← Chapters

အခန်း ၁၁၁၇

Vol. 75 Ch. 1117

အခန်း ၁၁၁၇

Vol. 75 Ch. 1117

အခန်း ( ၁၁၁၇ ) နင် ထွက်သွားတော့မှာလား။

လေးနက်မှုမရှိတဲ့ ပေါ့ပေါ့တန်တန် စကား ဖြစ်သော်လည်း ဝမ်ကျင့်ဖျင်သည် နားလည်ရခက်သော ကြောက်ရွံ့မှု တစ်မျိုးဖြင့် ခန္ဓာကိုယ်ထဲမှာ စိမ့်အေးသွားမိသည်။

“ မဟုတ်ပါဘူး … ကျွန်မ … ”

“ ဘာကို မဟုတ်တာလဲ။ ” သို့ထျန်းယီက ဝမ်ကျင့်ဖျင်ရဲ့ တစ်ဝက်တစ်ပျက် စကားကို ဖြတ်ပြောကာ ခပ်တိုးတိုး ရယ်လိုက်သည်။ “ မင်းရဲ့ စနစ် လုယူခံလိုက်ရတယ် ဆိုတာက မဟုတ်တာလား … သူများလောက် အသုံးမဝင်ဘူး ဆိုတာက မဟုတ်တာလား။ ”

ဝမ်ကျင့်ဖျင်ရဲ့ နှုတ်ခမ်းတွေက တဆတ်ဆတ် တုန်ယင်သွားသော်လည်း သူမဆီက ဘာစကားမှ ထွက်မလာခဲ့ပါ။ သို့ထျန်းယီက သူမနှင့် အချိန်ဖြုန်းဖို့ အလွန် ပျင်းရိနေသောကြောင့် အေးစက်သော မျက်လုံးများဖြင့် သူမကို လွှမ်းခြုံကြည့်ကာ ပြစ်ဒဏ်ချမှတ်လိုက်သည်။

“ မင်းဆီမှာ စနစ်မရှိတော့ဘူး ဆိုတော့ မင်းက … အသုံးမဝင်တော့ဘူးပဲ။ ”

ဝမ်ကျင့်ဖျင်ရဲ့ နှလုံးသားထဲမှာ ရုတ်တရက် တုန်လှုပ်သွားကာ သို့ထျန်းယီကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။ သူ အဲ့ဒီလောက် နှလုံးသားကင်းမဲ့တာကို မယုံနိုင်သော်လည်း မဖြစ်မနေ ယုံကြည်ရပါတော့မည်။

ဘေးတစ်ဖက်က ကိုယ်ရံတော်တွေက သို့ထျန်းယီရဲ့ အဓိပ္ပာယ်ကို သဘောပေါက်သွားကာ သူမကို ဝိုင်းလိုက်တော့မှ ဝမ်ကျင့်ဖျင်လည်း မှင်သက်နေရာမှ သတိပြန်ဝင်လာခဲ့သည်။

ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုပြီးနောက် အတွေးတစ်ခုကို တွေးမိသွားပုံဖြင့် သူမရဲ့ မျက်လုံးထဲမှာ အမုန်းတရားတွေ ၊ ရူးသွပ်မှုတွေ ဖုံးလွှမ်းသွား၏။ သက်တော်စောင့်တွေ ရောက်မလာသေးခင်မှာပဲ သို့ထျန်းယီဆီ ပြေးသွားကာ သူ့ရဲ့ ဝှီးချဲလက်ကိုင်ကို အားကုန်သုံး၍ တွန်းလှဲပစ်လိုက်သည်။

သို့ထျန်းယီက ဝမ်ကျင့်ဖျင် အဲ့ဒီလို လုပ်လိမ့်မည်ဟု မျှော်လင့်မထားသလို သူမကို ဟိုးအရင်ကတည်းက အလေးအနက် သဘောမထားဘဲ သူ ဆန္ဒရှိသလို ဖျစ်ညှစ်နင်းချေလို့ ရတဲ့ အရုပ်လေး တစ်ရုပ်လိုသာ သဘောထားခဲ့တာ ဖြစ်သည်။

ဝမ်ကျင့်ဖျင်ရဲ့ အပြုအမူက လူတိုင်းရဲ့ မျှော်မှန်းချက်တွေကို ကျော်လွန်သွားကာ တိတိကျကျ ပြောရလျှင် ထိုအပြုအမူကြောင့်ပဲ သူမကိုယ်သူမအတွက် အချိန်ခိုးနိုင်ခဲ့သည်။

သို့ထျန်းယီရဲ့ ဝှီးချဲ မှောက်သွားသောအခါ လီယွဲ့အပါအဝင် အကုန်လုံးရဲ့ မျက်နှာက ပြောင်းလဲသွားပြီး “ ဘော့စ် ” ဟု ပြိုင်တူ အော်ပြီး သို့ထျန်းယီရဲ့ အခြေအနေကို အပြေး သွားကြည့်ခဲ့ကြသည်။ သူတို့မှာ ဝမ်ကျင့်ဖျင်ကို ဖမ်းဖို့ ဘယ်လိုလုပ် အချိန်ရှိမှာလဲ … ။

သို့သော်လည်း ဝမ်ကျင့်ဖျင်က နောက်ဆုံးအချိန်ထိ အလွန် တုံးအညံ့ဖျင်းခဲ့ပါသည်။

အစကတည်းက ခန္ဓာကိုယ်အားနည်းနေတဲ့ သို့ထျန်းယီက ဝမ်ကျင့်ဖျင် တွန်းတာ ခံရပြီးနောက်မှာ ညစ်ပတ်ပေရေနေသော ပန်းခြံမြက်ခင်းပေါ်တွင် လဲကျသွားပြီး တော်တော်နှင့် ပြန်မထနိုင်တော့ပေ။

လီယွဲ့ရဲ့ အကူအညီဖြင့် ဝှီးချဲပေါ်ကို ခက်ခက်ခဲခဲ ပြန်တက်ပြီးတဲ့နောက် သူ့မျက်လုံးတွေက ဒေါသကြောင့် ရဲရဲနီနေခဲ့သည်။ သူ့မျက်လုံးထဲမှာ အမှုန်အမွှား အသေးအဖွဲလေးသာ ဖြစ်တဲ့ မိန်းမတစ်ယောက်ဆီမှာ လှည့်စားခံရတာက သူ့ကို အလုံးစုံ အရှက်ခွဲလိုက်ခြင်းပဲ ဖြစ်သည်။

လက်ရှိ ဖြစ်နေတဲ့ ပြဿနာတွေကို အခြေတည်တဲ့ ဒေါသတွေကလည်း အထွဋ်အထိပ်ကို ပေါင်းစုံမြင့်တက်သွားကာ သူ့အား လီယွဲ့ရဲ့ လက်ထဲက သေနတ်ကို ဆွဲယူ၍ ဝမ်ကျင့်ဖျင်ကို တုံ့ဆိုင်းမှုမရှိ ချိန်ရွယ်စေခဲ့လေသည်။

“ ဒိုင်း … ”

ဝမ်ကျင့်ဖျင်ရဲ့ ရင်ဘတ်နှင့် နောက်ကျောကနေ သွေးစိမ်းရှင်ရှင် ပန်းထွက်လာသည်။ သူမကို သတ်လိုက်သော လူသတ်သမားကို ပြူးကျယ်သော မျက်လုံးများဖြင့် နောက်ဆုံးအကြိမ် လှည့်ကြည့်ချင်သော်လည်း အရှိန်နှင့် ထွက်ပြေးနေတာမို့ နောက်လှည့်မကြည့်နိုင်ခင်မှာပဲ မြေပြင်ပေါ်ကို လဲကျသွားခဲ့သည်။ မျက်လုံးတွေ ပြူးကျယ်လျက်ပင် သူမ သေသွားခဲ့ပါသည်။

ဝမ်ကျင့်ဖျင် သေဆုံးသွားသည့် အခိုက်အတန့်မှာပဲ ခန္ဓာကိုယ်ထဲမှာ မနည်း အနိုင်နိုင် ဆွဲဆန့်ထားရတဲ့ သို့ထျန်းယီရဲ့ အသက်ကလည်း ချက်ချင်း စုပ်ထုတ်ခံလိုက်ရပုံပေါ်သည်။ တစ်စုံတစ်ခုက သူ့လည်မျိုကို ညှစ်ထားသလိုမျိုး ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး မျက်လုံးတွေ ပြူးကျယ်ထွက်လာခဲ့သည်။

ခဏအကြာမှာတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံး အားအင်ချည့်နဲ့ကာ သတိလစ်သွားခဲ့သည်။

စုယန်ယန်သည် ဖြစ်စဉ် အစအဆုံးကို သိရှိသွားသောအခါ အနည်းငယ် ဝမ်းနည်းသွားမိသည်။ မူရင်းဝတ္ထုထဲက အချစ်ဇာတ်လမ်းနှင့် ယှဉ်လျှင် ဒီကမ္ဘာမှာ အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်က တစ်ယောက်ကို တစ်ယောက် အသုံးပြုနေရုံသက်သက်ပဲဟု ပြောလို့ ရသည်။

အကျိုးအမြတ်တွေ ရှိလျှင် ပူးပေါင်းဆောင်ရွက်မည်။ အကျိုးအမြတ်တွေ မရှိလျှင်တော့ ခွာပြဲမည်။ သူတို့နှစ်ယောက်ကို ဒီလို ဆိုးဝါးတဲ့ ဇာတ်သိမ်းမျိုးနှင့် ဇာတ်သိမ်းသွားလိမ့်မည်ဟု သူမ မထင်ခဲ့ပါ။

စုယန်ယန်ရဲ့ ပင့်သက်ရှိုက်ခြင်း ပြီးဆုံးသည်အထိ စောင့်မနေဘဲ အောင်မြင်မှုအဆင့်ကို ညွှန်ပြသည့် ရွှေရောင်မြားတံလေးက ပြည့်သွားသည်။ တစ်ဆက်တည်းမှာပဲ ရင်းနှီးနေတဲ့ စနစ်ရဲ့ စက်ရုပ်သံလေးကိုလည်း ကြားရသည်။

[ စုယန်ယန်နဲ့ ဟောက်ချန်ဟွမ်းတို့ကို ကမ္ဘာ့အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်အဖြစ် အစားထိုးကြောင်း အတည်ပြုပါတယ်။ Host နဲ့ Host ရဲ့ လက်တွဲဖော်ကို ကမ္ဘာ့စည်းမျဉ်းတွေကို မလွဲမသွေ လိုက်နာပြီး ကမ္ဘာကြီးကို အန္တရာယ်ဖြစ်အောင် မလုပ်ဖို့ ၊ ကမ္ဘာကြီးရဲ့ ကံကြမ္မာကို အမြော်အမြင်ရှိရှိ အသုံးပြုဖို့ တောင်းဆိုပါတယ်။ စနစ် 001 ရဲ့ လုပ်ငန်းစဉ်က ပြီးဆုံးသွားပြီမို့ Host ဆီကနေ တစ်မိနစ်အတွင်း ထွက်သွားတော့ပါ့မယ်။ ကျေးဇူးပြုပြီး ပြင်ဆင်ထားပေးပါ Host ။ အချိန်ရေတွက်မှု စတင်ပါပြီ … ]

စုယန်ယန်သည် စက္ကန့်ပိုင်းလောက် ဆွံ့အနေပြီးမှ “ နင် ထွက်သွားတော့မှာလား။ ” ဟု မေးလိုက်သည်။

All Chapters