အခန်း ၁၁၁၂
Vol. 75 Ch. 1112
အခန်း ( ၁၁၁၂ ) မှီခိုအားထားနိုင်သော စနစ်။
အပန်းဖြေစံအိမ်ကို ရေလုံအောင် ကြပ်ကြပ်ပိတ်ထားသည့် စည်ပိုင်းတစ်ခုပမာ ဝိုင်းရံထားသော ဟောက်ချန်ဟွမ်းနှင့် ကျန်လူများသည် စုယန်ယန်အပေါ် ဝမ်ကျင့်ဖျင် ခုန်အုပ်လိုက်တာကို မြင်ချိန်မှာ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ဘဲ သို့ထျန်းယီနှင့် အမာရွတ်နှင့်လူကို ခြောက်လုံးပြူးသေနတ်နှင့် ပစ်ခတ်လိုက်ကြတော့သည်။
သို့ထျန်းယီက အစတုန်းက စုယန်ယန်ရဲ့ လုံခြုံရေးကို စိတ်ပူနေတာမို့ သွားရောက်ကူညီပေးချက်နေသော်လည်း သူ့ရှေ့ကို ရောက်လာသူကို မြင်သောအခါ လီယွဲ့နှင့် တခြားလူတွေရဲ့ အကာအကွယ်အောက်မှာ နောက်ပြန်ဆုတ်လာရင်း တစ်ချိန်တည်းမှာပဲ စုယန်ယန်ကို ဖမ်းဆီးဖို့ လူလွှတ်လိုက်သည်။
အမာရွတ်နှင့်လူကလည်း သူနှင့် အတွေးတူသည်။ ဟောက်ချန်ဟွမ်းနှင့် ကျန်လူတွေရဲ့ ရုတ်တရက် အလစ်ဝင်တိုက်မှုက သူတို့ကို အတော်လေး အံ့အားသင့်သွားစေသော်လည်း သို့ထျန်းယီနှင့် ယှဉ်လျှင် သူက ဒုစရိုက်အဖွဲ့ရဲ့ အဖွဲ့ဝင်ပီပီ ဒီလို အခြေအနေမျိုးကို ကိုင်တွယ်တဲ့ နေရာမှာ ပိုတော်သည်။ ခဏလောက် အံ့ဩဆွံ့အနေအပြီးမှာ သူ့ရဲ့ တုံ့ပြန်မှုက သူ့လူတွေကို စုယန်ယန်အား ဖမ်းဆီးခိုင်းလိုက်တာပဲ ဖြစ်သည်။
သူတို့လက်ထဲမှာ စုယန်ယန် ရှိနေမှသာ ရှင်သန်လွတ်မြောက်နိုင်တဲ့ အခွင့်အရေး ရှိသည်။
အဆုံးသတ်မှာ ညှိနှိုင်းလို့ မရဘူး ဆိုရင်တောင် ထိုအမျိုးသမီးကို သူနှင့်အတူ ဆွဲခေါ်သွားမည်။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ကျန်းချန့်ယန်ကြောင့် အရေးပါတဲ့ မိသားစုဝင်တစ်ယောက် ဆုံးရှုံးခဲ့ရသော နာကျင်မှုကို ကျန်းချန့်ယန်အား တန်ပြန် ကြုံတွေ့ခံစားစေချင်သည်။
အမာရွတ်နှင့်လူသည် ထိုအတွေးကြောင့် လူ အနည်းငယ်ကိုသာ ဟောက်ချန်ဟွမ်းတို့အား ရင်ဆိုင်တိုက်ခိုက်စေပြီး တခြား လူတွေကိုတော့ စုယန်ယန်အား ဖမ်းဆီးခိုင်းလိုက်သည်။
စုယန်ယန်က ငတုံး မဟုတ်ပါ။ သူမမှာ လင်းရောင်ခြည် ရှိနေပေမဲ့ အခုအချိန်မှာ အသက်ရှိနေတဲ့ ပစ်မှတ်တစ်ခု ဖြစ်သွားပါပြီ။
မြင်ကွင်းက ကမောက်ကမ ဖရိုဖရဲနိုင်သည်။ သူမကို ကျည်ဆန်တွေ မထိမှန်တာက တော်သေးပေမဲ့ သူမဆီကို လူတိုင်း ပြေးလာတာတောင် တစ်ယောက်မှ အနားမကပ်ဘူး ဆိုရင် အမြင်အာရုံကောင်းတဲ့ ဘယ်သူမဆို တစ်ခုခု ပုံမှန်မဟုတ်တာကို မြင်နိုင်တာမို့ အရင်ဆုံး တစ်နေရာရာမှာ ပုန်းနေတာက ပိုကောင်းသည်။
စုယန်ယန်သည် သူမရဲ့ လုံခြုံရေးအတွက် စိတ်ချသွားတော့မှ ရုတ်တရက် ဖရိုဖရဲဖြစ်လာခဲ့သော ဧည့်ခန်းကျယ်ကြီးကို ကြည့်ကာ သူမကို လာရောက်ကယ်တင်တဲ့ ဟောက်ချန်ဟွမ်းတို့ကို စိတ်ပူနေမိတော့သည်။
သူမရဲ့ ခံစားချက်တွေကို နားလည်ပုံပေါ်တဲ့ စနစ်က သူမကို ရုတ်တရက် သတိပေးသည်။
[ Host နဲ့ Host ရဲ့ လက်တွဲဖော်က ဖက်စပ်ဆက်ဆံရေးမှာ ရှိနေတဲ့အတွက် စနစ်ရဲ့ စတိုးဆိုင်ထဲက အထောက်အကူ ပစ္စည်းတွေကို နှစ်ယောက်လုံး အသုံးပြုနိုင်ပါတယ်။ ]
စုယန်ယန်ရဲ့ မျက်လုံးတွေက လင်းလက်တောက်ပသွားသည်။ “ တကယ်လား။ ”
[ တကယ်ပါ။ ]
စုယန်ယန် နည်းနည်းတော့ သံသယဝင်မိပါသည်။ “ နင်က အဲ့လောက်တောင် တော်တယ်လား။ ”
စနစ်က စုယန်ယန်ရဲ့ မေးခွန်းကြောင့် ခဏလောက် တိတ်သွားပြီးမှ စကားသံပြန်ထွက်လာသည်။
[ Host က လိုအပ်တဲ့ နှစ်လိုမှုရမှတ်တွေကို ပေးနေသရွေ့ Host ရဲ့ လက်တွဲဖော်အတွက် အထောက်အကူ ပစ္စည်းတွေကို လဲလှယ်နိုင်ပါတယ်။ များများ ဝယ်ရင် များများ အလကား ရပါမယ်။ ဈေးနှုန်းကလည်း Host တတ်နိုင်တဲ့ ဈေးနှုန်းပါပဲ။ Host ရဲ့ လက်တွဲဖော်အတွက် လဲလှယ်မပေးချင်ဘူးလား။ ]
စုယန်ယန် : “ … ”
“ 001 … နင် တကယ်ပဲ 001 လား။ နင် ငါ့စနစ် ဟုတ်ပါသေးတယ်နော်။ တခြားတစ်ယောက်ရဲ့ စနစ်အတု ဖြစ်သွားတာတော့ မဟုတ်ပါဘူးနော်။ ”
အရင်တုန်းက သူမရဲ့ စနစ်က ဒီလောက်ထိ ငွေမက်ပြီး အမြတ်ကြီးမစားပါဘူး … ။
စနစ်က Host ရဲ့ တရစပ် မေးခွန်းသုံးခုကြောင့် စိတ်ရှုပ်ထွေးသွားပြီး အချိန်အတော်ကြာတော့မှ အေးစက်စက် ပြန်ပြောခဲ့သည်။
[ ကျေးဇူးပြုပြီး စနစ်ရဲ့ စစ်မှန်မှုကို ပေါက်ကရ မေးခွန်းတွေ မမေးပါနဲ့။ စနစ်ကို အဆင့်မြှင့်တင်ပြီး အမျိုးသမီးဇာတ်လိုက်ရဲ့ စနစ်ရဲ့ ပေါင်းစပ်ခဲ့လို့ လဲလှယ်မှု စတိုးဆိုင်ကို ဖွင့်လှစ်နိုင်တာပါ။ ]
စုယန်ယန်က ထိုအခါမှ စိတ်သက်သာရာရသွားသော သက်ပြင်းလေးကို ချလိုက်သည်။ “ ဒီလိုမှပေါ့။ ဒီလို လေးနက်တဲ့ လေသံကမှ ငါနဲ့ ရင်းနှီးနေတဲ့ စနစ်ပဲ။ ”
စနစ် : “ … ” ဘုရားရေ … ဘယ်လောက်တောင် ဒေါသထွက်စရာကောင်းလိုက်တဲ့ စကားလဲ … ။
“ အသုံးပြုနိုင်တဲ့ ပစ္စည်းအားလုံးကို ငါ ယူမယ်။ ” စုယန်ယန်က တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။ “ အဲ့ပစ္စည်းတွေကို ဟောက်ချန်ဟွမ်းအပေါ်မှာပဲ အသုံးပြုနိုင်တာလား။ တခြား လူတွေအပေါ်မှာရော အသုံးပြုလို့ မရဘူးလား။ ”
[ စနစ်ရဲ့ စတိုးဆိုင်ထဲက အထောက်အကူ ပစ္စည်းတွေကို လောလောဆယ်တော့ Host နဲ့ Host ရဲ့ လက်တွဲဖော်အတွက်ပဲ အသုံးပြုနိုင်ပါတယ်။ ]
စုယန်ယန်က ထိုစကားကို ကြားတော့ သက်ပြင်းချလိုက်သည်။ ထင်ထားတဲ့အတိုင်း သူမ အရမ်း လောဘကြီးလို့ မရပါ။
ဟောက်ချန်ဟွမ်းရဲ့ လုံခြုံမှုကို အာမခံနိုင်ခြင်းကပင် ကံကောင်းလှပြီမို့ တခြားလူတွေလည်း ဘေးကင်းစေဖို့ မျှော်လင့်ရသည်။
နောက်ဆုံးအချိန်မှာ သူမကို စနစ် ပေးခဲ့တဲ့ ရွှေလက်ချောင်းက အလွန် အသုံးဝင်၏။ ဧည့်ခန်းထဲမှာ ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ ဟောက်ချန်ဟွမ်းက ဖြတ်လမ်းလေးကနေတစ်ဆင့် ရှုပ်ယှက်ခတ်နေတဲ့ လူစုထဲကို ခိုးဝင်လာခဲ့သည်။