← Chapters

အခန်း ၁၁၂၁

Vol. 75 Ch. 1121

အခန်း ၁၁၂၁

Vol. 75 Ch. 1121

အခန်း ( ၁၁၂၁ ) တုန်ချမ်းရဲ့ ဘော့စ်။

စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းထဲက ပရိသတ်တွေက မနေ့တုန်းက ရုတ်တရက် ထုတ်လွှင့်မှုပြတ်တောက်သွားခြင်းကြောင့် စိုးရိမ်ပူပန်လို့ မဆုံးနိုင်အောင် ရှိနေဆဲပင်။ သူတို့က နေရာအနှံ့ ပြေးလွှားကာ စုယန်ယန်တို့သားအမိရဲ့ လုံခြုံရေးကို အတည်ပြုနိုင်ဖို့အတွက် မီဒီယာအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေထဲက သဲလွန်စတွေကို ရှာဖွေဖို့ ကြိုးစားနေခဲ့ကြသည်။

တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု စတင်သည့် သတိပေးချက် အသံကို ကြားလိုက်ရချိန်မှာ လူများစွာက သူတို့ပဲ နားကြားမှားတာလားဟု ထင်မှတ်လုနီးပါး ဖြစ်သွားခဲ့လေသည်။

ကနဦး ထိတ်လန့်မှုအပြီးမှာတော့ လူတွေ အများကြီးက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲကို တစ်ချိန်တည်းမှာ ပြေးဝင်လာခဲ့ကြသည်။ အချိန်ခဏအတွင်းမှာပဲ စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းထဲက ကြည့်ရှုသူ အရေအတွက်ဟာ ဝက်ဘ်ဆိုဒ်ရဲ့ ထိပ်ဆုံးကို ရောက်သွားခဲ့သည်။

[ တင်ဆက်သူလား။ တကယ်ပဲ တင်ဆက်သူလား။ တင်ဆက်သူနဲ့ ကလေး အဆင်ပြေရဲ့လား။ မနေ့တုန်းက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုက အရမ်း ဒေါသထွက်စရာကောင်းတယ်။ အရေးပေါ် အခြေအနေမှာမှ ပြတ်ကျသွားလို့ ငါ တစ်ညလုံး ကောင်းကောင်း အိပ်မပျော်ဘူး။ တင်ဆက်သူနဲ့ ကလေးရဲ့ လုံခြုံရေးအတွက် ငါ စိတ်ပူနေခဲ့တာ။ တင်ဆက်သူ ဘာမှ မဖြစ်လို့ တော်သေးတာပေါ့။ ]

[ တင်ဆက်သူလား။ ဘုရားရေ … တကယ်ပဲ တင်ဆက်သူပဲ။ တင်ဆက်သူ ပြန်လာပြီ။ တင်ဆက်သူ ဘာမှ မဖြစ်လို့ တော်သေးတယ် … တင်ဆက်သူ ဘာမှ မဖြစ်လို့ တော်သေးတယ်။ မနေ့တုန်းက တင်ဆက်သူကို စိုးရိမ်လို့ သေတော့မလားပဲ။ ကမ္ဘာပေါ်မှာ ဘယ်လိုလုပ်ပြီး အဲ့လောက်တောင် ရူးသွပ်တဲ့ လူမျိုး ရှိနေရတာလဲ။ သူတို့အားလုံးကို ထောင်ထဲ ထည့်ထားပြီး ဘယ်တော့မှ ပြန်လွှတ်မပေးသင့်ဘူး။ ]

စုယန်ယန်က “ တင်ဆက်သူ ဘာမှ မဖြစ်လို့ တော်သေးတယ် ” ဟူသော ကွန်းမန့်တွေ ပြည့်နှက်နေသည့် ဖန်သားပြင်ကို ကြည့်ကာ နှလုံးသားထဲမှာ အနည်းငယ် နွေးသွားသည်။

သူမ ဒီတစ်ခေါက် အောင်မြင်စွာ လွတ်မြောက်လာပုံကို ပြန်တွေးမိလျှင် ဒီချစ်စရာ ပရိသတ်လေးတွေကို ကျေးဇူးမတင်ဘဲ မနေနိုင်ပါ။

“ စိတ်ပူပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ ဘာမှ မဖြစ်ပါဘူး။ အားလုံးရဲ့ အကူအညီကြောင့် ကယ်ဆယ်ရေးအဖွဲ့က အချိန်မီ ရောက်လာတယ်။ ကလေးရော ၊ ကျွန်မရော အဆင်ပြေပါတယ်။ လူဆိုးတွေကိုလည်း ဖမ်းမိသွားပါပြီ။ ”

ကာယကံရှင်ထံမှ အတည်ပြုချက်ကို ရသွားတာကြောင့် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းထဲက လူများစွာက စိတ်သက်သာရာရသွားသော သက်ပြင်းမောလေးတွေကို ချလိုက်ကြသည်။

[ တင်ဆက်သူတို့သားအမိ ဘာမှ မဖြစ်လို့ တော်သေးတယ်။ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ကြည့်နေတဲ့ အချိန်ကတည်းက အဲ့ဒီလူတွေက လူကောင်း မဟုတ်တာကို သိပေမဲ့ ဒီနေ့မနက် တရားဝင် အစီရင်ခံစာကို မြင်တော့ ငါတို့ ထိတ်လန့်သွားတယ်။ တင်ဆက်သူနဲ့ ကလေး ဘေးမသီ ရန်မခဘဲ အိမ်ပြန်ရောက်လာတာနဲ့တင် အရမ်း ကံကောင်းနေပြီ။ မုန်တိုင်းပြီးရင် လေပြည် ဆိုတာ လာစမြဲပါ။ အနာဂတ်မှာ တင်ဆက်သူတို့သားအမိ ကျန်းမာပျော်ရွှင်ရလိမ့်မယ်လို့ ယုံကြည်တယ်။ ]

မီဒီယာတွေရဲ့ အစီရင်ခံစာတွေထဲမှာ နာမည်တပ်မထားသော်လည်း အခြေအနေကို အာရုံစိုက်ထားသူတွေကတော့ အစီရင်ခံစာထဲက သဲလွန်စတွေနှင့် သူတို့ မြင်ထား ၊ ကြားထားသော အကြောင်းအရာတွေကို ဆက်စပ်နိုင်သည်။

ဒီတစ်ခေါက် စုယန်ယန်ရဲ့ အဖြစ်အပျက်က တောမီးပမာ သတင်းပျံ့နှံ့သွားခဲ့သည်။ သူတို့သာ အချိန်မီ မတုံ့ပြန်နိုင်ရင် ဆူပူအုံကြွမှုတွေ သေချာပေါက် အလွယ်တကူ ဖြစ်ပေါ်လာမှာပါ။

ထို့ကြောင့် ဒီနေ့ မနက်စောစောတုန်းက အမာရွတ်နှင့်လူနှင့် တခြားလူတွေရဲ့ သရုပ်မှန်ကို ဖော်ထုတ်ထားတဲ့ အစီရင်ခံစာ ထွက်လာခဲ့ကာ ထိုလူတွေက နိုင်ငံခြားကနေ မှောင်ခိုဝင်ရောက်လာတဲ့ ဒုစရိုက်သမားအဖွဲ့ ဖြစ်ကြောင်း အတည်ပြုထားသည်။ ထိုလူတွေရဲ့ လုပ်ရပ်တွေက အလွန် ရက်စက်ပြီး အန္တရာယ်များသော်လည်း ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် တစ်ယောက်မကျန် ဖမ်းဆီးနိုင်ခဲ့တာမို့ အများပြည်သူရဲ့ လုံခြုံရေးအတွက် စိတ်ပူစရာ မလိုတော့ပါဘူးဟု ဆိုထားသည်။

နစ်နာသူ စုယန်ယန်ရဲ့ သရုပ်မှန်က ထိရှလွယ်တာမို့ ဒီကိစ္စကြောင့် သူမဆီ အာရုံစိုက်မှုတွေ အများကြီး ကျရောက်လာပြီး တခြား အန္တရာယ်တွေကိုပါ လက်ယပ်ခေါ်သလို ဖြစ်သွားမှာ စိုး၍ စုယန်ယန်ရဲ့ အကြောင်းကိုတော့ သိပ်ပြောမထားပေ။

စုယန်ယန်ရဲ့ ပရိသတ်တွေက အစီရင်ခံစာကို ဖတ်ပြီးနောက် စိတ်အေးသွားရမည့်အစား စုယန်ယန်တို့သားအမိရဲ့ လက်ရှိ အခြေအနေကို ပိုလို့တောင် စိုးရိမ်စိတ်ဝင်သွားခဲ့ကြသည်။

သူတို့ရဲ့ တင်းမာနေသော ခံစားချက်တွေ ပြေလျော့သွားသောအခါ သဘာဝကျစွာပဲ စုယန်ယန်ရဲ့ သရုပ်မှန်ကဲ့သို့ တခြား အရာတွေအကြောင်း အာရုံရောက်သွားခဲ့သည်။

[ ဒါဆို တကယ်တော့ တင်ဆက်သူက တုန်ချမ်း အန်တာတိန်းမန့်ရဲ့ ဘော့စ်ပေါ့နော်။ ကုမ္ပဏီက အနုပညာရှင်တွေထက်တောင် နာမည်ကြီးတဲ့ တုန်ချမ်းရဲ့ ဘော့စ် ဆိုတာလေ။ ]

“ ခွီး … ” စုယန်ယန်သည် ထိုကွန်းမန့်ကို မြင်သည်နှင့် တံထွေးသီးတော့မလို ဖြစ်သွားသည်။ ကုမ္ပဏီက အနုပညာရှင်တွေထက်တောင် နာမည်ကြီးတဲ့ ဘော့စ်တဲ့လား …. ။ ဒီကောလဟာလက ဘယ်က ထွက်လာတာလဲ … ။

“ တုန်ချမ်း ဆိုတဲ့ နာမည်နဲ့ တခြား အန်တာတိန်းမန့်ကုမ္ပဏီ တစ်ခု မရှိဘူး ဆိုရင်တော့ ကျွန်မက အဲ့ဒီတစ်ယောက်ပါပဲ။ ”

[ တကယ် ဟုတ်နေတာပဲ။ အဲ့ဒီ အတင်းအဖျင်းပြောတဲ့ အကောင့်တွေက သူတို့ ဘယ်လောက်ပဲ ကြိုးစားပါစေ ၊ တင်ဆက်သူရဲ့ သရုပ်မှန်ကို မစုံစမ်းနိုင်ခဲ့တာ အံ့ဩစရာ မရှိဘူး။ တင်ဆက်သူက တစ်ချိန်လုံး သူတို့မျက်လုံးရှေ့မှာ ရှိနေခဲ့တာပဲ။ ]

All Chapters