အခန်း ၁၁၁၄
Vol. 75 Ch. 1114
အခန်း ( ၁၁၁၄ ) အောင်မြင်မှု ၁၀၀% ။
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးထဲမှာ မသေချာ မရေရာ အရိပ်အငွေ့တွေ ယှက်သန်သွားပေမဲ့ အလျင်အမြန် စိတ်တည်ငြိမ်သွားခဲ့သည်။
“ မင်း အဲ့လို ပြောရင် ကိုယ် ယုံမှာပါ။ ”
“ အဟမ်း … ” စုယန်ယန်က စိတ်သက်သာရာရသွားတဲ့ သက်ပြင်းလေးကို ချဖို့ ပြင်နေတုန်းမှာပဲ သူမနံဘေးမှာ ချောင်းဟန့်သံတိုးတိုး ထွက်ပေါ်လာခဲ့သည်။
အသံပိုင်ရှင်ကို သူတို့နှစ်ယောက် ချက်ချင်း လှည့်ကြည့်လိုက်တော့ ဟောက်ချန်ဟွမ်းနှင့်အတူ ပါလာတဲ့ သက်တော်စောင့် လူငယ်လေးက ဖော်ပြရခက်သော အကြည့်တစ်မျိုးဖြင့် သူတို့ကို ကြည့်နေတာကို တွေ့လိုက်ရသည်။ သူက “ အစ်မတို့မှာ ပြောစရာစကားတွေ ရှိရင်လည်း အပြင်မှာ ပြောပါ။ အရင်ဆုံး အပြင်ထွက်ရအောင်။ ” ဟု အိုးတိုးအမ်းတမ်းနှင့် ပြောသည်။
စုယန်ယန်က မျက်နှာလေးရဲသွားသော်လည်း ဟောက်ချန်ဟွမ်းကတော့ “ မင်းမှာ ကောင်မလေး မရှိဘူးမလား။ ” ဟု တည်ငြိမ်စွာ ပြန်မေးခဲ့သည်။
လူငယ်လေးက ပြန်ပြောစရာစကားမရှိအောင် ဆွံ့အသွားရသည်။ ဟောက်ချန်ဟွမ်းက သူ့ကို သူတစ်ပါးရဲ့ အချစ်ရေးကို ဝင်နှောင့်ယှက်ရင် မိုးကြိုးပစ်ခံရမယ်လို့ သတိပေးချင်နေတာလား … ။ ဒါမှမဟုတ် သူ့မှာ ရည်းစားမရှိလို့ စုံတွဲတွေရဲ့ ခံစားချက်တွေကို နားမလည်ဘူး ဆိုပြီး လှောင်ပြောင်ချင်နေတာလား … ။
လူငယ်လေးသည် ဟောက်ချန်ဟွမ်းရဲ့ စကားတစ်ခွန်းတည်းနှင့်ပင် တစ်ကိုယ်တည်းသမားလေးတွေအပေါ် ကမ္ဘာကြီးရဲ့ ရက်စက်မှုအား ခံစားလိုက်ရသည်။
သူများအတွဲ အလွမ်းသယ်ပြီး ချစ်ကြည်နူးနေတာကို နှောင့်ယှက်ရတာ နည်းနည်းလေး ကိုးရိုးကားရားနိုင်ပေမဲ့ ဒီနေရာက အမှန်တကယ်ပဲ လုံခြုံတဲ့ နေရာ မဟုတ်ပါ။
“ အရင်ဆုံး ပြန်ကြရအောင်။ ”
ကျန်းချန့်ယန်ရဲ့ လူတွေက အမာရွတ်နှင့်လူတွေရဲ့ အဖွဲ့အား ခဏ ထိန်းပေးထားချိန်မှာ သို့ထျန်းယီရဲ့ လူတွေကတော့ ဝင်ပေါက်ကို ရှာကာ ဟောက်ချန်ဟွမ်းတို့ကို ရပ်တန့်ချင်နေခဲ့သည်။
ဒါပေမဲ့ ဟောက်ချန်ဟွမ်းကို ဝန်းရံကာကွယ်ပေးထားတဲ့ လူတွေက အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ လူမျိုးတွေ မဟုတ်ပါ။ တိုက်ခိုက်ဖို့ မလွယ်ကူတဲ့ ရန်သူ တစ်ယောက် ၊ နှစ်ယောက်က လွဲလို့ သူတို့က ဘယ်သူ့ကိုမှ သူတို့လမ်းကို ပိတ်ဆို့ခွင့်မပေးပါ။
စုယန်ယန်နှင့် ကျန်လူတွေ ရောက်နေတဲ့ နေရာက အပန်းဖြေစံအိမ်နှင့် ဆယ်မီတာစွန်းစွန်းသာ ဝေးကွာသော်လည်း ထိုမီတာ အနည်းငယ်လေးကပင် အဆုံးမရှိဘူးလို့ ခံစားရသည်။ ထိုအကွာအဝေးကို ရောက်ဖို့ ဆယ်မိနစ်နီးပါး သွားရသည်။
နောက်ဆုံးမှာတော့ စနစ် အသက်သွင်းထားသော အထောက်အကူ ပစ္စည်းတွေရဲ့ အာနိသင်ကုန်ဆုံးခါနီး အချိန်မှာပဲ အပန်းဖြေစံအိမ်ထဲက ထွက်လာကာ နေ့အလင်းရောင်ကို ပြန်လည်မြင်တွေ့နိုင်ခဲ့သည်။
“ အပြင်မှာ ရှိနေတဲ့ လူတွေက ကိုယ့်ဦးလေးနဲ့ ကိုယ်ရဲ့ လူတွေပဲ။ အဲ့ဒါကြောင့် စိတ်မပူနဲ့။ ”
စုယန်ယန် အံ့ဩသွားကာ အပန်းဖြေစံအိမ် ပတ်ဝန်းကျင်မှာ ဟောက်ချန်ဟွမ်းနောက်က လူတွေကဲ့သို့ ဝတ်ဆင်ထားသော လူတွေ အတော်အများများ ရှိနေတာကို သိသွားသည်။
“ ဦးလေးလား … ” စုယန်ယန်က အံ့ဩဆွံ့အနေရာမှ သတိပြန်ဝင်လာသည်။ “ ဦးလေးလည်း ဒီကို ရောက်နေတာလား။ သူ အခု ဘယ်မှာလဲ။ ”
“ သူ တခြားတစ်ဖက်မှာ နောက်ထပ် အဖွဲ့တစ်ဖွဲ့နဲ့ အတူ ရှိနေတယ်။ စိတ်မပူပါနဲ့ ၊ သူ အဆင်ပြေမှာပါ။ ကိုယ် အခု မင်းနဲ့ ကလေးကို အရင်ဆုံး ခေါ်ထုတ်သွားပေးမယ်။ ခဏနေရင် ကိုယ်တို့ သူနဲ့ တွေ့ကြတာပေါ့။ ”
ခုနတုန်းက သူတို့ကို သတိပေးခဲ့တဲ့ လူငယ်လေးက သူတို့နှစ်ယောက်ကြားက စကားဝိုင်းကို ကြားသောအခါ ရုတ်တရက် ဝင်ပြောသည်။ “ ခေါင်းဆောင်ကျန်းက ကျွန်တော်တို့ရဲ့ ဌာနမှာ ဂန္တဝင်ပဲ။ ဒီနှစ်တွေမှာ သူ လူလုံးထွက်မပြပေမဲ့ သူနဲ့ ပတ်သက်တဲ့ သမိုင်းတွေကတော့ ဌာနထဲမှာ လက်ဆင့်ကမ်းနေတုန်းပဲ။ ဒီအဖွဲ့ကို သူ ဦးဆောင်လာတာမို့လို့ မကြာခင် ရလဒ်ထွက်မှာ သေချာပါတယ်။ အစ််မ မစိုးရိမ်ပါနဲ့။ ”
စုယန်ယန်က ထိုစကားကို ကြားတော့ ဟောက်ချန်ဟွမ်းကို ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ “ ဦးလေးကို အရမ်း နာမည်ကြီးလိမ့်မယ်လို့ ကျွန်မ ထင်မထားဘူး။ ”
ဟောက်ချန်ဟွမ်းလည်း ပြုံးလိုက်သည်။ “ ဦးလေးက အမြဲတမ်း ထူးချွန်ခဲ့တာပါ။ ”
စုယန်ယန်က ကြယ်လေးကို ပွေ့ချီထားခြင်းဟာ သူမကို နှောင့်နှေးစေရုံသာ ရှိလိမ့်မည် ဆိုတာ နားလည်တာမို့ သူမရဲ့ စိုးရိမ်ပူပန်မှုကို ချိုးနှိမ်ကာ ဟောက်ချန်ဟွမ်းနှင့်အတူ ထွက်လာခဲ့သည်။
သို့သော် သူမ ခြေလှမ်း သုံး ၊ လေးလှမ်းသာ လှမ်းရသေးချိန်မှာပဲ ရင်းနှီးကျွမ်းဝင်နေသော စက်ရုပ်သံလေးကို သူမရဲ့ စိတ်ထဲမှာ ကြားလိုက်ရကာ ခြေလှမ်းရပ်သွားသည်။
[ စစ်ဆေးတွေ့ရှိမှုအရ ကမ္ဘာ့အမျိုးသမီးဇာတ်လိုက်က သေဆုံးသွားပါပြီ။ Host ရဲ့ အမျိုးသမီးဇာတ်လိုက်ရဲ့ ရွှေလက်ချောင်းကို လုယူတဲ့ အောင်မြင်မှု +၁ ။ လက်ရှိ အောင်မြင်မှုက ၁၀၀% ပါ။ ရွှေလက်ချောင်း လုယူခြင်း လုပ်ငန်းစဉ် ပြီးမြောက်သွားပါပြီ။ Host နဲ့ Host ရဲ့ လက်တွဲဖော်က ကမ္ဘာကြီးရဲ့ မဏ္ဍိုင်အဖြစ် အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်နေရာကို တရားဝင် အစားထိုးသွားပါပြီ။ ပြောင်းလဲခြင်း လုပ်ငန်းစဉ် တရားဝင် စတင်ပါပြီ … ]
စနစ်ရဲ့ စကားဆုံးသည်နှင့် စုယန်ယန်ရဲ့ မျက်လုံးရှေ့မှာ ရွှေရောင် ဘားတန်းလေး ပေါ်လာခဲ့သည်။ ပကတိ မျက်စိနှင့် ကြည့်လျှင်တောင် မြင်နိုင်လောက်အောင် ဘယ်ဘက်ကနေ ညာဘက်ကို မြန်မြန် ဖြည့်ပေးနေပြီး အချိန်ခဏအတွင်းမှာပဲ အမှတ်အသား တစ်ဝက်ကို ကျော်သွားခဲ့သည်။
ဒါပေမဲ့ စုယန်ယန် ပိုစိတ်ပူတဲ့ အရာက …
“ ဝမ်ကျင့်ဖျင် သေသွားတာလား။ ”