အခန်း ၁၁၂၀
Vol. 75 Ch. 1120
အခန်း ( ၁၁၂၀ ) အရာအားလုံး ပြီးဆုံးသွားပါပြီ။
သူတို့နှစ်ယောက် စက္ကန့်ပိုင်းလောက် အကြည့်ချင်း ဖလှယ်တာကို လူကြီးတွေ သတိမထားမိလိုက်ပါ။ လူကြီးမင်းစုက သူ့ဇနီးရဲ့ သူ့ကို စိစစ်မေးမြန်းခြင်း ပြီးဆုံးသောအခါ နောက်ထပ် အရေးကြီး ကိစ္စတစ်ခုကို စုယန်ယန်အား ပြောပြလိုက်သည်။
“ ကိစ္စတွေ အားလုံး ပြေလည်သွားပြီ ဆိုတော့ နင့်ဦးလေးနဲ့ အဘိုးကို ခဏနေရင် အကျိုးအကြောင်း လှမ်းပြောလိုက်ဦး။ သူတို့လည်း နင့်ကို အရမ်း စိတ်ပူနေကြတာ။ ”
“ အဘိုးနဲ့ ဦးလေးလည်း ဒီကိစ္စကို သိနေတာလား။ ”
“ ဒီကိစ္စက တော်တော်လေး ပွဲဆူသွားတာလေ။ မသိဘဲ နေမလား။ ငါကတော့ သူတို့ ငြိမ်ငြိမ် မနေနိုင်တော့ဘဲနဲ့ နင်နဲ့ ကြယ်လေးကို နှစ်ရက်အတွင်း လာတွေ့မယ်လို့ ခံစားနေရတယ်။ ” စုယွီရွှမ်းက ထိုသို့ ပြောရင်း တခြား အတွေးတစ်ခုကို တွေးမိသွားပုံဖြင့် ချောင်းဟန့်လိုက်သည်။ “ ပြီးတော့ နင့်ရဲ့ အင်တာနက်ပေါ်က ပရိသတ်တွေကို နင် ဘေးကင်းကြောင်း သွားပြောလိုက်တာ ကောင်းမယ်။ မနေ့တုန်းက နင့်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုက ရုတ်တရက် ပြတ်တောက်သွားပြီး ရဲစခန်းကလည်း အခြေအနေကို အခုထိ မရှင်းပြနိုင်သေးဘူး။ နင့်ပရိသတ်တွေက အရမ်း အစိုးရိမ်လွန်နေကြပြီ။ ”
“ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုက ရုတ်တရက် ပြတ်တောက်သွားတယ် … ” စုယန်ယန်က စုယွီရွှမ်းရဲ့ စကားကို ကြားတော့ အံ့ဩသွားသည်။ “ မနေ့တုန်းက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုက ပြတ်တောက်သွားလား။ ဘယ်အချိန်မှာလဲ။ ”
“ ဟိုအမျိုးသမီး စိတ်ရူးပေါက်ပြီး နင်နဲ့ ကြယ်လေးကို ခုန်အုပ်တဲ့ အချိန်တုန်းကလေ။ ”
တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို အဲ့ဒီလောက် စောစောစီးစီး ပြတ်တောက်သွားလိမ့်မည်ဟု စုယန်ယန် မျှော်လင့်မထားပါ။ ဒါပေမဲ့ အစကတည်းက သူမ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ရတဲ့ ရည်ရွယ်ချက်က သို့ထျန်းယီနှင့် ကျန်လူတွေရဲ့ သရုပ်မှန်ကို ဖော်ထုတ်ရင်း သူမရဲ့ တည်နေရာကို ဟောက်ချန်ဟွမ်းတို့အား သိစေချင်တာ ဖြစ်သည်။
ထိုအချိန်မှာ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ပြတ်တောက်သွားက သက်ရောက်မှု သိပ်မရှိပါ။
သို့သော် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို အစအဆုံး ကြည့်နေတဲ့ ပရိသတ်တွေအတွက်တော့ အဲ့ဒီလို ရုတ်တရက် ပြတ်တောက်သွားက ဇာတ်လမ်းတွဲရဲ့ ဇာတ်ရှိန်အမြင့်ဆုံး နေရာကို ရောက်နေချိန်မှာ “ ကျေးဇူးပြုပြီး နောက်တစ်ပိုင်းကို ဆက်လက် စောင့်မျှော်ပေးပါ ” ဆိုတဲ့ စာတန်း ပေါ်လာသလိုပါပဲ။ သူတို့ ဒေါသလည်းထွက် ၊ စိတ်လည်း စိတ်ပူသွားခဲ့ကြသည်။
ထိုအချိန်မှာ သူမကတော့ ပရိသတ်တွေ အရေးပေါ် ပေးအပ်ခဲ့တဲ့ နှစ်လိုမှုရမှတ်တွေကြောင့် လွတ်မြောက်လာခဲ့သည်။ စုယွီရွှမ်းရဲ့ သတိမပေးလည်း သူမက ဒီကယ်တင်ရှင်လေးတွေကို ကျေးဇူးဆပ်ဖို့ အစကတည်းက တွေးထားပြီးသား ဖြစ်သည်။
“ ညီမ သိပါတယ်။ ခဏနေရင် ဦးလေးနဲ့ အဘိုးကို အကျိုးအကြောင်း လှမ်းပြောပြီးတာနဲ့ သူတို့ကို ညီမ ဘေးကင်းကြောင်း အသိပေးလိုက်ပါ့မယ်။ ” စုယန်ယန်က ဟောက်ချန်ဟွမ်းကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။ “ ဦးလေး ဘယ်မှာလဲ။ ဘာလို့ ကျွန်မ သူ့ကို မတွေ့တာလဲ။ ”
“ သူ နောက်ဆက်တွဲ ကိစ္စတွေကို သွားဖြေရှင်းနေတယ်။ ” ဟောက်ချန်ဟွမ်းက ခဏ စကားရပ်သွားသော်လည်း စုယန်ယန်မှာ ဒီကိစ္စကို သိပိုင်ခွင့်ရှိသည်ဟု ခံစားရပါသည်။
“ ဝမ်ကျင့်ဖျင် သေသွားပြီ။ ကိုယ့်ကို အဲ့ဒီတုန်းက သတ်ဖို့ ကြိုးစားတဲ့ လူလည်း သေသွားပြီ။ တခြားလူတွေကလည်း သေတဲ့လူကသေ ၊ ဒဏ်ရာရတဲ့လူက ဒဏ်ရာရနဲ့ အားလုံး ထောင်ထဲ ရောက်သွားပြီ။ သို့ထျန်းယီရဲ့ အခြေအနေကလည်း ပြန်ဆိုးလာလို့ အရေးပေါ်ခန်း ဝင်နေရတယ်။ သူ ဒီတစ်ခေါက်တော့ ပြန်ထွက်လာနိုင်မယ့် အခွင့်အရေးရှိလိမ့်မယ်လို့ ကိုယ် မထင်ဘူး။ ”
စုယန်ယန်က ဒီအဖြစ်အပျက် အများစုကို ကြိုတင်ခန့်မှန်းပြီးသားမို့ အခုလို ကြားလိုက်ရချိန်မှာ အံ့ဩစရာမရှိပေ။
သူမ ပိုစိတ်ပူတဲ့ အရာက …
“ အဲ့ဒီလူတွေကို ဖမ်းမိပြီလား။ ”
ဟောက်ချန်ဟွမ်း အံ့ဩသွားသည်။ စုယန်ယန်က မနေ့တုန်းက အပန်းဖြေစံအိမ်မှာ ရှိတဲ့ လူတွေကိုပဲ ပြောနေတာ မဟုတ်ဘဲ ကျန်းချန့်ယန် ခြေရာခံနေတဲ့ တစ်ဖွဲ့လုံးကို ပြောနေတာကို သူ သိသည်။
“ အင်း … သူတို့အားလုံး ဖမ်းမိသွားပါပြီ။ ဒီတစ်ခေါက်တော့ တစ်ယောက်မှ မလွတ်ဘူး။ ”
နောက်ဆုံးတော့ စုယန်ယန်က စိတ်သက်သာရသွားသော သက်ပြင်းမောလေးကို မှုတ်ထုတ်ကာ အေးချမ်းစွာ ပြုံးလိုက်သည်။
“ ကောင်းကင်ဘုံမှာ သူတို့ရဲ့ ဝိညာဉ်တွေ ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်မှာပါ။ ဦးလေးလည်း အခုတော့ လွတ်လပ်သွားပြီ။ ”
ဟောက်ချန်ဟွမ်းက ခေါင်းငုံ့ပြီး စုယန်ယန်ရဲ့ လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။ “ အင်း။ ”
စုယန်ယန်နှင့် ကလေးရဲ့ လုံခြုံရေးကို အတည်ပြုပြီးတော့မှပဲ လူကြီးနှစ်ယောက်လည်း စိတ်သက်သာရာသွားကာ တစ်ညလုံး ချိုးနှိမ်ခဲ့ရတဲ့ အိပ်ချင်စိတ်က သူတို့ထံ ဝင်ရောက်လာ၍ အနားယူဖို့ အိမ်ပြန်သွားကြသည်။
သူတို့ ပြန်သွားသည်နှင့် စုယန်ယန်က ကြယ်လေးကို အရင်ဆုံး သွားစစ်ဆေးလိုက်သည်။ ကလေးလေး အိပ်ပျော်နေဆဲ ဆိုတာကို မြင်တော့မှ အဘိုးချန်အား ဗီဒီယိုကောလ်ခေါ်ကာ အရာအားလုံး အဆင်ပြေကြောင်း ၊ သူမတို့သားအမိ ဘေးကင်းကြောင်း ပြောပြလိုက်သည်။
တကယ်တော့ မနေ့တုန်းက စုယန်ယန် အိမ်ပြန်ရောက်ကတည်းက ချင်ရွှယ်ရူနှင့် ချန်ကျွင်းဟောက်သည် ချန်ရှို့ချင်ထံမှ အကြောင်းစုံ သိပြီးသား ဖြစ်သည်။ ဒါပေမဲ့ စုယန်ယန်ကို မျက်မြင်ကိုယ်တွေ့ မတွေ့ရတဲ့အတွက် စိတ်မသက်မသာဖြစ်တဲ့ ခံစားချက်က မပျောက်။
အခု သူတို့မျက်စိရှေ့မှာ လူအကောင်လိုက်ကို သက်ရှိထင်ရှား တွေ့ရတော့မှ စိတ်အေးသွားကြသည်။ သူတို့က စုယန်ယန်အား ရိုးရိုးရှင်းရှင်း သတိပေးစကား တချို့နှင့် နောက်နှစ်ရက်အတွင်း သူမဆီ လာလည်မည် ဖြစ်ကြောင်း ပြောကာ ဖုန်းချသွားသည်။
စုယန်ယန်က ဖုန်းပြောပြီးတော့ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ ခဏလောက် တုံ့ဆိုင်းနေပြီးနောက် ပြင်ဆင်ထားတာ ကြာခဲ့ပြီ ဖြစ်သော ကင်မရာလေးကို ဖွင့်လိုက်ပါတော့သည်။