အခန်း ၁၁၀၉
Vol. 74 Ch. 1109
အခန်း ( ၁၁၀၉ ) အရာအားလုံးရဲ့ အစ။
ဝမ်ကျင့်ဖျင် ဒီအတွေးကို အရင်တုန်းက မတွေးမိခဲ့တာတော့ မဟုတ်ပါ။ သူမရဲ့ ကံဆိုးမိုးမှောင်ကျခြင်းတွေက အဲ့ဒီ ရသစုံအစီအစဉ်ကြောင့် စတင်ခဲ့တာလို့ ခံစားခဲ့ရတာကြောင့်သာ ဖြစ်သည်။
သူမ ထိုအစီအစဉ်မှာ ပါဝင်ခဲ့တာကြောင့် ယို့ယုရှစ်နှင့် တခြား လူအနည်းငယ်ကို ရန်စမိသလို ဖြစ်သွားခဲ့သည်။ သူမ တည်ဆောက်ထားတဲ့ နာမည်ဂုဏ်သတင်းကို ဆုံးရှုံးသွားပြီး ပွဲဦးမထွက်နိုင်ခဲ့ရုံသာမက ထုတ်လုပ်ရေးအဖွဲ့ရဲ့ အမှိုက်ကောင်ဆီမှာ ကောင်းကင်ဘုံကို အရိုအသေပေးဖို့အတွက် အသုံးချခံခဲ့ရသည်။
သူမရဲ့ နာမည်ဆိုးနှင့် တခြား အကြောင်းပြချက်တွေကြောင့် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းကလည်း သူမကို ထုတ်ပယ်လိုက်သည်။ ထိုအချိန်က စပြီး သူမရဲ့ အချစ်ရေးနှင့် အသက်မွေးဝမ်းကျောင်း အလုပ်ဟာ အဆိုးဘက်ကို တစ်ဆစ်ချိုးကွေ့သွားပြီး ဟိုးအောက်ကို စတင်ထိုးကျလာခဲ့သည်။
ဟောက်ရှောက်ဖုန်းကလည်း သူ ဖန်တီးခဲ့တဲ့ ပြဿနာ အရှုပ်အထွေးတွေကြောင့် ဟောက်ကော်ပိုရေးရှင်းကနေ ကန်ထုတ်ခံရကာ အမွေဆက်ခံသူနေရာကို ဆုံးရှုံးသွားသည်။
ဝမ်ကျင့်ဖျင်ဟာလည်း အဲ့ဒီတော့မှပဲ သူမ မျက်စိကျနေတဲ့ ယောက်ျားတစ်ယောက်ဟာ ဘယ်လောက်တောင် အသုံးမကျလဲ ၊ မရင့်ကျက်လဲ ဆိုတာ သဘောပေါက်သွားသည်။ သူမ အခြေအနေကို မကိုင်တွယ်နိုင်သလို သူ့ကို အနာဂတ်မှာ လုံးဝ မှီခိုအားကိုးလို့ မရတော့ပါ။
ဝမ်ကျင့်ဖျင်သည် အမှားတွေကို သင်ခန်းစာယူကာ ဟောက်ရှောက်ဖုန်းကို ပြတ်ပြတ်သားသား စွန့်ပစ်လိုက်ပြီး အခွင့်အရေးကို အမိအရ ဖမ်းဆုပ်၍ သို့ထျန်းယီကို အမိဖမ်းခဲ့သည်။
အနုပညာနယ်ပယ်ထဲမှာ ခြေကုပ်ရဖို့နှင့် ရသစုံအစီအစဉ်ရဲ့ ဆိုးဝါးသော သက်ရောက်မှုတွေကို ဆေးကြာဖို့အတွက် သို့ထျန်းယီအား သူမအတွက် ဇာတ်လမ်းတွဲတစ်ခုကို ရင်းနှီးမြုပ်နှံကာ ဇာတ်လိုက်မင်းသမီးအဖြစ် နာမည်ကြီးအောင် လုပ်ပေးဖို့ ခခယယ တောင်းပန်ခဲ့သည်။
သို့ထျန်းယီက သူမ တောင်းဆိုတဲ့အတိုင်း လုပ်ပေးခဲ့ပေမဲ့ သူမကတော့ နာမည်ကြီးလာရမည့်အစား စုယန်ယန်ရဲ့ ကုမ္ပဏီက တခြား ဇာတ်လမ်းတွဲတစ်ခုနှင့် တိုက်ဆိုင်မှုကြောင့် ပြည်သူလူထုဆီမှာ ရစရာမရှိအောင် ဝေဖန်ပြောဆိုခံခဲ့ရသည်။ ထိုအဖြစ်အပျက်ဟာ သူမအား အနုပညာလောကထဲမှာ လူမုန်းခံရသော နိမ့်ကျသည့် နေရာကို ရသွားစေခဲ့သည်။
ဝမ်ကျင့်ဖျင်သည် သို့ထျန်းယီနှင့် စုယန်ယန်ရဲ့ စကားတွေကို ကြားတော့မှ တစ်ခုခုမှ မှားယွင်းနေတာကို ရုတ်တရက် သဘောပေါက်သွားတာ ဖြစ်သည်။
စုယန်ယန်က တကယ်တော့ ပွဲကြည့်သူပလက်ဖောင်းရဲ့ တင်ဆက်သူတစ်ယောက် ဖြစ်သည်။ သူမရဲ့ အစားအသောက် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အစီအစဉ်က ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်ပေါက်လာကာ မရေမတွက်နိုင်သော စကားဝိုင်းတွေကို ဖြစ်ပေါ်လာစေခဲ့သည်။
သူမ နိမ့်ကျသွားပြီးနောက်ပိုင်းမှာတော့ စုယန်ယန်က ပိုလို့တောင် နာမည်ကြီးလာကာ ဆေးဖက်ဝင် ဟင်းလျာတွေကို ချက်ပြုတ်တင်ဆက်သည့် တင်ဆက်သူတစ်ယောက် ဖြစ်သွားခဲ့သည်။
သူမ ဟိုးအရင်ကတည်းက အထင်မှားခဲ့တာများလား … ။ သူမရဲ့ ကံဆိုးမိုးမှောင်ကျခြင်းတွေက ဟို ရသစုံအစီအစဉ်ကြောင့် မဟုတ်ဘဲ … စုယန်ယန်ကြောင့်လား … ။
ဝမ်ကျင့်ဖျင်ရဲ့ စုယန်ယန်အပေါ် ကနဦး သဘောထားက အလွန် တစ်ဖက်သတ်ဆန်၏။ စုယန်ယန်အပေါ် သူမ ရန်လိုရတဲ့ အကြောင်းအရင်းကလည်း အလွန် ရိုးရှင်းသည်။ စုယန်ယန်က ဟောက်ရှောက်ဖုန်းရဲ့ သတို့သမီးလောင်း ဖြစ်နေလို့ပါပဲ။
ထိုနောက်ခံ အကြောင်းအရာမျိုးတွေက သူမ အရင်တုန်းက ကြည့်ဖူးတဲ့ ရိုမန့်တစ် ဇာတ်လမ်းတွေထဲမှာလည်း မြင်နေကျပင်။ အဓိကဇာတ်လိုက် ဖြစ်သည့် လူချမ်းသာ ဒုတိယမျိုးဆက် သခင်လေးတွေမှာ သူတို့ရဲ့ မိဘတွေက စီးပွားရေးအရ ဟိုးအရင်ကတည်းက စီစဉ်ထားတဲ့ သတို့သမီးတွေ ရှိတတ်သည်။
ထိုသတို့သမီးတွေက အမျိုးသားဇာတ်လိုက်ကို အရူးအမူး အသည်းအသန် ချစ်မြတ်နိုးသော်လည်း အမျိုးသားဇာတ်လိုက်ကတော့ သူတို့ကို နည်းနည်းလေးမှ စိတ်မဝင်စားပေ။ ဆန့်ကျင်ဘက်အနေဖြင့် အဆင့်အတန်းချင်း မတူတဲ့ စင်ဒရဲလားလေးနှင့် ချစ်ကျွမ်းဝင်သွားဖို့က သူတို့အတွက် ပိုလွယ်ကူသည်။
ဝမ်ကျင့်ဖျင်ကတော့ ကိုယ့်ကိုယ်ကိုယ် စင်ဒရဲလားလေးဟု ခိုင်ခိုင်မာမာ ယုံကြည်သလို သူမ အချိန်ကူးပြောင်းလာတာက ဘုရားသခင်ရဲ့ ဆုလက်ဆောင်လို့လည်း ယုံကြည်သည်။
ထို့ကြောင့် သဘာဝကျစွာပင် သူမက သတို့သမီးလောင်း ဖြစ်တဲ့ စုယန်ယန်ကို သဘောမကျပါ။ စုယန်ယန်အား သူမနှင့် ဟောက်ရှောက်ဖုန်းရဲ့ ဖျက်ဆီးပစ်နိုင်တဲ့ အကြင်နာတရားကင်းမဲ့သော မိန်းကလေး လက်တွဲဖော်တစ်ယောက်ဟု ခံစားရသည်။
သူမဘက်က အရင်ဆုံး လက်ဦးမှုရယူပြီး စုယန်ယန်ရဲ့ မျက်နှာဖုံးကို အားလုံးရှေ့မှာ ဆွဲခွာဖို့ နည်းလမ်းရှာကာ အစွမ်းကုန် ကြိုးစားခဲ့သည်။ ထိုနည်းလမ်းကတော့ ဟောက်ရှောက်ဖုန်းက သူမကို ဧည့်ခံပွဲသို့ ခေါ်သွားပြီး သူ့သတို့သမီးလောင်းရှေ့မှာ လူသိရှင်ကြား ထုတ်ပြတာပဲ ဖြစ်သည်။
အခုမှ သေချာ ပြန်တွေးကြည့်တော့ ကိစ္စတွေအားလုံးဟာ ထိုအချိန်ကနေ စပြီး ထိန်းချုပ်လို့ မရတော့ဘူးလို့ ခံစားရသည်။
စုယန်ယန်က လှေကားပေါ်ကနေ ပြုတ်ကျပြီး ဆေးရုံရောက်သွားသည်။ ပြီးတော့ ဆေးရုံဆင်းသည်နှင့် ဟောက်ရှောက်ဖုန်းနှင့် စေ့စပ်ထားတာကို ဖျက်သိမ်းကာ ဟောက်ရှောက်ဖုန်းရဲ့ ဦးလေးနှင့် လက်ထပ်ခဲ့သည်။
အဲ့လို အဖြစ်အပျက်တွေ ဖြစ်ပွားပြီးနောက် သိပ်မကြာခင်မှာပဲ တူညီသော ပလက်ဖောင်း ၊ တူညီသော အခန်းကဏ္ဍမှာ သူမနှင့် လမ်းကြောင်းတစ်ခုတည်းကို လျှောက်လှမ်းသော်လည်း သူမထက် ပိုဆွဲဆောင်မှုရှိသော အစားအသောက် တင်ဆက်သူ တစ်ယောက် ပေါ်ပေါက်လာခဲ့သည်။
အရာအားလုံးက တိုက်ဆိုင်လွန်းလှသည်။
ဒီခေတ်မှာ ဟင်းချက်တတ်တဲ့ လူ များများစားစား မရှိပါ။ သူမက ဘာလို့ အဲ့လောက်တောင် အချက်အပြုတ်တော်နေတာလဲ … ။ တရုတ် တိုင်းရင်းဆေးတွေကလည်း ဒီခေတ်မှာ မရှိတော့တာ ကြာလှပြီလေ … ။ သူ့လက်ထဲကို ဘယ်က ဘယ်လို ပြန်ရောက်နေတာလဲ … ။
အဲ့ဒါက သမာရိုးကျ မိသားစုအမွေဆက်ခံမှုပဲလား ၊ ဒါမှမဟုတ် သူ့မှာ ပုံမှန်မဟုတ်တဲ့ ထူးခြားတဲ့ အခွင့်အလမ်း တစ်ခုခုကို ရထားတာလား … ။
သူ့မှာ အဲ့ဒိလို ပစ္စည်းကောင်းတွေ ရှိနေတယ် ဆိုရင်လည်း ဘာလို့ ဟိုးအရင်ကတည်းက စောစောစီးစီး ချမပြခဲ့တာလဲ … ။ ဘာလို့ သူမ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်တာကို ရပ်ထားပြီး ရသစုံအစီအစဉ်မှာ ပါဝင်နေတဲ့ အချိန်ကျမှ ဘယ်ကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာပြီး သူမနဲ့ သက်ဆိုင်တဲ့ ထင်ပေါ်ကျော်ကြားမှုတွေ အားလုံးကို ခိုးယူသွားရတာလဲ … ။