← Chapters

အခန်း ၁၁၂၃

Vol. 75 Ch. 1123

အခန်း ၁၁၂၃

Vol. 75 Ch. 1123

အခန်း ( ၁၁၂၃ ) သူ တစ်ခုခုကို သိသွားတာလား။

ထိုမက်ဆေ့ခ်ျပါ အကြောင်းအရာကတော့ …

[ တင်ဆက်သူ ပြန်ပေးဆွဲခံရတုန်းက အသုံးပြုခဲ့တဲ့ စနစ်က စကင်န်ဖတ်တဲ့ ကိရိယာနဲ့ စစ်ဆေးတာကို တကယ် ရှောင်ရှားနိုင်တာလား တင်ဆက်သူ။ အဲ့ဒီစနစ်ကို ကိုယ့်လိုအပ်ချက်အလိုက် ချိန်ညှိပြီး အသုံးပြုလို့ ရလား။ ဈေးနှုန်းကရော ဘယ်လိုလဲ။ ဘယ်အချိန်ကျရင် တရားဝင် ရောင်းချမှာလဲ။ အခုကတည်းက ကြိုတင်မှာယူလို့ ရလား။ ]

“ စနစ် … ဟုတ်လား … ” စုယန်ယန်ရဲ့ မျက်နှာပေါ်မှာ စိုးရိမ်ထိတ်လန့်မှုတွေ ယှက်သန်းသွားသော်လည်း အမြန် ဖုံးကွယ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ “ ဘာစနစ်လဲ။ ”

စုယန်ယန် ထိုမေးခွန်းကို မေးလိုက်သောအခါ ကြည့်ရှုသူ တော်တော်များများကလည်း အတွေးဝင်သွာပြီး စနစ်နှင့် ပတ်သက်သော မေးခွန်းတွေကို တညီတညွှတ် မေးခဲ့ကြသည်။

စုယန်ယန်က ထိုမေးခွန်းတွေထဲက အဓိကအချက် တချို့ကိုသာ ရွေးထုတ်ပြီး ပြန်ဖြေခဲ့သည်။ တရားဝင် ကြေညာစာကို သူမ တွေ့ပြီးနောက် သိပ်မကြာခင်မှာပဲ ဟောက်ချန်ဟွမ်းရဲ့ ကုမ္ပဏီကလည်း ကြေညာစာ ထုတ်ပြန်ခဲ့သည်။

“ စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ ပြောသွားတဲ့ စနစ်က သူတို့ကုမ္ပဏီက လက်ရှိမှာ ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ ဘယ်လို စစ်ဆေးမှုမျိုးကိုမဆို ရှောင်ရှားနိုင်တဲ့ စနစ် ဖြစ်ပါတယ်။ အဲ့ဒီစနစ်က လျှပ်စစ် ပစ္စည်းကိရိယာ အမျိုးမျိုးရဲ့ စစ်ဆေးမှုကို ရှောင်ရှားနိုင်ပါတယ်။ ပြီးတော့ စနစ်က အရွယ်အစား သေးငယ်ပြီး ပုံသဏ္ဍာန်လည်း အမျိုးမျိုး ရှိပါတယ်။ သူ့ပုံပန်းသဏ္ဍာန်က အရမ်း နားလည်ရခက်တဲ့အတွက်ကြောင့် အလွယ်တကူ မသိနိုင်ပါဘူး။ အဲ့ဒီစနစ်ကို ဝတ်ဆင်ထားတဲ့လူ အန္တရာယ်ဖြစ်နေရင် တိတိကျကျ ခြေရာခံနိုင်ပြီး ဖုန်းမှတ်တမ်းထဲက ပထမဆုံး ဖုန်းနံပါတ်ကို အချက်ပြ သင်္ကေတ ပေးပို့သွားမှာပါ။ ဗီဒီယိုရိုက်ကူးတာလို လုပ်ဆောင်ချက်တွေကိုလည်း အလိုအလျောက် ဖွင့်ပေးနိုင်ပါတယ်။ ”

စုယန်ယန်သည် ထိုကြေညာစာကို ဖတ်ပြီးသောအခါ အလွန် စိတ်ရှုပ်ထွေးသွားမိသည်။

ကျိုးကြောင်းနည်းလမ်းကျကျ ပြောရလျှင် ကြေညာစာ ထုတ်ပြန်လိုက်ပြီ ဆိုကတည်းက မနေ့က တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ခဲ့တဲ့ အရာအားလုံးအတွက် ခိုင်လုံမှုရှိသွားပြီဟု ပြောလို့ ရသည်။ ဒါက အသင့်တော်ဆုံး အကြောင်းပြချက် ဖြစ်သလို ဟောက်ချန်ဟွမ်းရဲ့ ကုမ္ပဏီက ထုတ်ကုန်ပစ္စည်းတွေကိုလည်း ပရိုမိုးရှင်းဆင်းရာရောက်သည်။

ဒါပေမဲ့ အဓိကကျတာက သူမမှာ သူတို့ ပြောနေတဲ့ စနစ် ဆိုတဲ့ အရာ မရှိဘူး ဆိုတာကို ဘယ်သူမှ သူမလောက် ကောင်းကောင်း မသိပါ။

ကုမ္ပဏီရဲ့ တရားဝင် အကောင့်ကနေ ကြေညာစာ ရုတ်တရက် ထုတ်ပြန်ဖို့ ဆိုလျှင် ဟောက်ချန်ဟွမ်းရဲ့ ခွင့်ပြုချက်ကို လိုလိမ့်မည်။ သူ အမိန့်ပေးထားတာတောင် ဖြစ်ရင် ဖြစ်နိုင်သည်။

သူ တစ်ခုခုကို သိသွားတာများလား … ။ အဲ့လို ဆိုရင်လည်း ဘာလို့ သူကိုယ်တိုင် သူမကို လာမမေးတာလဲ … ။ စုယန်ယန်ရဲ့ နှလုံးသားထဲမှာ သံသယတွေ မရေမတွက်နိုင်အောင် ရှိနေသော်လည်း မျက်နှာပေါ်‌မှာတော့ မပေါ်စေရပါ။

“ ကြေညာစာထဲမှာ ဒီလို ပြောထားတယ် ဆိုတော့ သေချာပေါက် ကိုယ့်လိုအပ်ချက်အလိုက် ချိန်ညှိပြီး အသုံးပြုလို့ ရမှာပါ။ ဘယ်အချိန်မှာ ဈေးကွက်ထဲ ဖြန့်သွားမလဲ ဆိုတဲ့ ရက်အတိအကျနဲ့ ထုတ်ကုန်ပစ္စည်း ဈေးနှုန်းကိုတော့ ဒီတိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ပြီးရင် ကျွန်မရဲ့ သူငယ်ချင်းကို မေးကြည့်လိုက်ပါ့မယ်။ ဒါပေမဲ့ ကျွန်မတို့က ထုတ်ကုန်ပစ္စည်း တစ်ခုကို ကိုယ့်လိုအပ်ချက်အလိုက် ချိန်ညှိမှာ ဆိုတော့ နည်းနည်းလေး အချိန်ကြာဦးမယ် ထင်တယ်။ ”

ဟောက်ချန်ဟွမ်းမှာ တကယ်ပဲ အဲ့ဒီလို လုပ်ဆောင်နိုင်တဲ့ စနစ် ရှိနေတာလား ဆိုတာ မသေချာသောကြောင့် မရေမရာ အဖြေကိုသာ ပြန်ပေးလိုက်သည်။ မေးတဲ့ ကြည့်ရှုသူတွေကတော့ သူမ မရေမရာဖြစ်နေတာကို နားမလည်ပါ။

စုယန်ယန်ရဲ့ အတည်ပြုချက်ကို ရသွားပြီးနောက် သူတို့ အလွန် စိတ်လှုပ်ရှားသွားကြပြီး ပစ္စည်းက ကောင်းမွန်နေသရွေ့ ငွေရေးကြေးရေးက ပြဿနာမဟုတ်ဘူးလို့ ပြောခဲ့ကြသည်။

သူမကို မေးခွန်းထုတ်တဲ့ လူအများစုမှာ မိသားစုနောက်ခံ တချို့ ရှိပြီး သူတို့တွေက အရင်တုန်းက စုယန်ယန်ရဲ့ ပရိသတ်တွေ မဟုတ်ပါ။ မနေ့တုန်းက သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ကြည့်ဖူးခြင်း ဖြစ်ကာ စနစ်ကို စိတ်ဝင်စားသွားကြတာပင်။

ဒီနေ့ခေတ်မှာ လူချမ်းသာတွေက ဘယ်အရာကို ဂရုအစိုက်ဆုံး ဖြစ်မလဲ … ။ သေချာတာပေါ့ ၊ သူတို့ရဲ့ အသက်ကို ဂရုအစိုက်ဆုံးပဲ … ။

ချမ်းသာတဲ့ လူတိုင်းက သူတို့နှင့် သူတို့မိသားစုရဲ့ လုံခြုံရေးကို အလွန် ဂရုစိုက်ကြသည်။ သူတို့ အပြင်သွားတဲ့အခါ ပုံမှန်အားဖြင့် လိုက်ပါစောင့်ရှောက်ပေးမယ့် သက်တော်စောင့်တွေ ရှိပေမဲ့ ဘယ်သူက သူတို့လုံခြုံရေးအတွက် ပိုစိတ်ချရအောင် မလုပ်ချင်ဘဲ နေမှာလဲ … ။

လုံခြုံရေးနှင့် ပတ်သက်သော တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ပြီးဆုံးသွားပြီးနောက် လေထုဟာ ရုတ်တရက် ပြောင်းလဲသွားပြီး ထုတ်ကုန်ပစ္စည်းသစ်ကို ကြိုတင်ကြေညာတဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ဖြစ်သွားခဲ့သည်။

စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲက အမာခံ ပရိသတ်တွေကတော့ ဒေါသလည်းထွက် ၊ ရယ်လည်း ရယ်ချင်နေခဲ့ကြသည်။

[ တင်ဆက်သူ … တင်ဆက်သူ … ငါတို့ လုပ်နေတဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုက ဘယ်လို အမျိုးအစားလဲ ဆိုတာ မှတ်မိသေးရဲ့လား။ မင်း ဆေးဖက်ဝင် ဟင်းလျာတွေ ၊ တရုတ် တိုင်းရင်းဆေးပင်တွေနဲ့ မင်း လက်ခံထားတဲ့ ကြေညာတွေကို ပရိုမိုးရှင်းဆင်းရင်တောင် ငါ့မှာ ကန့်ကွက်စရာ မရှိဘူး။ ဒါပေမဲ့ မင်း ဒီတိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းထဲမှာ အဲ့လူရဲ့ ကုမ္ပဏီက ပစ္စည်းတွေကိုတော့ ပရိုမိုးရှင်းမဆင်းဘဲ နေလို့ မရဘူးလား။ ကဲ … ငါ ဝန်ခံတယ်။ တင်ဆက်သူကို လက်ထပ်နိုင်တဲ့ အဲ့ဒီလူကို ငါ အားကျတယ် ၊ မနာလိုတယ်။ ငါ သူ့ကို သေလောက်အောင် မနာလိုတယ်။ ]

All Chapters