← Chapters

အခန်း ၁၁၀၆

Vol. 74 Ch. 1106

အခန်း ၁၁၀၆

Vol. 74 Ch. 1106

အခန်း ( ၁၁၀၆ ) ဝါးမျိုသွားခြင်း။

စုယန်ယန်သည် ထိုမြင်ကွင်းကို မြင်သောအခါ စကားလုံးနှင့် ဖော်ပြလို့ မရအောင် ရွံရှာစက်ဆုပ်သော ခံစားချက်ကို ခံစားလိုက်ရ၏။

ထိုနှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် သွေးတိုးစမ်းနေတဲ့ ဖုံးကွယ်ထားသော ရည်ရွယ်ချက်တွေ ရှိနေတာ သိသာသည်။ သူတို့က ပြုတ်ကျခါနီး အစွန်းတဲတဲလေးမှာ လှည့်ပတ်ပြေးလွှားနေကာ ရှင်သန်နိုင်ဖို့အတွက် တစ်ယောက်ကို တစ်ယောက် မချစ်သော်လည်း အောင့်ကာ နမ်းဖို့က လွဲလို့ ရွေးချယ်စရာ မရှိပေ။

စုယန်ယန်က သူတို့ကြားက ကစားပွဲကို စိတ်မဝင်စားပါ။ ဆယ်မိနစ် ဆိုတဲ့ အချိန်တိုလေးအတွင်း ဒီနေရာကနေ သူမရဲ့ ကလေးနှင့်အတူ ဘေးကင်းလုံခြုံစွာ လွတ်မြောက်နိုင်ပါ့မလား ဆိုတာပဲ စိတ်ပူသည်။

သူမ စိုးရိမ်ပူပန်နေသော မေးခွန်းက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းထဲက ကြည့်ရှူတွေရဲ့ နှလုံးသားအပေါ်လည်း သက်ရောက်မှုရှိသည်။ သူတို့က အစတုန်းက အမာရွတ်နှင့်လူ ပေါ်ပေါက်လာတာကို စိတ်ပူနေကြရာကနေ သို့ထျန်းယီက သူ့အစီအစဉ်ကို နောက်တစ်ခေါက် ထပ်ပြောတာကို ကြားချိန်မှာတော့ သူတို့ သတိမထားမိခင်မှာပဲ အချိန်တွေ အများကြီး ကုန်ဆုံးသွားပြီ ဆိုတာကို နားလည်သွားကြသည်။

ဒီပုံအတိုင်းသာ ဆက်သွားရင် တက်ဆက်သူကို အန္တရာယ်များတဲ့ ဒီလူတွေက နိုင်ငံခြားကို ပြန်ပေးဆွဲပြီး ခေါ်သွားတော့မှာလား … ။

ရုတ်ချည်းဆိုသလိုပဲ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲမှာ စုယန်ယန်ရဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်စွာ ဆုတောင်းပေးနေသော ကွန်းမန့်တွေ ဖုံးလွှမ်းသွားခဲ့လေသည်။ နှစ်လိုမှုရမှတ်တွေ အလျင်အမြန် မြင့်တက်လာသလို နောက်ဆုံးမှာတော့ စုယန်ယန် အကြားချင်ဆုံး သတိပေးချက် အသံလေးကို ကြားလိုက်ရသည်။

[ Host ရဲ့ နှစ်လိုမှုရမှတ်တွေက အဆင့်မြှင့်တင်ခြင်း လိုအပ်ချက်တွေနဲ့ ကိုက်ညီသွားပါပြီ။ Host အခုချက်ချင်း အဆင့်မြှင့်တင်ချင်ပါသလား။ ]

[ အဆင်မြှင့်တင်ရမှာလား … ။ ] စုယန်ယန် အံ့ဩသွားသည်။ [ အဆင့်မြှင့်တင်ပြီးရင် နင် ဝမ်ကျင့်ဖျင်ရဲ့ စနစ်ကို ဝါးမျိုနိုင်မှာလား။ ]

[ ကျိုးကြောင်းနည်းလမ်းအရ ဖြစ်နိုင်ပါတယ်။ စနစ်က အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။ ]

စနစ်က ပထမဆုံးအကြိမ်အဖြစ် အတော်အသင့် အသုံးဝင်လာခဲ့ပါပြီ။ စုယန်ယန်ရဲ့ မျက်လုံးတွေ အရောင်တောက်လာကာ ထိုမျက်လုံးတွေထဲမှာ အပြုံးရိပ်သန်းသွားသည်။ [ အဆင့်မြှင့်တင်မယ်။ ]

[ နှစ်လိုမှုရမှတ်တွေကြိ အသုံးပြုပြီး စနစ်ကို အဆင့်မြှင့်တင်ဖို့ အတည်ပြုချက်ရပါပြီ။ အဆင့်မြှင့်တင်ဖို့အတွက် ခန့်မှန်းချေ လိုအပ်တဲ့ အချိန်ကတော့ တစ်မိနစ် ဖြစ်ပါတယ်။ ၅၉ … ၅၈ … ၅၇ … ]

တစ်မိနစ်က မကြာပေမဲ့ မတိုတောင်းပါ။ အထူးသဖြင့် ဒီလိုမျိုး သေရေးရှင်းရေးတမျှ အရေးကြီးနေတဲ့ အချိန်မှာ မိနစ်တိုင်း ၊ စက္ကန့်တိုင်းက ဒုက္ခဆင်းရဲ ဖြစ်သည်။

[ ၁၀ … ၉ … ၈ … ၇ … ၆ … ၅ … ၄ … ၃ … ၂ … ၁ … ]

စုယန်ယန်သည် သူမရဲ့ စိတ်ထဲမှာ စနစ်နှင့်အတူ တိတ်ဆိတ်စွာ အချိန်ရေတွက်နေခဲ့သည်။ နောက်ဆုံးစက္ကန့် ကျော်လွန်သွားသောအခါ စူးခနဲအသံနှင့်အတူ စနစ်ရဲ့ အသံကလည်း ပြန်လည် ထွက်ပေါ်လာခဲ့သည်။

[ စနစ်ကို အဆင့်မြှင့်တင်ပြီးပါပြီ။ ပတ်ဝန်းကျင်က စနစ်တွေကို ချက်ချင်း ရှင်းပစ်ချင်ပါသလား။ ]

[ အင်း။ ] စုယန်ယန်ရဲ့ မျက်လုံးထဲမှာ စိတ်ပိုင်းဖြတ်ထားသော အကြည့်လေး ထင်ဟပ်သွားခဲ့သည်။ [ ဝါးမျိုပစ်လိုက်တော့။ ]

ထိုအချိန်မှာ ဝမ်ကျင့်ဖျင်က သို့ထျန်းယီ ထွက်သွားပြီးနောက်မှာ သူမ ရင်ဆိုင်ရမယ့် ဆိုးဝါးသော အခြေအနေအ‌ကြောင်း တွေးနေတာ ဖြစ်ပြီး ရုတ်တရက်ပဲ သူမရဲ့ ခေါင်းထဲမှာ စူးရှသော အချက်ပေးသံ ထွက်ပေါ်လာခဲ့သည်။

[ စနစ်က အမည်မသိ တိုက်ခိုက်မှုတစ်မျိုးကို ခံနေရပါတယ်။ ကျေးဇူးပြုပြီး ကာကွယ်ရေးဆောင်ရွက်ချက်ကို အမြန်ဆုံး ဖွင့်လိုက်ပါ Host ။ ကျေးဇူးပြုပြီး ကာကွယ်ရေး‌ဆောင်ရွက်ချက်ကို အမြန် ဖွင့်‌ပေးပါ။ တီတီ … Host … ကျေးဇူးပြုပြီး … တီတီ … ]

[ ဘာ … ] ဝမ်ကျင့်ဖျင်သည် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားသော အဖြစ်အပျက်တွေကြောင့် အငိုက်မိသွားပြီး မျက်မှောင်ကြုတ်ရင်း ဘာလုပ်လို့ လုပ်ရမှန်း မသိဘဲ ကြောင်အစွာ ရပ်နေမိသည်။

ဒီပတ်ဝန်းကျင်မှာ အဆင့်မြင့် စနစ်တစ်ခု ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါ။ ပြီးတော့ တစ်ဖက်လူက အဓိကဇာတ်လိုက်စနစ်ကို တစ်စမကျန် အပြီးတိုင် ဖျက်ဆီးပစ်ချင်နေတာမို့ သူမအနေဖြင့် နည်းနည်းလေး သတိလက်လွတ်ဖြစ်သွားခဲ့သည်။

ဝမ်ကျင့်ဖျင်ရဲ့ စနစ်ကိုယ်တိုင်ကလည်း သူမရဲ့ ပျင်းရိမှုကြောင့် 001 လောက် အဆင့်မမြင့်ပါ။ 001 ရှိနေတာကိုလည်း ကြိုတင် မသိရှိခဲ့တာကြောင့် အလစ်ဝင်တိုက်ခံရပြီး ကာကွယ်ရေးဆောင်ရွက်ချက်ကို မဖွင့်နိုင်သေးခင်မှာပဲ 001 ရဲ့ ပြင်းထန်သော တိုက်ခိုက်မှုအောက်မှာ အရေးနိမ့်သွားခဲ့သည်။

[ စနစ်ရဲ့ ကာကွယ်ရေးစနစ်ကို တိုက်ခိုက်ခံလိုက်ရပါပြီ … စနစ်ရဲ့ ပြင်ပ ချိတ်ဆက်မှုကို တိုက်ခိုက်ခံလိုက်ရပါပြီ … စနစ်ရဲ့ စတိုးဆိုင်ကို တိုက်ခိုက်ခံလိုက်ရပါပြီ … စနစ်ရဲ့ ပင်မအစိတ်အပိုင်းကို တိုက်ခိုက်ခံလိုက်ရပါပြီ … စနစ်ရဲ့ ဒေတာအရင်းအမြစ်ကို ဖောက်ထွင်းချိုးဖောက်ခံလိုက်ရပါပြီ … ]

သူမရဲ့ နှလုံးခုန်သံနှင့် ကြိမ်နှုန်းတူညီသော စနစ်ရဲ့ သတိပေးချက်တွေက ဝမ်ကျင့်ဖျင်ရဲ့ နှလုံးသားကို ထိခတ်သွားကာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုကင်းမဲ့စွာ တုန်လှုပ်သွားစေခဲ့သည်။

All Chapters