အခန်း ၁၁၀၈
Vol. 74 Ch. 1108
အခန်း ( ၁၁၀၈ ) ငါ ဒီအကြောင်းကို ဟိုးအရင်ကတည်းက စဉ်းစားမိခဲ့သင့်တာ။
စနစ် ပျက်စီးသွားချိန်မှာ ထွက်ပေါ်လာတဲ့ အော်သံကြောင့် ဝမ်ကျင့်ဖျင်ရဲ့ စိတ်ထဲမှာ ခဏတာ ဗလာနတ္ထိဖြစ်သွားသည်။ သတိပြန်ဝင်လာပြီး ဘာဖြစ်သွားတာလဲ ဆိုတာ နားလည် သဘောပေါက်ဖို့ အတော်လေး အချိန်ယူလိုက်ရသည်။
သူမ မှီခိုအားကိုးနိုင်တဲ့ တစ်ခုတည်းသော အရာဖြစ်သော စနစ်က အခုတော့ အမည်မသိ အင်အားတစ်ခုအောက်မှာ တိုက်ခိုက်ခံလိုက်ရပါပြီ။
“ စနစ် … စနစ် ….. ” ဝမ်ကျင့်ဖျင်က ပထမတုန်းကတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိသေးကာ စနစ်ကို သူမရဲ့ စိတ်ထဲကနေ ဆက်တိုက် ခေါ်ရင်း တုံ့ပြန်စကားကြားရဖို့ မျှော်လင့်နေခဲ့သည်။ ဆယ်ကြိမ်ထက်မနည်းခေါ်ခဲ့ပြီး တုံ့ပြန်စကား မကြားရတော့မှ ထိတ်လန့်လာမိသည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်ဘူး … လုံးဝ မဖြစ်နိုင်ဘူး။ နင် ဘယ်ရောက်သွားတာလဲ စနစ်။ ပုန်းမနေပါနဲ့ … ငါ့ကို လန့်အောင် မလုပ်ပါနဲ့။ ထွက်လာခဲ့ပါ … ထွက်လာခဲ့ပါ စနစ် … ထွက်လာခဲ့ပါ။ ”
ဝမ်ကျင့်ဖျင်ရဲ့ အော်သံက အမာရွတ်နှင့်လူ လူကြီးမင်းယီနှင့် ရင်ဆိုင်နေသော သို့ထျန်းယီအား အာရုံပျက်ပြားသွားစေခဲ့သည်။ သူက မျက်မှောင်ကြုတ်ပြီး လီယွဲ့ကို ကြည့်လိုက်သည်။
လီယွဲ့က ဝမ်ကျင့်ဖျင်ရဲ့ လက်ကို အမြန် သွားဆွဲပြီး အိမ်ထဲမှာ လှည့်ပတ်ပြေးလွှားနေတဲ့ သူမကို တားဆီးလိုက်သည်။ “ မင်း ဘာတွေ လုပ်နေတာလဲ မိန်းကလေးဝမ်။ စိတ်အေးအေးထားစမ်းပါ။ ”
ဒီလို အချိန်မှာ ဝမ်ကျင့်ဖျင်က ဘယ်လိုလုပ် စိတ်အေးအေးထားနိုင်မှာလဲ … ။ သူမက လီယွဲ့ရဲ့ လက်ကို ဆုပ်ကိုင်ပြီး အသိစိတ်လွတ်နေသူတစ်ယောက်ပမာ ပြောသည်။ “ ကျွန်မရဲ့ စနစ် မရှိတော့ဘူး … စနစ် မရှိတော့ဘူး။ အခိုးခံလိုက်ရပြီ … အခိုးခံလိုက်ရပြီ။ ”
လီယွဲ့က သူမရဲ့ ဗလုံးဗထွေး စကားတွေကို နားထောင်ရင်း အနည်းငယ် စိတ်မရှည် ဖြစ်လာခဲ့သည်။ “ ဘာစနစ်လဲ။ ဘယ်သူက မင်းပစ္စည်းတွေကို ခိုးမှာလဲ။ အရင်ဆုံး စိတ်အေးအေးထားစမ်းပါ မိန်းကလေးဝမ်။ မင်း ဘာတွေပဲ ပျောက်သွားပါစေ ၊ အခုအချိန်က အဲ့အကြောင်း ဆွေးနွေးရမယ့် အချိန် မဟုတ်ဘူး။ ဘော့စ် စကားပြောလို့ ပြီးတော့မှ မင်းကိစ္စကို ဆွေးနွေးရအောင် … ဟုတ်ပြီလား။ ”
“ မဟုတ်ဘူး … ကျွန်မတို့ စောင့်လို့ မရဘူး။ တစ်ယောက်ယောက်က ကျွန်မရဲ့ စနစ်ကို ခိုးသွားပြီ။ ဘယ်သူလဲ။ ဘယ်သူ ခိုးသွားတာလဲ။ ”
ဝမ်ကျင့်ဖျင်က ထိုသို့ ပြောရင်း လီယွဲ့ကို တွန်းထုတ်ကာ တခြား လူတစ်ယောက်ရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။ “ နင်လား … နင် ခိုးသွားတာလား … ဒါမှမဟုတ် နင်လား။ ”
ဝမ်ကျင့်ဖျင်သည် ဦးခေါင်းပြတ်နေသော ယင်ကောင်တစ်ကောင်ကဲ့သို့ လူတွေနောက်ကို ပြေးလိုက်ကာ မေးခွန်းတွေ တရစပ် မေးနေခဲ့သည်။ သူမ အရင်တုန်းက အလွန် ကြောက်ရွံ့ခဲ့သော ဒုစရိုက်သမားတွေကတောင် သူမ ဆွဲလားရမ်းလား မေးမြန်းတာ ခံရတဲ့ ပစ်မှတ်တွေ ဖြစ်လာခဲ့သည်။
လူတိုင်းရဲ့ အမြင်မှာ ထိုမြင်ကွင်းက အမည်မသိ လှုံ့ဆော်မှု တစ်မျိုးကြောင့် ရုတ်တရက် စိတ်လွတ်သွားတဲ့ အသိစိတ်လွတ်နေသော အမျိုးသမီးတစ်ယောက်နှင့် တူသည်။
သို့ထျန်းယီနှင့် အမာရွတ်နှင့်လူက အစတုန်းက သဘောထားချင်း မတိုက်ဆိုင်သောကြောင့် ဒေါသထွက်နေခဲ့သော်လည်း ဝမ်ကျင့်ဖျင်တစ်ယောက် လူတွေကို စိတ်ရူးပေါက်စွာ ဆွဲလားရမ်းလား လုပ်နေတာကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်ကြသည်။
နောက်ဆုံးမှာ ဇောချွေးပြန်လာရသူက လီယွဲ့ပဲ ဖြစ်ကာ လှည့်ပတ်ပြေးလွှားဖို့ ကြိုးစားနေတဲ့ ဝမ်ကျင့်ဖျင်အား ဆွဲခေါ်ထုတ်သွားဖို့ အစောင့်တွေကို ချက်ချင်း အမိန့်ပေးလိုက်သည်။
ဝမ်ကျင့်ဖျင်က ရုန်းကန်ချင်နေသေးပေမဲ့ ခန္ဓာကိုယ်ထွားကျိုင်းသန်မာသော သက်တော်စောင့်တွေနှင့် ယှဉ်လျှင် အင်အားချင်း မမျှတာမို့ သူတို့ ဆွဲထုတ်ခေါ်ဆောင်ရာနောက်ကို တရွတ်တိုက် ပါသွားခဲ့ရသည်။
သို့သော်လည်း ဝမ်ကျင့်ဖျင်သည် စုယန်ယန်နှင့် မနီးမဝေးနေရာကို ရောက်ချိန်မှာတော့ တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် မျက်လုံးတွေ ပြူးကျယ်သွားလေသည်။
“ အဲ့ဒါ နင်ပဲ … နင် မဟုတ်လား။ ငါ့စနစ်ကို ခိုးသွားတဲ့ လူက နင် မဟုတ်လား။ ”
ဝမ်ကျင့်ဖျင်သည် ရုတ်တရက် ခုန်ကြွလိုက်သောအခါ သူမကို ဖမ်းချုပ်ထားတဲ့ သက်တော်စောင့်တွေရဲ့ လက်ထဲကနေ လွတ်ထွက်ပြီး စုယန်ယန်အပေါ် ခုန်အုပ်တော့မလို ဖြစ်သွား၏။ သူမရဲ့ တိုက်ခိုက်မှု မအောင်မြင်တာကြောင့် မယုံကြည်နိုင်စရာကောင်းသော တစ်စုံတစ်ခုကို တွေးမိသကဲ့သို့ စိတ်ဓာတ်ကျသွားသည်။
“ ငါ ဒီအကြောင်းကို ဟိုးအရင်ကတည်းက စဉ်းစားမိခဲ့သင့်တာ။ ငါ ဒီအကြောင်းကို ဟိုးအရင်ကတည်းက စဉ်းစားမိခဲ့သင့်တာ။ ”
သူမက လူတိုင်းအတွက် အာဟာရဖြည့်စွက်စာ ဖျော်ရည်တွေပဲ ရှိတဲ့ ဒီခေတ်ကို ( ၂၁ ) ရာစုကနေ အချိန်ကူးပြောင်းလာခဲ့တာပင်။
သူမမှာ သနားဖွယ်ရာ စင်ဒရဲလားလေးရဲ့ ဇာတ်ညွှန်းကို လက်ဝယ်ပိုင်ဆိုင်ထားသော်လည်း လူချမ်းသာ ဒုတိယမျိုးဆက် ဟောက်ရှောက်ဖုန်းနှင့် ထိတွေ့ဆက်ဆံနိုင်ခဲ့သည်။ ပြီးတော့ ဟင်းချက်စွမ်းရည်တွေကို အားကိုး၍ ပရိသတ်တွေ အများကြီး ရအောင် စုဆောင်းနိုင်ခဲ့သည်။
အရာအားလုံးက အံဝင်ခွင်ကျ လည်ပတ်နေသည်။ သူမ ကြုံတွေ့ခဲ့သမျှ အဖြစ်အပျက်တိုင်းက သူမဟာ ကံကောင်းမှုနှင့်အတူ အချိန်ကူးပြောင်းလာတာ ဖြစ်ကြောင်း ၊ တစ်နေ့မှာ အမြင့်ဆုံးကို တက်လှမ်းပြီး အကောင်းဆုံးတွေကို ပိုင်ဆိုင်ရမှာ ဖြစ်ကြောင်း ပြောနေသည်။
ဒါပေမဲ့ ကိစ္စတွေအားလုံးက သူမ မျှော်လင့်ထားတဲ့ လမ်းကြောင်းထဲကနေ တဖြည်းဖြည်း ကွဲထွက်လာခဲ့သည်။ အဲ့ဒီလို အဖြစ်အပျက်တွေ ဘယ်အချိန်တုန်းက စတင်ခဲ့တာလဲ … ။