အခန်း ၁၁၁၅
Vol. 75 Ch. 1115
အခန်း ( ၁၁၁၅ ) လျှို့ဝှက်ချက်ကို ဖုံးကွယ်မထားနိုင်တော့ပါ။
[ ဟုတ်ပါတယ်။ ဒေတာအချက်အလက်တွေအရ မူလ ကမ္ဘာ့အမျိုးသမီးဇာတ်လိုက်ရဲ့ အသက်ဓာတ် သင်္ကေတတွေက လွန်ခဲ့တဲ့ တစ်မိနစ်တုန်းကပဲ အပြီးတိုင် ချုပ်ငြိမ်းသွားပြီလို့ ဖော်ပြနေပါတယ်။ ]
စုယန်ယန်ရဲ့ နှလုံးသားထဲမှာ တစ်ချိန်လုံး စိုက်ဝင်နေတဲ့ ဆူးလေးဟာ အဲ့ဒီလိုပဲ ရုတ်တရက် ဆွဲနှုတ်ခံလိုက်ရ၏။ စိတ်ထဲမှာတော့ ဒီအဖြစ်အပျက်က နည်းနည်းလေး မယုံကြည်နိုင်စရာကောင်းသည်ဟု ခံစားနေရဆဲ။
“ သူ သေသွားပြီလား။ ဘယ်လို သေသွားတာလဲ။ ခုနတုန်းက ရုတ်ရုတ်သဲသဲဖြစ်နေတုန်း လမ်းကြောင်းလွဲလာတဲ့ ကျည်ဆန် တစ်တောင့်က သူ့ကို မတော်တဆ မှန်သွားတာလား။ ”
[ မဟုတ်ပါဘူး … တုံ့ပြန်မှုအရ ဝမ်ကျင့်ဖျင်က သို့ထျန်းယီနဲ့ အငြင်းပွားရင်း အသတ်ခံရတာပါ။ ]
စုယန်ယန် ပိုလို့တောင် အံ့အားသင့်သွားမိသည်။ “ သူ့ကို သို့ထျန်းယီက သတ်လိုက်တာလား။ ”
ဖြစ်စဉ်က စုယန်ယန်နှင့် တခြားလူတွေ အပန်းဖြေစံအိမ်ထဲက ထွက်လာချိန်မှာ သို့ထျန်းယီကလည်း သူ့လက်အောက်ငယ်သားတွေရဲ့ အကာအကွယ်အောက်မှာ အပန်းဖြေစံအိမ်ရဲ့ နောက်ဖေးခြံဝင်းထဲကို လွတ်မြောက်သွားခဲ့သည်။
စုယန်ယန်ကို ရှာဖို့ သူ လွတ်လိုက်တဲ့ အဖွဲ့က မထူးဆန်းစွာပဲ မအောင်မြင်ခဲ့ပါ။ သူတို့အလုပ်ရှင် အသည်းအသန် လိုချင်နေတဲ့ စုယန်ယန် လွတ်မြောက်သွားတာကို သိလိုက်ရသောအခါ သူတို့ ဘာလုပ်ရမှန်း မသိတော့ပေ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ထိုအချိန်မှာ သွေးပျက်တုန်လှုပ်စွာ ပြေးလွှားနေတဲ့ ဝမ်ကျင့်ဖျင်က သူတို့မျက်လုံးထဲ ဝင်လာတာမို့ သက်တော်စောင့်တစ်ယောက်က အတွေးရသွားပြီး ဝမ်ကျင့်ဖျင်ကို သို့ထျန်းယီထံ ခေါ်သွားခဲ့သည်။
သို့ထျန်းယီရဲ့ ခန္ဓာကိုယ်က နောက်ဆုံး အကန့်အသတ်ကို ရောက်နေခဲ့သည်။ သူ လွှတ်လိုက်တဲ့ အဖွဲ့က စုယန်ယန်ကို ခေါ်မလာတာကို မြင်ချိန်မှာ သူ့ရဲ့ ဖြူဖတ်ဖြူရော် မျက်နှာက ချက်ချင်းပဲ မည်းမှောင်သွားခဲ့သည်။
နောက်ဘက်မှာ ဝမ်ကျင့်ဖျင် ပါလာတာကို မြင်ရခြင်းကတောင် သူ့မျက်နှာကို နည်းနည်းလေးမှ မကြည်သာစေခဲ့ပါ။ ဘာမှ မရတာထက်စာရင်တော့ တော်သေးသည်။ အဓိကဇာတ်ကောင် စုယန်ယန်ကို မဖမ်းမိသေးခင်မှာ ဝမ်ကျင့်ဖျင် ဆိုတဲ့ အရည်အသွေးမပြည့်မီတဲ့ ထုတ်ကုန်ပစ္စည်းက မဖြစ်ညစ်ကျယ် အသုံးဝင်ရုံ အဆင့်သာ ရှိသည်။
သို့ထျန်းယီ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်တော့ သူ့ရင်ဘတ်ထဲမှာ မွန်းကြပ်သွားတာကို ခံစားရသည်။ အသက်ရှူဖို့တောင် ခက်ခဲနေသောကြောင့် ဝမ်ကျင့်ဖျင်ကို အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်သည်။
“ မင်း ဒီကို လာခဲ့စမ်း။ ”
ရွှေလက်ချောင်း စနစ်ကို ဆုံးရှုံးသွားပြီး အရင်ဘဝတုန်းကလို ကြောက်လန့်အားငယ်တတ်သော အခြေအနေကို ပြန်ရောက်သွားတဲ့ ဝမ်ကျင့်ဖျင်ဟာ သို့ထျန်းယီရဲ့ ခေါ်သံကို ကြားသောအခါ ကြောက်ရွံ့မှုကြောင့် ခန္ဓာကိုယ်လေး တုန်လှုပ်သွားမိသည်။
ခဏလောက် တွန့်ဆုတ်နေပြီးမှ ကိုယ့်ကိုယ်ကိုယ် အားတင်း၍ တစ်ဖက်လူရဲ့ မကျေမနပ် အကြည့်အောက်မှာ လျှောက်လှမ်းသွားလိုက်သည်။
“ မင်းမှာ ငါ့ရောဂါကို သက်သာစေနိုင်တဲ့ နည်းလမ်းရှိတယ်လို့ ပြောထားတယ် မဟုတ်လား။ ငါ အခု နေမကောင်းဘူး။ ငါ့ကို နှိပ်ပေးစမ်းပါ။ ”
“ ကျွန်မ … ” ဝမ်ကျင့်ဖျင်က စကားမပြောနိုင်တော့ဘဲ နှုတ်ခမ်းလေးတွေ တဆတ်ဆတ် တုန်ယင်သွားသည်။
သူမ သို့ထျန်းယီကို ယာယီ သက်သာလာအောင် ကူညီနိုင်တဲ့ အကြောင်းအရင်းက စနစ်ဆီက အထောက်အကူ ပစ္စည်းတွေ အများကြီးကို အကြွေး ဝယ်ယူထားခဲ့တာကြောင့် ဖြစ်သည်။ ထိုပစ္စည်းတွေရဲ့ အကူအညီဖြင့် သို့ထျန်းယီအား ရောဂါသက်သာအောင် ကူညီပေးခဲ့တာပင်။
အခု စနစ်လည်း မရှိတော့ဘူး ဆိုတော့ သူမက ဘယ်နေရာက အထောက်အကူ ပစ္စည်းတွေကို သွားရှာပြီး သူ့ကို ကူညီပေးရမှာလဲ … ။
သို့ထျန်းယီရဲ့ မျက်နှာက စာရွက်ဖြူ တစ်ရွက်ပမာ ဖြူစုတ်နေသော်လည်း သူ့မျက်လုံးတွေကတော့ စူးရှနေဆဲ ဖြစ်သည်။ “ ပြဿနာ ရှိလို့လား။ ”
“ ဟင့်အင်း … ဘာပြဿနာမှ မရှိပါဘူး။ ” ဝမ်ကျင့်ဖျင်သည် သို့ထျန်းယီရဲ့ စကားကို မဆန့်ကျင်ရဲသောကြောင့် သူ့နောက်ကို သွားကာ သူ့ပခုံးနှင့် လည်ပင်းကို နှိပ်နယ်ပေးရင်း ဘယ်လို ထွက်ပြေးရမလဲ ဆိုတာ စဉ်းစားနေမိသည်။
သိပ်စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိတဲ့ ဝမ်ကျင့်ဖျင်ရဲ့ ဦးနှောက်က ဒီလို အရေးပေါ် အခြေအနေမှာတော့ ရှားရှားပါးပါး ဉာဏ်ကောင်းခဲ့သည်။ ကောက်ကျစ်စဉ်းလဲတဲ့ သို့ထျန်းယီကို သူမ အကြာကြီး လျှို့ဝှက်ထားနိုင်မည်ဟု မထင်ပါ။
အခြေအနေတွေက ဒီလို ဖြစ်လာပြီမို့ သူလည်း သေချာပေါက် ဒီနိုင်ငံထဲမှာ ဆက်နေတော့မှာ မဟုတ်တော့။ ဒီကြားထဲ စုယန်ယန်ကိုလည်း လွတ်သွားသည်။ သို့ထျန်းယီက သူနှင့်အတူ သူမကိုပါ နိုင်ငံခြားကို ခေါ်သွားဖို့ များသည်။
စနစ်သာ ရှိနေသေးလျှင် ဝမ်ကျင့်ဖျင်တစ်ယောက် အတိုင်းထက်အလွန် ပျော်ရွှင်မိမှာ ဖြစ်သော်လည်း အခုတော့ စနစ် မရှိတော့တဲ့အတွက် သူမက သူ့အတွက် အသုံးမဝင်တော့မှန်း သို့ထျန်းယီ သိသွားလျှင် ဘာလုပ်မလဲ ဆိုတာ တွေးမကြည့်ရဲချေ။
အဲ့အချိန်ကျရင် သူမမှာ ဆွေမျိုးသားချင်းလည်း မရှိဘဲ နိုင်ငံခြားမှာ တစ်ယောက်တာ်း ဖြစ်နေပါလိမ့်မည်။ ဘယ်သူကမှ သူမ သေလား ၊ ရှင်လား သိမှာ မဟုတ်။ သူမရဲ့ အလောင်းကို ကောက်ပေးမယ့် လူတောင် ရှိမှာ မဟုတ်ပေ။
မဖြစ်ဘူး … သူမ သေမယ့် အချိန်ကို ဒီအတိုင်း ရပ်စောင့်နေလို့ မဖြစ်ဘူး … ။
“ တော်တော့။ ”
ကိုယ်ပိုင် အတွေးတွေကြောင့် မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်တဲ့ထိ ကြောက်ရွံ့နေသော ဝမ်ကျင့်ဖျင်သည် သို့ထျန်းယီရဲ့ ဒေါသတကြီး အော်သံကို ကြားသောအခါ နှလုံးရပ်တော့မလို ဖြစ်ကာ ခြေတစ်လှမ်း နောက်ဆုတ်လိုက်မိသည်။
“ ဘာ … ဘာဖြစ်လို့လဲဟင်။ ရှင့်ကို နာအောင် လုပ်မိလို့လား။ တောင်းပန်ပါတယ် … တောင်းပန်ပါတယ်။ ကျွန်မ ခုနတုန်းက ကြောက်နေတော့ အရမ်း အားထည့်မိသွားတယ်။ ”