← Chapters

အခန်း ၁၁၀၇

Vol. 74 Ch. 1107

အခန်း ၁၁၀၇

Vol. 74 Ch. 1107

vအခန်း ( ၁၁၀၇ ) ဇာတ်လိုက် အကျိုးအမြတ်များ။

စနစ်ရဲ့ ပင်မအစိတ်အပိုင်း တဖြည်းဖြည်း ပြိုလဲပျက်စီးသွားခြင်းနှင့်အတူ ပျက်စီးမှု သတိပေးချက်တွေကလည်း ပိုများလာခဲ့သည်။

[ ပျက်စီးနှုန်း : 20% … 40% … 68% … 89% … ]

စနစ်ရဲ့ Host ဖြစ်တဲ့အလျောက် ပျက်စီးနှုန်းက မျက်စိတစ်မှိတ်အတွင်း 100% အထိ‌ ရောက်သွားသောအခါ ဝမ်ကျင့်ဖျင်သည် စူးစူးဝါးဝါး အော်သံကို ရုတ်တရက် ကြားလိုက်ရပြီး ထိုအော်သံက စူးဝါးလွန်းသောကြောင့် နားတွေကို လက်နှင့် အုပ်မိသွားပြီး စိတ်ထဲမှာ ဗလာကျင်းသွားခဲ့သည်။

ထိုအချိန်မှာ စုယန်ယန်ကလည်း စနစ်ဆီက သတင်းကောင်းကို လက်ခံရရှိခဲ့သည်။

[ စနစ်ပေါင်းစပ်ခြင်းက 100% ဖြစ်သွားပါပြီ။ စနစ်ရဲ့ စတိုးဆိုင်ကိုလည်း အဆင်မြင့်ပြီးပါပြီ။ အခု Host က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ပစ္စည်းတွေကို လဲလှယ် အသုံးပြုနိုင်ပါပြီ။ ]

ထိုသတိပေးချက်ကို ကြားချိန်မှာ စုယန်ယန်ရဲ့ မျက်လုံးတွေက အရောင်တောက်ပသွားသည်။ စနစ်ရဲ့ စတိုးဆိုင်ကို ဖွင့်ကြည့်လိုက်သောအခါ မူလတုန်းက တရုတ် တိုင်းရင်းဆေးပင်တွေနှင့် ဂန္တဝင်ဆေးကျမ်း အမျိုးမျိုးသာ ရှိခဲ့သော စတိုးဆိုင်ထဲမှာ တကယ့်ကို ပစ္စည်းတွေ အများကြီး ရောက်နေတာကို တွေ့လိုက်ရသည်။

အမျိုးအစားစုံလင်သော လှည့်စားမှုလင်းရောင်ခြည်တွေ ၊ အပိုဆောင်းညို့ဓာတ်တွေအပြင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်သည့် ပစ္စည်းကိရိယာတွေပါ ရှိနေကာ ထိုပစ္စည်းတွေက စနစ်ထက်တောင် စိတ်ရှုပ်စရာကောင်းသည်။ အခုတော့ ကံကောင်းထောက်မစွာနှင့် အဲ့ဒါတွေအားလုံးက 001 နှင့် သူမရဲ့ အပိုင် ဖြစ်သွားပါပြီ။

ဝမ်ကျင့်ဖျင်ရဲ့ လက်ထဲမှာ ပစ္စည်းကောင်းတွေ ရှိနေပေမဲ့ စနစ် သူမကို ရှာတွေ့ချိန်မှာ သူမက နာမည်ကျော်ကြားမှု နိမ့်ကျနေချိန်မို့ ထိုပစ္စည်းကောင်းတွေကို ကောင်းကောင်း အသုံးမပြုနိုင်ခဲ့။ သူမရဲ့ နှစ်လိုမှုရမှတ်တွေ အရမ်း နည်းနေတာကိုတော့ ထည့်မပြောပါနဲ့တော့။ လူတွေ သူမကို မမုန်းတာနှင့်တင် ကံကောင်းလှပြီပင်။

စုယန်ယန်ကတော့ မတူညီပါ။ အဆင့်မြှင့်တင်ဖို့အတွက် နှစ်လိုမှုရမှတ်တွေ အများကြီး သုံးခဲ့သော်လည်း သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲက ပရိသတ်တွေက သူမကို အမှန်တကယ် သဘောကျပြီး စိတ်ရင်းနှင့် စိုးရိမ်ပူပန်ပေးကြသည်။

ထို့ကြောင့် အချိန်တိုအတွင်းမှာပဲ နှစ်လိုမှုရမှတ်တွေကို ဒလဟော ရရှိခဲ့ကာ အသက်ကယ် ပစ္စည်းကိရိယာ တချို့နှင့် လဲလှယ်ဖို့အတွက် လုံလောက်သွားခဲ့သည်။

“ လူတွေက သူတို့ကို အားပေးတဲ့ လူတွေကို မိဘလို့ ဘာလို့ ခေါ်တာလဲ ဆိုတာ ငါ နားလည်သွားပြီ။ ”

စနစ်က တခြား အဆင့်မြင့် စနစ်တစ်ခုကို အောင်မြင်စွာ ဝါးမျိုလိုက်နိုင်တာမို့ သူ့ချစ်ပ်ပြားထဲက အကြောင်းအရာတွေ ၊ အစွမ်းသတ္တိတွေက ပိုမိုပြည့်ဝလာခဲ့သည်။ သူက စုယန်ယန်ရဲ့ ပင့်သက်ရှိုက်သံကို ကြားသောအခါ ကြုံတောင့်ကြုံခဲ စိတ်ဝင်စားနေသော လေသံလေးဖြင့် မေးမြန်းခဲ့သည်။

[ ဘာလို့ အဲ့လို ခေါ်တာလဲ။ ]

“ သူတို့ကို အားပေးတဲ့ လူတွေက သေရေးရှင်ရေးဖြစ်နေတဲ့ အရေးပေါ် အချိန်တွေမှာ သူတို့ကို ကယ်တင်ပေးနိုင်လို့ပေါ့။ ”

သူတို့က ကိုယ်ပိုင် အစားအစာကို ထုတ်လုပ်နိုင်ရုံသာမက အရေးပေါ် အခြေအနေတွေမှာလည်း လူတွေကို အန္တရာယ်ထဲကနေ ကယ်ထုတ်ပေးလိမ့်ဦးမည်။ ဘယ်လောက်တောင် ကျေးဇူးတင်စရာကောင်းလိုက်တဲ့ နတ်သားလေးတွေလဲ … ။

စုယန်ယန်သည် သူမ ဒီတစ်ခေါက် ဘေးကင်းလုံခြုံစွာ ပြန်ရောက်လျှင် လေဆိပ်မှာ သေချာပေါက် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ပြီး သူမကို ကူညီပေးခဲ့တဲ့ နတ်သားလေးတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြသည့်အနေဖြင့် လက်ဆောင်လေးတွေ ပို့ပေးဖို့ ဆုံးဖြတ်လိုက်၏။

စနစ် : “ … ”

ခဏတာ တိတ်ဆိတ်သွားအပြီးမှာ စနစ်ဆီက နောက်ထပ် သတိပေးချက်ကို ထပ်ကြားရသည်။

[ ဂုဏ်ပြုပါတယ် Host ။ အမျိုးသမီးဇာတ်လိုက်ရဲ့ ရွှေလက်ချောင်းကို လုယူတဲ့ လုပ်ငန်းစဉ်အောင်မြင်မှုက +9 မှတ် တိုးလာတဲ့အတွက် 99% အထိ မြင့်တက်သွားပါပြီ။ ရွှေလက်ချောင်းကို လုယူတဲ့ လုပ်ငန်းစဉ်က အောင်မြင်စွာ ပြီးဆုံးတော့မှာပါ။ အဲ့ဒီအခါ Host နဲ့ Host ရဲ့ လက်တွဲဖော်က ကမ္ဘာ့အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်နေရာကို ကမ္ဘာကြီးရဲ့ အခရာအဖြစ် ဝင်‌ရောက်အစားထိုးပြီး အဓိကဇာတ်လိုက် လင်းရောင်ခြည်ရဲ့ အကျိုးအမြတ် အမျိုးမျိုးကို ခံစားနိုင်တော့မှာပါ။ ]

001 က ဝမ်ကျင့်ဖျင်ရဲ့ စနစ်ကို ဝါးမျိုလိုက်တာတောင် ရွှေလက်ချောင်း လုယူတဲ့ အောင်မြင်မှုနှုန်းက 99% အထိပဲ ရောက်သေးတာလား … ။ ကျန်တဲ့ 1% ကို ဘယ်နေရာက သွားရှာရမှာလဲ … ။

“ အဓိကဇာတ်လိုက် လင်းရောင်ခြည်ရဲ့ အကျိုးအမြတ်တွေ … ဟုတ်လား။ ဘယ်လို အကျိုးအမြတ်တွေလဲ။ အခု ငါ့မှာ အဲ့ဒီ အကျိုးအမြတ်တွေကို လိုအပ်နေတယ်လို့ မခံစားရပါဘူး။ တခြား ဘာထပ်ရှိနိုင်ဦးမှာမို့လို့လဲ။ နင် ပြောတဲ့ အကျိုးအမြတ်တွေက နည်းနည်းလေး အသုံးမဝင်တာများလား။ ”

စနစ် : “ … ” ဒီအကျိုးအမြတ်တွေကို အသုံးမဝင်ဘူးလို့ သတ်မှတ်ရင် မင်းက ကောင်းကင်ဘုံကို တက်ဖို့ တွေးနေတာ ထင်တယ်။

[ အဟမ်း … ကမ္ဘာ့အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်မှာ ကမ္ဘာကြီးရဲ့ ကံကောင်းမှုတွေကို ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒါကြောင့် သူတို့ရဲ့ အကျိုးအမြတ်တွေကလည်း ဒီလောက်နဲ့ အကန့်အသတ် မရှိပါဘူး။ ]

စုယန်ယန်က မျက်ခုံးပင့်လိုက်သည်။ “ ဒါဆို ဘယ်လို အကျိုးအမြတ်မျိုးတွေလဲ။ ”

[ ထီပေါက်တာတို့ ၊ ချောက်ကမ်းပါးပေါ်က ခုန်ချပေမဲ့ မသေတာတို့ ၊ တိုက်ပွဲထဲမှာ ကိုယ့်ကို ဘယ်သူမှ အနိုင်မယူနိုင်တာတို့ ၊ ကျည်ဆန်တွေ အများကြီးနဲ့ အပစ်ခံရတာတောင် မထိတာတို့ ၊ အိမ်ထဲက ထွက်,ထွက်ချင်း ပိုက်ဆံကောက်ရတာတို့ပေါ့။ အမြောက်စာဇာတ်ကောင်တွေက Host ကို မြင်တဲ့အခါ သည်းသည်းလှုပ်လိမ့်မယ် ၊ ကျည်ဆန်တွေကလည်း Host ကို တွေ့တဲ့အခါ လမ်းကြောင်းလွှဲသွားလိမ့်မယ်။ ]

စုယန်ယန် : “ … ” လူသားတစ်ယောက်မှာ အဲ့ဒီလို ကံကောင်းမှုတွေ တကယ် ရှိနိုင်လို့လား … ။

စုယန်ယန်သည် အသက်ရှင်သန်နိုင်မယ့် နည်းလမ်းကို ရှာတွေ့သွားကာ အလွန် ပျော်ရွှင်သွားသည်။ အချိန်ခဏအတွင်းမှာပဲ နောက်ဆုံး တစ်ရာခိုင်နှုန်းကို ရယူဖို့ စတင်စီစဉ်ခဲ့သည်။ အခြားတစ်ဖက်၌ ဝမ်ကျင့်ဖျင်ကတော့ ဆောက်တည်ရာမရအောင် တုန်လှုပ်ခြောက်ခြားနေခဲ့လေသည်။

All Chapters