← Chapters

အခန်း ၁၁၁၉

Vol. 75 Ch. 1119

အခန်း ၁၁၁၉

Vol. 75 Ch. 1119

အခန်း ( ၁၁၁၉ ) သူက အဲ့လို ဖြစ်စေချင်နေတာပါ။

စုယန်ယန် ပြန်နိုးလာသောအခါ အချိန်က နောက်တစ်နေ့ နေ့ခင်းတောင် ရောက်နေပြီ ဖြစ်သည်။ မနေ့တုန်းက ကိစ္စတွေ အများကြီး ဖြစ်ပျက်သွား၍ သူမရဲ့ ကျောပြင် နာကျင်နေရုံသာမက ငူငူငိုင်ငိုင် ဖြစ်နေမိသည်။ မနေ့တုန်းက အိမ်ကို ဘယ်လို ပြန်ရောက်လာတာလဲ ဆိုတာကိုတောင် သူမ မေ့လျော့သွားခဲ့သည်။

သူမ အောက်ထပ်ကို ငူငူငိုင်ငိုင် ဆင်းလာတော့ ချန်ရှို့ချင် ၊ လင်းရှောင်ချီးနှင့် တခြားလူတွေ လူစုံတက်စုံ ရောက်နေတာကို တွေ့လိုက်ရ၏။ စုယန်ယန်သည် အဲ့ဒီတော့မှပဲ ထိတ်လန့်သွားကာ အပြည့်အဝ သတိကပ်သွားခဲ့သည်။

“ အဖေ … အမေ … အစ်ကို … ရှောင်ချီး … ၊ ဘာလို့ အကုန်လုံး ရောက်နေကြတာလဲ။ ”

“ နင်က အဲ့ဒါကို မေးနေသေးတာလား။ ” စုယန်ယန်ကို အရင်ဆုံး နှုတ်ဆက်သူက ချန်ရှို့ချင် ဖြစ်ကာ သူမက စုယန်ယန်ရဲ့ လက်ကို ဆုပ်ကိုင်သည်။ “ အဲ့လို ကိစ္စကြီးကို နင်တို့အားလုံးက ငါတို့ မသိအောင် ဖုံးကွယ်ထားတယ်ပေါ့လေ။ ငါသာ မနေ့တုန်းက အင်တာနက်ပေါ်က တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို မတွေ့ခဲ့ရင် … ”

ချန်ရှို့ချင်သည် ထိုစကားကို ပြောနေချိန်ထိ ကြောက်ရွံ့စိုးရိမ်မှုက သူမရဲ့ ရင်ထဲမှာ မွှေနှောက်နေဆဲ ဖြစ်သည်။ မနေ့တုန်းက အင်တာနက်ပေါ်က တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို မြင်ချိန်မှာ သူမတို့လင်မယား ဘယ်လောက်တောင် ထိတ်လန့်သွားလဲ ဆိုတာ ဘုရားပဲ သိသည်။

ကြယ်လေးနှင့် စုယန်ယန် ဘာမှ မဖြစ်လို့ တော်သေးသည်။ မဟုတ်ရင် သူမ ဘာလုပ်လို့ လုပ်ရမှန်း သိမှာ မဟုတ်ပါ။

ဒီကိစ္စကို ဖုံးကွယ်ထားချင်ခဲ့တဲ့ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံး အပြစ်မကင်း ခံစားလိုက်ရ၍ ဘာမှ ပြန်မပြောရဲတော့ဘဲ နှာခေါင်းပွတ်နေမိသည်။

အထူးသဖြင့် စုယွီရွှမ်းပဲ ဖြစ်သည်။ မနေ့တုန်းက စုယန်ယန် အိမ်ပြန်ရောက်တော့ မောပန်းနွမ်းနယ်စွာ အိပ်ပျော်နေခဲ့ပြီ ဖြစ်ပြီး ဟောက်ချန်ဟွမ်းက သူမကို အိမ်ထဲကို ပွေ့ခေါ်သွားခဲ့ရသည်။

ချန်ရှို့ချင်တိုလင်မယားက သူတို့သမီးကို ဟောက်ချန်ဟွမ်း ပွေ့ခေါ်လာတာကို မြင်ချိန်မှာ ခြေထောက်တွေ ပျော့ခွေယိုင်ကျပြီး သတိလစ်တော့မလိုတောင် ဖြစ်သွားခဲ့သည်။

ကံကောင်းစွာဖြင့် ဟောက်ချန်ဟွမ်းက သူတို့ကို စုယန်ယန်ရော ကလေးရော ဘာမှ မထိခိုက်ကြောင်း ၊ အရမ်း ပင်ပန်းပြီး အိပ်ပျော်သွားခြင်းသာ ဖြစ်ကြောင်း အလျင်အမြန် ရှင်းပြခဲ့သည်။

ထိုအခါမှ ချန်ရှို့ချင်တို့လင်မယားလည်း ပြိုလဲတော့မလို ဖြစ်နေရာကနေ သူတို့ကိုယ်သူတို့ ပြန်ဆွဲထူခဲ့ရသည်။ အတက်အကျတွေကို ကြုံတွေ့ပြီးနောက် အိမ်မပြန်ချင်တော့၍ ဟောက်အိမ်တော်မှာ တစ်ည နေပြီး စုယန်ယန် နိုးလာမယ့် အချိန်ကို ထိုင်စောင့်နေခဲ့ကြသည်။

သူတို့သုံးယောက် တစ်ညလုံးလည်း ကောင်းကောင်း အိပ်မပျော်ခဲ့ပါ။ သူတို့ အိပ်ရာနိုးတော့ ထိုကိစ္စကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တဲ့ စုယွီရွှမ်းက သူ့မိဘတွေ စာရင်းရှင်းမှာကို စောင့်နေခဲ့သည်။ စုယန်ယန် အောက်ထပ်ကို ဆင်းမလာခင်တုန်းက သူ အကြာကြီး ဆူပူကြိမ်းမောင်းခံရပြီးပါပြီ။

စုယန်ယန်က ချန်ရှို့ချင်ရဲ့ စကားကို ကြားသောအခါ အခြေအနေကို နားလည်သွားပြီး ဟောက်ချန်ဟွမ်းဘက်က အမြန် ရပ်တည်ပြောဆိုပေးလိုက်သည်။ “ ဟောက်ချန်ဟွမ်းနဲ့ ကျန်တဲ့ လူတွေ ဒီကိစ္စကို အမေ့တို့ကို မပြောတာက သူတို့အမှားပါ။ ဒါပေမဲ့ ဒီကိစ္စက အစကတည်းက ကြောက်စရာကောင်းတယ် အမေ။ သူတို့က အမေတို့ကို ထိတ်လန့်အောင် လုပ်မိသလို ဖြစ်မှာ စိုးလို့ မပြောရဲခဲ့တာပါ။ ကျေးဇူးပြုပြီး သူတို့ကို ခွင့်လွှတ်ပေးလိုက်ပါနော် အမေ။ ”

ချန်ရှို့ချင်တို့လင်မယားက အစတုန်းက အမှန်တကယ်ပင် ဒေါသထွက်နေခဲ့သော်လည်း ဟောက်ချန်ဟွမ်းက သူ့အသက်ကို ရင်းကာ ရန်သူ့စခန်းထိ သွားပြီး သူတို့သမီးကို ကယ်တင်ပေးခဲ့တာမို့ ဒေါသ အများစု ပြေပျောက်သွားကာ အနည်မထိုင်သေးသော စိုးရိမ်စိတ်နှင့် ဝမ်းသာမှုသာ ကျန်ရစ်ခဲ့သည်။

အခု သူတို့ ထိုအကြောင်းကို ပြောတာက ဒီလို ကိစ္စကြီးကို မိဘတွေ ဖြစ်တဲ့ သူတို့ကို မပြောဘဲ ဖယ်ချန်ထားခဲ့တဲ့အတွက် ဒေါသထွက်လို့သာပင်။ သူတို့က တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းထဲက ပရိသတ်တွေလောက်တောင် နေရာမရဘဲ နောက်ဆုံးမှ သိရှိခဲ့ရသည်။

ချန်ရှို့ချင်က သားမက်ဖြစ်သူကို အသည်းအသန် ကာကွယ်ပေးနေတဲ့ သူမသမီးကို မျက်စောင်းထိုးလိုက်သည်။ “ ဒီတစ်ခေါက်တော့ ထားလိုက်တော့။ နောက်တစ်ခေါက် ဒါမျိုး ထပ်ဖြစ်ရင် ငါ ကြယ်လေးကို အိမ်ခေါ်သွားပြီး မွေးစားပစ်လိုက်မယ်။ နင် သူ့ကို စိုးရိမ်ပူပန်မှာလား ဆိုတာ ကြည့်ရသေးတာပါ့။ ”

စုယန်ယန်က လိမ်ဆွဲခံရ၍ နာကျင်သွားတဲ့ သူမရဲ့ မျက်နှာလေးကို ပွတ်ရင်း ခပ်တိုးတိုး ရယ်မောလိုက်သည်။ “ သမီးကတော့ သေချာပေါက် စိုးရိမ်ပူပန်မှာပေါ့။ ဒါပေမဲ့ တစ်ယောက်ယောက်ကတော့ သိပ်မသေချာဘူး။ ဘယ်သူ သိမှာလဲ … သူက အဲ့လိုတောင် ဖြစ်ရင် ဖြစ်စေချင်နေလောက်တယ်။ ”

“ ဘာ … ” ချန်ရှို့ချင်က စုယန်ယန်ရဲ့ နောက်ဆက်တွဲ စကားကို သေချာ မကြားလိုက်၍ မျက်မှောင်ကြုတ်‌ကာ မေးလိုက်သည်။

“ ဘာမှ မဟုတ်ပါဘူး။ သမီး ပြောချင်တာက အမေက ဒီလို ပြောနေပြီမို့လို့ သမီးတို့ နောက်ဆို ဒီလိုမျိုး ထပ်မလုပ်ရဲတော့ဘူးလို့ပါ။ ”

“ အဲ့လိုမှပေါ့။ ” ချန်ရှို့ချင်က နှာခေါင်းရှုံ့လိုက်ကာ ထိုအကြောင်းကို ဆက်မပြောတော့ပေ။

စုယန်ယန်က စိတ်သက်သာရာရသွားသော သက်ပြင်းလေးကို မှုတ်ထုတ်ပြီး ဟောက်ချန်ဟွမ်းဘက်ကို လှည့်ကြည့်လိုက်လျှင် သူကလည်း သူမကို ကြည့်နေပါသည်။

စုယန်ယန် ဆွံ့အသွားသည်။ မနေ့တုန်းက အဖြစ်အပျက်တွေအကြောင်း ပြန်တွေးမိသောအခါ သူမရဲ့ နှလုံးသားထဲမှာလည်း တုန်လှုပ်သွားသည်။

All Chapters