အခန်း ၁၁၁၀
Vol. 74 Ch. 1110
အခန်း ( ၁၁၁၀ ) ရန်တိုက်ပေးခြင်း။
သူမကတော့ ရသစုံအစီအစဉ်မှာ ပါဝင်ရင်း ပလက်ဖောင်းက သူမကို နာမည်ပျက်စာရင်းသွင်းသွားခဲ့သည်။ သူမရဲ့ ကောင်လေးရဲ့ အကာအကွယ်ကလည်း ဖယ်ရှားခံလိုက်ရသည်။ အဲ့ဒီနောက် အိမ်အသစ်မှာ ဇာတ်လမ်းတွဲ ရိုက်ကူးခဲ့သော်လည်း ပြဿနာတွေကြောင့် ဝေဖန်ပြောဆိုခံခဲ့ရသည်။
နောက်ဆုံးမှာ အရံလူတစ်ယောက်နှင့် ပတ်သက်မိခဲ့ပြီး မယားငယ်ဟု ကြိမ်းမောင်းခံခဲ့ရသည်။ စပွန်ဆာတစ်ယောက်ကိုတောင် ရှာတွေ့မိကာ သူမရဲ့ မိသားစု စွန့်ပစ်တာ ခံခဲ့ရသည်။
အခြားတစ်ဖက်၌ စုယန်ယန်ကတော့ သူမနှင့် အခြေအနေချင်း မိုးနှင့်မြေလို ကွာခြားပါသည်။ သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုတွေ နာမည်ကြီးသွားပြီးနောက်ပိုင်းမှာ သုတေသနဌာနနှင့် ပူးပေါင်းခဲ့သည်။ ထို့နောက် ဆေးဖက်ဝင်ဟင်းလျာတွေ ရောင်းချသည့် စားသောက်ဆိုင် တစ်ဆိုင်ကို ဖွင့်ကာ ပရိသတ် သန်းပေါင်းများစွာကို ဖမ်းစားနိုင်ခဲ့သည်။
ဝှီးချဲပေါ်က မသန်စွမ်းတစ်ယောက်နှင့် လက်ထပ်ခဲ့သော်လည်း သူတို့ လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ သူမရဲ့ ခြေထောက်တွေက အကောင်းပကတိအတိုင်း သက်သာသွားခဲ့သည်။ နေ့ချင်းညချင်းပဲ ဟောက်ကော်ပိုရေးရှင်းရဲ့ ဥက္ကဌတောင် ဖြစ်လာခဲ့သည်။
ထို့ပြင် စုယန်ယန်ရဲ့ အန်တာတိန်းမန့် ကုမ္ပဏီက အနုပညာရှင်တွေက သူမကို အားကိုးပြီး အများပြည်သူရဲ့ နှစ်သက်အားပေးမှုကို ရခဲ့ရုံသာမက ဇာတ်လမ်းတွဲ ရိုက်ကူး၍ လူမှုရေးလှေကားပေါ် တက်လှမ်းကာ နာမည်ကျော်ကြား အောင်မြင်လာခဲ့သည်။
ဝမ်ကျင့်ဖျင်ဘက်မှာတော့ တစ်ချိန်တုန်းက သူမ နည်းလမ်းပေါင်းစုံ သုံးပြီး အသည်းအသန် ဖက်တွယ်ခဲ့တဲ့ ကျောထောက်နောက်ခံကတောင် သူမကို အသုံးပြုပြီးနောက် အမှိုက်တစ်စပမာ တုံ့ဆိုင်းမှုမရှိ စွန့်ပစ်ချင်နေခဲ့လေသည်။
ဒီအဖြစ်အပျက်တွေအားလုံးက သူမဆီမှာ ရှိသင့်တဲ့ ကံကောင်းမှုတွေ အားလုံးကို ဖယ်ရှားလုယူသွားသည်ဟု ခံစားရသည်။
ဝမ်ကျင့်ဖျင်သည် ခုနတုန်းက သူမရဲ့ စနစ်ကို ရုတ်တရက်ကြီး အလစ်ဝင်တိုက်ခံရသော အဖြစ်အပျက်ကို ပြန်တွေးမိသောအခါ သူမရဲ့ ခန့်မှန်းချက်က ပိုလို့တောင် သေချာသွားခဲ့သည်။
“ နင်ပဲ … နင်ပဲ။ ငါ့စနစ်ကို ခိုးသွားတဲ့ လူက နင်ပဲ။ မဟုတ်ဘူး … နင့်ဆီမှာ အစကတည်းက စနစ် ရှိနေပြီးသားပဲ။ နင်က ငါ့စနစ်ကို ခိုးသွားတာ။ ငါ့ကို ပြန်ပေးစမ်း … ငါ့ကို ပြန်ပေးစမ်း … ”
သံသယကို အတည်ပြုလိုက်နိုင်သော ဝမ်ကျင့်ဖျင်သည် ပို၍ ပြင်းထန်စွာ ရုန်းကန်ခဲ့တာမို့ သူမကို ဖမ်းချုပ်ထားသော အစောင့်တွေပင်လျှင် လက်လွတ်ထွက်သွားတော့မလို ဖြစ်သွားသည်။
သူမရဲ့ စူးစူးဝါးဝါး အော်သံကို ကြားချိန်မှာ သို့ထျန်းယီရဲ့ တုံ့ပြန်မှုက ဓားဒဏ်ရာအမာရွတ်နှင့်လူနှင့် တစ်မျိုးတစ်မည် ကွဲပြားခြားနားသည်။ သူ့မျက်လုံးအကြည့်က ခပ်စူးစူး ဖြစ်သွားပြီး လီယွဲ့အား သူမကို ချက်ချင်း ဆွဲထုတ်ခိုင်းဖို့ ပါးစပ်ပြင်နေခဲ့သည်။
သို့သော် အမာရွတ်နှင့်လူက ရုတ်တရက် မတ်တပ်ရပ်ပြီး မှုန်မှိုင်းသော မျက်နှာဖြင့် ပြောခဲ့သည်။ “ စနစ် … ဟုတ်လား။ ဘာစနစ်လဲ။ နင့်ဆီမှာ ဘယ်လို ပစ္စည်းမျိုး ရှိနေတာလဲ။ တည်နေရာကို ခြေရာခံတဲ့ ပစ္စည်းလား … အသံဖမ်း နားထောင်တဲ့ ပစ္စည်း တစ်မျိုးမျိုးလား။ ”
အမာရွတ်နှင့်လူရဲ့ စကားကို ကြားသောအခါ လူတိုင်းက ဆွံ့အသွားသည်။ သူတို့ရဲ့ မျက်လုံးအကြည့်တွေက စုယန်ယန်ထံ စုပြုံလာပြီး သတိအနေအထား ဖြစ်သွားကြသည်။
တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲက ကြည့်ရှုသူတွေကလည်း လူသတ်ကောင် မကောင်းဆိုးဝါးတွေက သူတို့ရဲ့ တည်ရှိမှုကို သိသွားပြီး စုယန်ယန်တို့သားအမိအား အန္တရာယ်ပေးမှာကို စိုးရိမ်သောကြောင့် သူ့အလိုလို အသက်အောင့်လိုက်ကြသည်။
သူတို့အမြင်မှာ စုယန်ယန်က သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကင်မရာလို ပစ္စည်းတစ်ခုခုကို သေချာပေါက် ဖုံးကွယ်ထားသည်။ မဟုတ်ရင် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ဘယ်လိုလုပ် ဖွင့်နိုင်မှာလဲ … ။ ထိုပစ္စည်းကိုသာ ဒီဒုစရိုက်သမားတွေ ရှာတွေ့သွားလျှင် အကျိုးဆက်တွေက တွေးမကြည့်ရဲစရာပင်။
လက်တွေ့ကျသော အမှန်တရားကတော့ လူတိုင်းရဲ့ စိတ်ကူးယဉ်နိုင်စွမ်းဟာ လုံလုံလောက်လောက် မကျယ်ပြန့်ကြောင်း သက်သေပြခဲ့သည်။ စနစ်အကြောင်း ထည့်ပြောလိုက်တဲ့ အခိုက်အတန့်မှာပဲ သူတို့က အချိန်ကူးပြောင်းခြင်း ၊ ပြန်လည်မွေးဖွားခြင်းနှင့် တခြား ဖြစ်နိုင်ချေရှိသော အဖြစ်အပျက်လေးတွေကို စဉ်းစားမိခဲ့ကြသည်။
လူတိုင်း နားလည်မှုလွဲသွားတာကို မြင်တော့ စုယန်ယန်က မျက်ခုံးပင့်လိုက်သော်လည်း သူမက သူတို့ ထင်ထားတာထက် တည်ငြိမ်နေခဲ့သည်။ “ ကျွန်မမှာသာ အဲ့ဒီလို ပစ္စည်းတွေ ရှိရင် ဒီလို နေရာမျိုးကို ရှင်တို့တွေ ခေါ်လာတာကို ငြိမ်ခံပြီး ဒီအခြေအနေကို သည်းခံနေမလား။ ”
“ အဲ့ဒီလို ဟုတ်ချင်မှ ဟုတ်မှာပါ။ ” အမာရွတ်နှင့်လူက မျက်လုံးတွေကို မှေးကျဉ်းလိုက်သည်။ သူ့မျက်ခုံးတွေမှာ အကြမ်းဖက်လိုစိတ်တွေ ပြည့်နှက်နေ၏။ “ ကျန်းချန့်ယန်က အရမ်း ဉာဏ်များတဲ့ ကောင်။ သူ့တူကလည်း သူနဲ့ ထူးမခြားနားပဲလို့ ငါ ယုံတယ်။ နင် အဲ့ဒီ ပစ္စည်းကို အသာတကြည် ပေးလိုက်တာ ပိုကောင်းမယ် … မဟုတ်ရင် … ”
“ မဟုတ်ရင် ဘာလုပ်မှာလဲ။ ရှင်တို့တွေ ကျွန်မရဲ့ တစ်ကိုယ်လုံးကို ပိုက်စိပ်တိုက် ရှာချင်လို့လား။ ” စုယန်ယန်က လှောင်ရယ်လိုက်သည်။ “ ကျွန်မ ဒီနေရာကို မရောက်ခင်ကတည်းက လူကြီးမင်းသို့က ကျွန်မကို ခြေဆုံးခေါင်းဆုံး ရှာခဲ့ပြီးသားပါ။ အခု ရှင်ကလည်း နောက်တစ်ခေါက် ထပ်ရှာချင်နေတယ် ဆိုတော့ လူကြီးမင်းသို့ကို မယုံတာလား ၊ သူ့ကို လက်လွတ်စပယ်နိုင်တဲ့ လူမျိုးလို့ ထင်တာလား။ ရှင် သူ့ကို အထင်သေးနေတာလား။ ”
စုယန်ယန်ရဲ့ ရန်တိုက်ပေးခြင်းက သိသာထင်ရှားသော်လည်း တစ်ယောက်မျက်နှာကို တစ်ယောက် မကြည့်ချင်လောက်အောင် မုန်းတီးနေတဲ့ ဒီနှစ်ယောက်ကို စိတ်အနှောင့်အယှက်ဖြစ်စေဖို့ လုံလောက်ပါသည်။
ထင်ထားတဲ့အတိုင်းပဲ သူမ ထိုသို့ ပြောလိုက်သည်နှင့် နှစ်ယောက်လုံးရဲ့ မျက်နှာက မည်းမှောင်သွားသည်။ သူတို့သာမကဘဲ စုယန်ယန်ကို ဒီနေရာကို ခေါ်လာတဲ့ အမည်းရောင်ဝတ်စုံနှင့် သက်တော်စောင့်တွေပင် ကွက်ခနဲ မျက်နှာပျက်သွားကြသည်။
သူတို့က စုယန်ယန်ကို ဖမ်းခေါ်လာခဲ့တဲ့ လူတွေ ၊ ပြီးတော့ သူမကို ဒီနေရာကို ခေါ်မလာခင်တုန်းကလည်း သူမကို စမ်းသပ်ရှာဖွေခဲ့တဲ့ လူတွေ ဖြစ်သည်။ ဒီလူက သူတို့ဘော့စ်ရဲ့ အရည်အချင်းကို တစ်ဖက်လှည့်နဲ့ မေးခွန်းထုတ်နေတာ မဟုတ်လား … ။
++++++