အခန်း ၁၁၂၂
Vol. 75 Ch. 1122
အခန်း ( ၁၁၂၂ ) ချီးကျူးမှုများ ဝေဝေဆာဆာ။
[ သူတို့ မပြောနဲ့ … ငါတို့တောင် တင်ဆက်သူကို မမှတ်မိဘူး မဟုတ်လား။ သေချာ ပြန်တွေးကြည့်တော့မှ အရင်တုန်းက တင်ဆက်သူက မယားငယ်တစ်ယောက်ကို ကောင်းကောင်း ပညာပေးခဲ့တယ် ဆိုတဲ့ အတင်းအဖျင်းကို ငါ ကြားဖူးတယ်။ အဲ့အချိန်တုန်းက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲက အသံက ငါ တစ်နေရာရာမှ ကြားဖူးနေသလိုမျိုး ရှင်းပြလို့ မရလောက်အောင် ရင်းနှီးနေခဲ့တာ။ ငါ့မှာ အမှန်တရားကို စုံစမ်းနိုင်တဲ့ စိတ်နှလုံး မရှိတာ နှမြောစရာပဲ။ အခု ပြန်တွေးရင်းနဲ့မှ သန်း ( ၁၀၀ ) ကို လွတ်သွားသလို ခံစားလိုက်ရပြီ။ ]
လူ တော်တော်များများမှာ အဲ့ဒီလို အတွေးတွေ ရှိခဲ့ဖူးသည်။ အရင်တုန်းက စုယန်ယန်က သူမရဲ့ စွမ်းရည်ကို အသုံးချပြီး မယားငယ်ကို ဖယ်ရှားကာ ကုမ္ပဏီက အနုပညာရှင်တွေကို ကာကွယ်ပေးခဲ့သည် ၊ ထူးချွန်ပြောင်မြောက်သော တခြား ကိစ္စတွေကိုလည်း လုပ်ခဲ့သည်။ သူမရဲ့ အပြုအမူတွေက လူစိတ်ဝင်စားမှုကို အမှန်တကယ်ပဲ ဆွဲဆောင်နိုင်ခဲ့ပါသည်။
သို့သော် ထိုအချိန်မှာ တင်ဆက်သူကို အန်တာတိန်းမန့် ကုမ္ပဏီကြီး တစ်ခုရဲ့ ဘော့စ်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု ဘယ်သူကမှ ဆက်စပ် မတွေးမိခဲ့ကြပါ။ လူနည်းစုကတော့ အဲ့ဒီလို ရဲတင်းစွာ တွေးမိသော်လည်း သူတို့ကို ဘယ်သူမှ မယုံမှာ စိုး၍ လူသိရှင်ကြား ထုတ်မပြောရဲခဲ့ပေ။
အစားအသောက်နယ်ပယ်က တင်ဆက်သူလေးတစ်ယောက်က လက်တွေ့ဘဝမှာလည်း လူတိုင်း အားကျရတဲ့ ဘဝကို ပိုင်ဆိုင်ထားတဲ့ ဘော့စ်တစ်ယောက်တဲ့လား … ။ အဲ့ဒါက ဘယ်လောက်တောင် ပွင့်လင်းဗြောင်ကျတဲ့ လိမ်ညာမှုမျိုးလဲ … ။
မဖြစ်ဘူး … သူတို့ရဲ့ အတင်းအဖျင်းတွေကြောင့် တင်ဆက်သူကို အခြေအမြစ်မရှိတဲ့ စွပ်စွဲမှုတွေနဲ့ အစွပ်စွဲခံလို့ မဖြစ်ဘူး … ။ ဒီလို အတင်းအဖျင်းတွေကို ချက်ချင်း ရပ်ပစ်ရမယ် …
သို့သော်လည်း သူတို့ရဲ့ သတိတရားက အမှန်တရားကို ထပ်တလဲလဲ လွဲချော်သွားစေလိမ့်မည်ဟု မထင်ခဲ့ပါ။ အခုတော့ ရယ်ရမလား ၊ ငိုရမလား မသိတော့။
သူတို့ သဘောကျတဲ့ အနုပညာရှင် အများစုက စုယန်ယန်နှင့် ကုမ္ပဏီ ဆက်နွှယ်နေတာကို အခုမှ သဘောပေါက်သွားတဲ့ လူတချို့လည်း ရှိသည်။
[ သတင်းကောင်း နှစ်ဆဟေ့။ ငါ အကြိုက်ဆုံး တင်ဆက်သူက ငါ အကြိုက်ဆုံး အနုပညာရှင်ရဲ့ ဘော့စ် ဖြစ်နေတာကို ရုတ်တရက် သဘောပေါက်သွားပြီ။ ငါ မူလအစကို ပြန်ရောက်သွားပေမဲ့ အတွေ့အကြုံနဲ့ နားလည်မှုတွေကတော့ ပိုများသွားပြီ။ ]
[ ငါ အကြိုက်ဆုံး အနုပညာရှင်ကလည်း တင်ဆက်သူရဲ့ ကုမ္ပဏီကပဲ။ တင်ဆက်သူက အမြင်ရှိတာပဲ။ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း မိတ်ဆက်ပေးခဲ့တဲ့ အနုပညာရှင်တွေ အကုန်လုံးက အရည်အချင်းရှိပြီး နာမည်ကောင်းရှိတယ်။ ]
[ တင်ဆက်သူနဲ့ ငါ့အိုင်ဒေါက အရင်တုန်းက ကောလသာလထွက်ဖူးတာကို ငါ အခုမှ ပြန်သတိရသွားတယ်။ အဲ့လို ကောလဟာလထွက်တော့ ငါ့အိုင်ဒေါက ကုမ္ပဏီအသစ် တစ်ခုက သူ့ညီမ နေမကောင်းဖြစ်လို့ ဆေးရုံတင်ထားရတာကို သိသွားလို့ ကူညီပေးခဲ့တာလို့ ရှင်းပြခဲ့တယ် ထင်တယ်။ ဘော့စ်က အရမ်း စိတ်ထားပြည့်ဝတဲ့ လူတစ်ယောက်မို့လို့ သူ့ညီမဆီကို လူနာသတင်းသွားမေးခဲ့တယ်တဲ့။ သူ့ညီမကို ဆေးကုပေးဖို့အတွက် အရည်အချင်းရှိတဲ့ ဆရာဝန် တစ်ယောက်ကိုတောင် ရှာပေးခဲ့တယ်တဲ့။ အဲ့ဒီက ဆရာဝန်က တင်ဆက်သူကိုယ်တိုင်များလား။ ]
[ ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ၊ ငါလည်း နင် ပြောမှ အဲ့အကြောင်းကို ပြန်သတိရသွားတယ်။ ဒါဆို တင်ဆက်သူ ဆေးရုံသွားတာက လူနာသတင်းမေးတာ မဟုတ်ဘဲ လူနာကို သူကိုယ်တိုင် ဆေးကုပေးတာလား။ ]
စုယန်ယန်က လော့ဝေပင်းနှင့် သူ့ညီမအကြောင်းကို လူတစ်ယောက် စကားစလိုက်တာကို မြင်သောအခါ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ သူမ ချီးကျူးခံရဖို့ အဲ့ဒီလောက် အသည်းအသန် ဖြစ်မနေပါ။
“ အဲ့အချိန်တုန်းက ကျွန်မက သူ့ညီမလေးကို လူနာသတင်းမေးဖို့အတွက်ပဲ ဆေးရုံကို သွားခဲ့တာပါ။ လော့ဝေပင်းရဲ့ ညီမလေးကို နေပြန်ကောင်းအောင် ကုသပေးခဲ့တာက ဆေးရုံက ဆရာဝန်တွေပါ။ ဒါပေမဲ့ သူ နေကောင်းသွားတဲ့နောက်ပိုင်းမှာတော့ အားပြန်ပြည့်အောင်လို့ အချိန်တစ်ခုထိ ဆေးဖက်ဝင်ဟင်းလျာ တချို့ ပြင်ဆင်ပေးခဲ့ပါတယ်။ ကျွန်မက လိုအပ်တဲ့ နောက်ဆက်တွဲ ချိန်ညှိမှုလေးတွေ လုပ်ရအောင်လို့ ဆေးရုံကို လူနာသတင်းသွားမေးခဲ့တာပါ။ ”
စုယန်ယန် ထိုသို့ ပြောလိုက်သည်နှင့် လော့ဝေပင်းရဲ့ ပရိသတ်တွေက စိတ်လှုပ်ရှားသွားကြသည်။
စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ကြည့်ဖူးသူတိုင်း ၊ သူမရဲ့ စားသောက်ဆိုင်က ဆေးဖက်ဝင် ဟင်းလျာတွေကို စားဖူးသူတိုင်း ခန္ဓာကိုယ်ကို အာဟာရဖြစ်စေတဲ့ ထိုဆေးဖက်ဝင် ဟင်းလျာတွေက ဘယ်လောက် အကျိုးအာနိသင်ရှိလဲ ဆိုတာ သိသည်။
စုယန်ယန်ရဲ့ စကားကို ကြားတော့ လူတိုင်းဟာ သူမက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလွန်းသည်ဟု ခံစားလိုက်ရ၏။ လော့ဝေပင်းရဲ့ ပရိသတ်တွေက ချက်ချင်းပဲ သူတို့ရဲ့ ကျေးဇူးသိစိတ်ကို ဖော်ပြကာ သူမကို ချီးကျူးစကားတွေ ဝေဆာသွားသည်။
တင်ဆက်သူက ဘော့စ်ပဲ … ။ သူတို့အိုင်ဒေါရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ကို ထိန်းချုပ်ထားတဲ့ အန်တာတိန်းမန့် ကုမ္ပဏီက ဘော့စ်ပဲ … ။ သူမရဲ့ လက်ကလေး တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ သူတို့အိုင်ဒေါကို ဖယ်ရှားပစ်လို့ ရတယ် … ။ တခြား ဘာစကားမှ ပြောနေစရာ မလိုဘူး … သူ့ကို ချီးကျူးကြဟေ့ … ။
လူတိုင်းက စကားနှင့် ထုတ်ပြောစရာ မလိုဘဲ သူတို့ဘာသာ သဘောတူညီမှုရသွားကာ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းရဲ့ ဖန်သားပြင်ပေါ်မှာ ချီးကျူးစကားတွေ ဖုံးလွှမ်းသွားစေသောကြောင့် ထိုကွန်းမန့်တွေကို ကြည့်ရင်း စုယန်ယန်ရဲ့ မျက်လုံးတွေတောင် ကျိန်းစပ်လာခဲ့သည်။
ထိုအချိန်မှာပဲ ကွန်းမန့်တစ်ခုကို သူမရဲ့ မျက်လုံးထောင့်ကနေ ဖျတ်ခနဲ မြင်လိုက်သည်။ ထိုကွန်းမန့်ကြောင့် သူမရဲ့ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသလို နှလုံးသားထဲမှာလည်း ထိတ်ခနဲ တုန်သွားမိသည်။