယန်ယန်ရဲ့ မျက်နှာက မည်းမှောင်သွားကာ သူမရဲ့ မျက်လုံးထဲမှာ အေးစက်စက် အလင်းတန်းတစ်ခု ပြေးသွား၏။
အမာရွတ်နှင့်လူက သို့ထျန်းယီရဲ့ စကားကို ကြားတော့ အံ့ဩသွားပြီးမှ တစ်စုံတစ်ခုကို သဘောပေါက်သွားပုံဖြင့် အသံထွက် ရယ်သည်။
“ ခွေးရူးတဲ့လား။ သိပ်ကောင်းတဲ့ ဥပမာပဲ။ တူဝရီးတွေက အရမ်း တူတယ်လို့ လူတွေက ပြောကြတယ်။ ကျန်းချန့်ယန်က ခွေးရူး ဆိုတော့ သူ့တူကလည်း ခွေးရူးပဲပေါ့။ ”
စုယန်ယန်သည် ထိုလူ ကျန်းချန့်ယန်အကြောင်း ထည့်ပြောတာကို ကြားတော့ နှလုံးသားထဲမှာ လေးလံဖိစီးသွားသည်။ ဒီအမာရွတ်နှင့်လူရဲ့ သရုပ်မှန်ကိုလည်း အတည်ပြုနိုင်သွားသည်။
ထိုအချိန်မှာပဲ အမာရွတ်နှင့်လူက သူမကို ရုတ်တရက် မော့ကြည့်လာသောကြောင့် မျှော်လင့်မထားစွာဖြင့် နှစ်ယောက်သား အကြည့်ချင်း ဆုံသွားခဲ့သည်။ စုယန်ယန်က နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်သည်။
ကံကောင်းစွာဖြင့် တစ်ဖက်လူက သူမကို အကြာကြီး စိုက်ကြည့်မနေပါ။ ထိုလူရဲ့ စိတ်အာရုံက သို့ထျန်းယီဆီ အမြန် ပြန်ရောက်သွားပြီး အစတုန်းက သူ့ကို ချိန်ရွယ်ထားတဲ့ သေနတ်ကိုတောင် ချ၍ သူနှင့် မျက်နှာချင်းဆိုင် ဆိုဖာမှာ သွားထိုင်ခဲ့သည်။
“ မင်းက ဉာဏ်ကောင်းသားပဲ။ ဒီလို စကားမျိုး ပြောရဲတယ် ဆိုတော့ မင်း အထိအခိုက်မရှိ လွတ်မြောက်နိုင်လိမ့်မယ်လို့ သေချာတယ်လား။ ”
“ ဒါပေါ့ဗျာ။ ”
အမာရွတ်နှင့်လူရဲ့ မျက်လုံးထဲမှာ အလင်းတန်းတစ်ခု ယှက်သန်းသွားသည်။ “ မင်း ဘာလုပ်မယ်လို့ စီစဉ်ထားလဲ။ ”
သို့ထျန်းယီက နာရီကို မော့ကြည့်လိုက်သည်။ “ ဆယ်မိနစ်အတွင်း မိန်းကလေးစုနဲ့ ကျုပ်က ဒီနေရာကနေ ကိုယ်ပိုင်လေယာဉ်နဲ့ ထွက်သွားမယ်။ ကျုပ်တို့ ထွက်မသွားခင်မှာ ကျုပ်တို့နောက်ကို လိုက်နေတဲ့ စိတ်ရှုပ်စရာကောင်းတဲ့ လူတွေကို တစ်ယောက်ယောက်က အာရုံလွှဲပေးလိမ့်မယ်။ ခင်ဗျား အဆင်ပြေရင် ကျုပ်တို့နဲ့ အတူတူ လိုက်ခဲ့လို့ ရပါတယ် လူကြီးမင်းယီ။ ”
“ မင်းတို့နဲ့ လေယာဉ်တစ်စီးတည်း စီးရမှာလား။ ”
သို့ထျန်းယီက အပြုံးယဲ့ယဲ့ဖြင့် ခေါင်းခါပြလိုက်တော့ အမာရွတ်နှင့်လူက မျက်မှောင်ကြုတ်သည်။ “ မရဘူးလား။ ”
“ တိတိကျကျ ပြောရရင် ကျုပ်တို့ အတူတူ ထွက်သွားမှာပါ ၊ ဒါပေမဲ့ လေယာဉ်တစ်စီးတည်းတော့ အတူ စီးလို့ မရဘူး။ ခင်ဗျား သွားချင်တဲ့ နေရာကို ကိုယ့်ဘာသာ ရွေးချယ်နိုင်အောင်လို့ ခင်ဗျားအတွက်လည်း ကိုယ်ပိုင်လေယာဉ် တစ်စီး စီစဉ်ပေးထားတယ်။ ”
သို့ထျန်းယီက ထွက်ပြေးချင်တာမို့ လေယာဉ်လမ်းကြောင်းကို ပုံမှန်အတိုင်း မစီစဉ်ထားခဲ့ပါ။ မဟုတ်ရင် ဟောက်ချန်ဟွမ်းနှင့် ကျန်လူတွေ သတိဝင်လာတဲ့အခါ သူတို့ သွားတဲ့ လမ်းကြောင်းကို အလွယ်တကူ ခန့်မှန်းနိုင်ပါလိမ့်မည်။ အဲ့ဒါဆို သူတို့ ကြိုးစားခဲ့သမျှ အရာအားလုံး သဲထဲရေသွန် ဖြစ်သွားမှာ မဟုတ်လား … ။
အမာရွတ်နှင့်လူနှင့် ကျန်လူတွေအတွက် တခြား လေယာဉ်တစ်စီး စီစဉ်ပေးထားရတဲ့ အကြောင်းပြချက်ကတော့ အမာရွတ်နှင့်လူ သူ့အပေါ် အမြင်ကြည်လင်အောင် လုပ်ချင်လို့ပဲ ဖြစ်သည်။ သူတစ်ယောက်တည်းကသာ ဒီအခြေအနေဆိုးထဲကနေ သူ့ကို ကယ်ထုတ်ပေးနိုင်တယ် ဆိုတာ သိစေချင်ပြီး သူ့ကို လာမထိရဲအောင်လို့ သူ့တန်ဖိုးကို အလေးပေး ဖော်ပြချင်သည်။ ဒုတိယ အကြောင်းပြချက်ကတော့ သူ့ရဲ့ လုံခြုံရေးအတွက်လည်း ယုံကြည်စိတ်ချနိုင်အောင်လို့ ဖြစ်သည်။
တကယ်လို့ အမာရွတ်နှင့်လူသာ နိုင်ငံခြားကို သွားချင်လျှင် သူ့ကိုယ်ပိုင် အဆက်အသွယ်တွေနှင့် သွားနိုင်တယ် ဆိုတာ သို့ထျန်းယီ သိပြီးသားပါ။ ထိုလူသာ ဆန္ဒရှိလျှင် လေယာဉ်လမ်းကြောင်း ပြဿနာကိုလည်း သေချာပေါက် ဖြေရှင်းနိုင်လိမ့်မည်။ အခက်တွေ့ဆုံး ကိစ္စက ဉာဏ်ကောင်းတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဆန်မရှိဘဲ ထမင်းမချက်နိုင်တာပဲ ဖြစ်သည်။ အခု သူက ထိုလူ့ကို လွတ်လမ်း ဖန်တီးပေးလိုက်ပြီမို့ သူကိုယ်တိုင်လည်း အသက်ရှင်သန်နိုင်မယ့် အခွင့်အရေးကို ရှာဖွေနိုင်ပါလိမ့်မည်။
ထိုလူရဲ့ အဆက်အသွယ်တွေက သူ့အဆက်အသွယ်တွေနှင့် တစ်ထပ်တည်းမကျမှာ သေချာသည်။ ထိုအချိန် ရောက်လာတဲ့အခါ သူတို့က မတူညီသော လေယာဉ်တွေပေါ်မှာ ရှိနေမှာ ဖြစ်ပြီး ဘယ်သူက ဘယ်နေရာကို သွားတာလဲ ဆိုတာကို ဘယ်သူမှ သိမှာ မဟုတ်။ ရာဇဝတ်မှုကျူးလွန်ဖို့ ဝန်မလေးတဲ့ ဒီလူတွေက သူတို့ကို လက်စဖျောက်ပစ်ချင်လျှင်တောင် ထိုအချိန်မှာတော့ ဘာမှ လုပ်နိုင်တော့မှာ မဟုတ်။
အမာရွတ်နှင့်လူကလည်း သို့ထျန်းယီရဲ့ လှည့်ကွက်တွေကို ဖောက်ထွင်း မြင်နိုင်သည်။ ဒါပေမဲ့ အခုအချိန်မှာ သူ ပိုဂရုစိုက်တာက …
“ မင်း ငါ့ကို မယုံမကြည်ဖြစ်နေတာလား။ ”
“ ကျုပ် ခင်ဗျားကို မယုံမကြည်ဖြစ်နေတာ မဟုတ်ပါဘူး။ ကျုပ်နဲ့ မိန်းကလေးစုရဲ့ လုံခြုံရေးအတွက် စိတ်ချစေချင်တာပါ။ လူကြီးမင်းယီက ကြောက်နေတာများလား။ ”
“ ငါ့ကို ရန်စတာ အသုံးမဝင်ဘူး သို့ထျန်းယီ။ လေယာဉ်က မင်းလေယာဉ်ပဲ ၊ မင်းက ငါတို့နဲ့ လေယာဉ်တစ်စီးတည်း မစီးချင်ဘူး ဆိုတော့ ဘာတွေ မကောင်းကြံထားလို့လဲ။ တကယ်လို့ လေယာဉ်က ကောင်းကင်ပေါ်မှာ ပေါက်ကွဲသွားရင် ငါက ဘယ်သူ့ကို သွားတာဝန်ယူခိုင်းရမှာလဲ။ မင်း ငါတို့နဲ့ အတူတူ လိုက်ခဲ့ရမယ်။ ”
“ မဖြစ်နိုင်ဘူး။ ”
“ ငါက မင်းနဲ့ ဆွေးနွေးနေတာ မဟုတ်ဘူး။ အမိန့်ပေးနေတာ ၊ မင်းကို ငါတို့နဲ့ လေယာဉ်တစ်စီးတည်း စီးဖို့ အမိန့်ပေးနေတာ။ ”
သူတို့နှစ်ယောက်က လွတ်မြောက်ရေးအစီအစဉ်တွေကြောင့် ခဏတာ ငြိမ်းချမ်းရေးရသွားသော်လည်း အခုတော့ သဘောထားကွဲလွဲမှုကြောင့် ပြန်လည်တင်းမာသွားခဲ့ကြသည်။