အခန်း ၁၁၁၁
Vol. 75 Ch. 1111
အခန်း ( ၁၁၁၁ ) အံ့ဖွယ်စနစ်။
စုယန်ယန်က လူတိုင်းရဲ့ အမူအရာ ပြောင်းလဲသွားတာကို ကြည့်ကာ သက်ပြင်းချပြီး ပြောလိုက်သည်။ “ ရှင်တို့ ကျွန်မက နောက်တစ်ခေါက် ထပ်ပြီး စစ်ကြည့်ချင်တယ် ဆိုရင်လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ကျွန်မ အခုအချိန်မှာ ရှင်တို့လက်ခုပ်ထဲက ရေပဲလေ။ ကျွန်မအသက်ကို အချိန်မရွေး ဆုံးရှုံးသွားနိုင်တာကို ကလန်ကဆန် မလုပ်ရဲပါဘူး။ ”
စုယန်ယန်ရဲ့ စကားလုံးတွေက လှောင်ပြောင်သရော်နေသည်ဟုပြောလို့ ရသည်။ သူမက သို့ထျန်းယီအား များစွာ အလုပ်ရှုပ်ခံကာ သူမကို ဖိတ်ခေါ်ခဲ့ပေမဲ့ သူမရဲ့ လုံခြုံရေးကို အာမ,မခံနိုင်သလို အပြင်လူတစ်ယောက်အား သူ့ပိုင်နက်ထဲမှာ ပိုင်စိုးပိုင်နင်း ပြုမူနေတာကို ခွင့်ပြုပေးထားသည်ဟု တစ်ဖက်လှည့်နှင့် သရော်လိုက်ခြင်း ဖြစ်သည်။
သို့ထျန်းယီရဲ့ မျက်လုံးတွေက စူးခနဲ တောက်သွားသည်။ စုယန်ယန်ရဲ့ ရည်ရွယ်ချက်တွေကို သိသော်လည်း သူမရဲ့ စကားအတိုင်း အပြုံးယဲ့ယဲ့ဖြင့် ရေလိုက်ငါးလိုက် ပြောလိုက်ပါသည်။ “ မိန်းကလေးစုက နောက်နေတာ ဖြစ်ရမယ်။ မင်းက ငါ့ဧည့်သည်ပါ။ ဘယ်သူမှ မင်းကို ဘာမှ မလုပ်ပါဘူး။ ”
အမာရွတ်နှင့်လူက အနည်းငယ် မျက်နှာမည်းမှောင်သွားပြီး သို့ထျန်းယီကို အန္တရာယ်များသော အကြည့်ဖြင့် ကြည့်သည်။
သို့ထျန်းယီကတော့ တစ်ဖက်လူရဲ့ မျက်လုံးတွေကို အကြည့်မလွှဲဘဲ တည်ငြိမ်စွာ ရှင်းပြလိုက်သည်။ “ ဒီထဲကို ရောက်မလာခင်ကတည်းက မိန်းကလေးစုကို သေချာ နှံ့နှံ့စပ်စပ် ရှာဖွေပြီးသွားပါပြီ။ ပြီးတော့ ဒီအိမ်ထဲမှာ ဆက်သွယ်ရေး အချက်ပြသင်္ကေတတွေကို ပိတ်ထားလို့ သူ့မှာ ပစ္စည်းတစ်ခုခု ပါလာရင်တောင် အပြင်ကို ဆက်သွယ်နိုင်မှာ မဟုတ်ပါဘူး။ ”
အဲ့ဒီတော့မှပဲ အမာရွတ်နှင့်လူရဲ့ မျက်နှာက အနည်းငယ် ကြည်လင်သွားပြီး စုယန်ယန်ရဲ့ ခန္ဓာကိုယ်ကို ရှာဖွေချင်နေတဲ့ အစီအစဉ်အား နောက်ဆုတ်လိုက်တော့သည်။
သို့သော်လည်း မူလတုန်းက မလှုပ်ရှားနိုင်အောင် ဖမ်းချုပ်ခံထားရတဲ့ ဝမ်ကျင့်ဖျင်ဟာ လူတိုင်းရဲ့ စိတ်အာရုံက စုယန်ယန်ဆီ ရောက်သွားတာကို မြင်ချိန်မှာ ပြိုင်ဖက်ကင်းသော ခွန်အားတွေ ထွက်လာပြီး သက်တော်စောင့်တွေရဲ့ လက်ထဲက ရအောင် ရုန်းထွက်ကာ စုယန်ယန်ဆီ ပြေးသွားလိမ့်မည်ဟု ဘယ်သူကမှ မထင်ခဲ့ပေ။
အရာအားလုံးက လျှပ်တစ်ပြက် ဖြစ်သွားတာမို့ လူတိုင်းဟာ စုယန်ယန်ကို ဝမ်ကျင့်ဖျင် ခုန်အုပ်လိုက်တာကို ဒီတိုင်း ကြည့်နေမိသည်။
စုယန်ယန်က ချက်ချင်းပဲ သူမရဲ့ ကလေးကို ကာကွယ်ရင်း ပုန်းရှောင်ဖို့ အစွမ်းကုန် ကြိုးစားနေစဉ်မှာ စနစ်ရဲ့ အသံလေးက သူမရဲ့ ခေါင်းထဲမှာ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
[ အပန်းဖြေစံအိမ်ကို အဖွဲ့တစ်ဖွဲ့ ဝိုင်းထားတာကို စစ်ဆေးတွေ့ရှိပါတယ်။ တိုက်ပွဲကို ရှောင်လွှဲလို့ မရပါဘူး။ Host ရဲ့ လုံခြုံရေးအတွက် စိတ်ချရအောင်လို့ သက်ဆိုင်ရာ အသက်ကယ်ပ ပစ္စည်းကိရိယာတွေနဲ့ လဲလှယ်ချင်ပါသလား။ ]
အဖွဲ့ တစ်ဖွဲ့တဲ့လား … ။ စုယန်ယန် အံ့ဩသွားပြီး သူမစိတ်ထဲကို အရင်ဆုံး ဝင်ရောက်လာတာက …
“ ချန်ဟွမ်း ရောက်လာတာလား။ ”
[ ဟုတ်ပါတယ်။ ]
တိကျသေချာသော အဖြေကို ရရှိပြီးနောက် စုယန်ယန် ချက်ချင်း စိတ်ပြောင်းသွားကာ နေရာမှာ မလှုပ်မရှား မတ်တပ်ရပ်၍ ဝမ်ကျင့်ဖျင်အား သူမအပေါ် ခုန်အုပ်ခွင့်ပေးလိုက်သည်။
သို့ထျန်းယီနှင့် ကျန်လူတွေရဲ့ အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ ဝမ်ကျင့်ဖျင်ရဲ့ ခုန်အုပ်မှုက စုယန်ယန်အား ထိခိုက်နာကျင်စေမှာကို စိုးရိမ်နေခဲ့ကြသည်။ သူတို့ မသိတာကတော့ စုယန်ယန်ဟာ ဘာမှ မပြင်ဆင်ထားဘဲ ဝမ်ကျင့်ဖျင်အား သူမအပေါ် ခုန်အုပ်ခွင့်ပေးလိုက်တာ မဟုတ်ဘူး ဆိုတာပါပဲ။
[ အပြည့်အဝ ကာကွယ်ရေးစနစ်ကို အသက်သွင်းကြောင်း အတည်ပြုလိုက်ပါပြီ။ ကိုယ်ပျောက်လင်းရောင်ခြည်နဲ့ တိုက်ပွဲကျယ် ကာကွယ်ရေးလင်းရောင်ခြည်ကို ဖွင့်လှစ်လိုက်တဲ့ Host ကို ဂုဏ်ပြုပါတယ်။ ဆယ်မိနစ်အတွင်း လင်းရောင်ခြည်က အာနိသင်ပြတော့မှာပါ။ ဆယ်မိနစ်အတွင်း ပတ်ဝန်းကျင်က ဘယ်လို အန္တရာယ်မျိုးကမှ Host ကို မထိခိုက်စေနိုင်တော့ပါဘူး။ ကောက်ကျစ်ယုတ်မာတဲ့ ရည်ရွယ်ချက်ရှိတဲ့ လူတွေက Host အနားကို တစ်မီတာ အကွာအဝေးတောင် ကပ်နိုင်မှာ မဟုတ်ပါဘူး။ ]
စုယန်ယန်ရဲ့ မျက်လုံးတွေက အရောင်တောက်ပသွားသည်။ သူမပါးစပ်ကနေ “ တော်လိုက်တဲ့ စနစ်ပဲ။ ” ဟု ချီးကျူးချင်စိတ်ကိုလည်း ထိန်းချုပ်မရလိုက်ပါ။
လက်ရှိအချိန်မှာ စုယန်ယန် အကြောက်ဆုံးက ဒီလူတွေရဲ့ လက်ထဲက လက်နက်တွေကိုပင်။ အခု ဒီလင်းရောင်ခြည်ကို အသက်သွင်းလိုက်တဲ့အခါ ဒီလူတွေရဲ့ လက်ထဲက လက်နက်တွေက ဘယ်လောက်ပဲ အန္တရာယ်များများ ၊ ကြောက်စရာအကြောင်း မရှိတော့ပါ။ သူမတို့သားအမိနားကိုတောင် ကပ်နိုင်မှာ မဟုတ်။
ဆယ်မိနစ်က ရှည်ကြာလွန်းသည်ဟု မခံစားရသော်လည်း သေရေးရှင်ရေးတမျှ အရေးကြီးနေတဲ့ ဒီလို အချိန်မျိုးမှာတော့ ဆယ်မိနစ် မပြောနှင့် ၊ တစ်မိနစ် တစ်စက္ကန့်ကတောင် ဘယ်သူက သေဆုံးမှာလဲ … ဘယ်သူက ရှင်သန်မှာလဲ ဆိုတာ ဆုံးဖြတ်ပေးနိုင်သည်။
ဒီလို အရေးပေါ် အခြေအနေမှာ စနစ်က အတော်လေး အားကိုးရာရသည်ဟု ပြောရမည်။
အကာအကွယ် လင်းရောင်ခြည်ကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် မူလတုန်းက စုယန်ယန်အပေါ်ကို ခုန်အုပ်ပြီး လည်ပင်းညှစ်ဖို့ ဟန်ပြင်နေတဲ့ ဝမ်ကျင့်ဖျင်ဟာ လွှင့်ထွက်သွားပြီး လှေကားအောက်ကို တလိမ့်ခေါက်ကွေး ပြုတ်ကျသွားလေသည်။
ဝမ်ကျင့်ဖျင်က လှေကားထစ် ထိပ်ဆုံးကနေ အောက်ကြမ်းပြင်ကို ရောက်သည်ထိ လိမ့်ကျသွားပြီး ထတောင် မထနိုင်တော့ပေမဲ့ စုယန်ယန်ကတော့ ပွန်းရာပဲ့ရာလေးတောင် မရှိဘဲ သားဖြစ်သူကို ကာကွယ်ပေးထားခဲ့သည်။
ထိုအချိန်မှာ ကျန်တဲ့ လူတွေက ဧည့်ခန်းထဲက တခြား ရုတ်ရုတ်သဲသဲ အခြေအနေတစ်ခုကို အာရုံရောက်နေတာမို့ သူမဘက်က ပုံမှန်မဟုတ်တဲ့ ဘာတစ်ခုကိုမှ သတိမပြုမိလိုက်ပေ။