အခန်း ၁၁၂၆
Vol. 75 Ch. 1126
အခန်း ( ၁၁၂၆ ) ဦးဆောင်သူစာရင်းရဲ့ ချန်ပီယံဖေဖေ။
[ ကျွတ် … လင်မယား အချင်းချင်း ကူညီတာကို အခွင့်ကောင်းယူတယ်တို့ ၊ အမြတ်ထုတ်တယ်တို့ သုံးနှုန်းလို့ ရလို့လား။ လူတိုင်း အာရုံစိုက်ကြစမ်း။ ဒီဆန့်ကျင်မုန်းတီးသူတွေကို တင်ဆက်သူတို့လင်မယားကြား သပ်လျှိုမသွင်းစေနဲ့။ တင်ဆက်သူတို့လင်မယားက တစ်ယောက်ကို တစ်ယောက် ကူညီပြီး အတူတူ အလုပ်,လုပ်ကြတာ။ သူတို့က နတ်ဖက်တဲ့ စုံတွဲပဲ။ တချို့လူတွေ ဘယ်လောက်ပဲ မနာလိုဖြစ်နေပါစေ ၊ အဲ့ဒီ မနာလိုစိတ်နဲ့ ပူလောင်နေရုံက လွဲလို့ မတတ်နိုင်ဘူး။ သူတို့ နောက်ထပ် စကားတစ်ခွန်း ထပ်ပြောရဲ ပြောကြည့် ၊ ပြာမှုန်တွေ ဖြစ်ပြီး ပျောက်ကွယ်သွားအောင် လုပ်ပေးမယ်။ ]
စုယန်ယန်ကတော့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲမှာ သူမဘက်က ရပ်တည်ပြောဆိုပေးသူတွေနှင့် သူမကို အပြစ်တင် ဝေဖန်သူတွေ တဖြည်းဖြည်း များလာပြီး ပွက်လောရိုက်နေတာကို ကြည့်နေခဲ့သည်။
စုယန်ယန်မှာ ဘယ်သူနှင့်မှ ဆက်စကားပြောချင်စိတ် မရှိတော့၍ ရိုးရှင်းသော ညွှန်ကြားချက် အနည်းငယ် ပေးကာ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ပိတ်ဖို့ ပြင်လိုက်သည်။
အသေအချာပဲ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို မပိတ်ခင် နောက်တစ်ခေါက် ထုတ်လွှင့်တင်ဆက်မှုရဲ့ အချိန်နှင့် အကြောင်းအရာကို လူတိုင်းကို အတည်ပြုပေးခဲ့သည်။ ဒီအခြေအနေဆိုးကို ကြုံတွေ့ပြီးနောက်ပိုင်း သူမ နောက်ထပ် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်တော့မှာ မဟုတ်ဘူးလို့ မူလတုန်းက စိတ်ပူနေကြတဲ့ ပရိသတ်တွေကိုလည်း နူးညံ့စွာ နှစ်သိမ့်ပေးခဲ့သည်။
စုယန်ယန်သည် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ပိတ်လိုက်ပြီးနောက် အနည်းငယ် လမ်းပျောက်နေသလို ခံစားလိုက်ရ၏။ ပုံမှန်အားဖြင့် ဒီလို အချိန်ဆို စနစ်က တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ပြန်လည်သုံးသပ်ကာ သူမ နှစ်လိုမှုရမှတ် ဘယ်လောက်များများ ရလိုက်သလဲ ဆိုတာ ပြောပြလေ့ရှိသည်။
စုယန်ယန်သည် တစ်ခုခု လစ်ဟာနေသလို ခံစားချက်ကနေ အသိစိတ် မစုစည်းနိုင်သေးခင် ၊ ဟောက်ချန်ဟွမ်းအား သူ့ကုမ္ပဏီရဲ့ ကြေညာစာကိစ္စကို သွားမမေးနိုင်သေးခင်မှာပဲ အခန်းတံခါး အပြင်ဘက်က စူးစူးဝါးဝါး ကလေးငိုသံကို ကြားလိုက်ရလေသည်။
သူမရဲ့ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားကာ ချက်ချင်းပဲ နေရာမှ ထ၍ အမြန် ပြေးထွက်လာခဲ့သည်။ သူမ အခန်းတံခါးကို ဖွင့်လိုက်တော့ ငိုထားလို့ မျက်နှာလေး နီရဲနေတဲ့ ကလေးကို ရင်ခွင်ထဲမှာ ပွေ့ချီထားလျက်သားဖြင့် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေတဲ့ ဟောက်ချန်ဟွမ်းကို တွေ့လိုက်ရသည်။
“ ကလေးက နိုးတာနဲ့ အော်ငိုနေတာ။ သူ့ကို ဘယ်သူမှ ချော့လို့ မရဘူး။ ”
ကောင်ကလေးဟာ မနေ့တုန်းက အခြေအနေတွေကို အကြောက်မပြေသေးမှန်း စုယန်ယန် သဘောပေါက် နားလည်သွားကာ နှလုံးသားထဲမှာ နာကျင်သွားသည်။ ထို့နောက် ကလေးကို ဟောက်ချန်ဟွမ်းရဲ့ လက်ထဲကနေ အမြန် လွှဲပြောင်းယူ၍ အသံတိုးတိုးဖြင့် နှစ်သိမ့်ချော့မြှူလိုက်သည်။ “ မေ့သားလေးက လိမ္မာပါတယ်ကွယ်။ မေမေ ရောက်နေပြီနော်။ ဘာမှ မဖြစ်တော့ဘူးနော်။ မေမေတို့ အခု အိမ်ပြန်ရောက်နေပြီ။ လူဆိုးတွေကို ဖေဖေနဲ့ မေမေက မောင်းထုတ်လိုက်ပြီ။ သား အခု ဘေးကင်းသွားပြီ။ မကြောက်နဲ့တော့နော်။ ”
သူ့ဘေးကို အမေဖြစ်သူ ရောက်လာတာကြောင့် ကြယ်လေးက လုံခြုံဘေးကင်းမှုကို ခံစားလိုက်ရတာလား ၊ ဒါမှမဟုတ် စုယန်ယန်ရဲ့ စကားတွေကြောင့်ပဲလား မပြောတတ်ဘဲ တဖြည်းဖြည်း အငိုလျော့သွားကာ နှစ်မိနစ် အကြာမှာတော့ လုံးဝ အငိုတိတ်သွားခဲ့သည်။
သူလေးက စုယန်ယန်ရဲ့ ရင်ခွင်ထဲကို တိုးဝင်ရင်း မျက်စိတစ်မှိတ်အတွင်း သူ့အမေ ပျောက်ကွယ်သွားမှာကို စိုးရိမ်သည့်အလား သူမရဲ့ အင်္ကျီကော်လံကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
စုယန်ယန်က ကလေးအငိုတိတ်အောင် ချော့မော့နိုင်သွားတော့မှ စိတ်သက်သာရာရသွားသော သက်ပြင်းမောလေးချကာ ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေကို မော့ကြည့်လိုက်သည်။
သူတို့နှစ်ယောက် အကြည့်ချင်းဆုံချိန်မှာ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက သိသိသာသာ မလုံမလဲဖြစ်နေတာကို စုယန်ယန် မြင်လိုက်သောကြောင့် မျက်ခုံးပင့်ကာ အပြုံးယဲ့ယဲ့ဖြင့် ပြောလိုက်သည်။ “ ကျွန်မ အခုလေးတင် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ပြီး ကျွန်မရဲ့ ပရိသတ်တွေကို ကျွန်မ ဘေးကင်းကြောင်း သွားပြောလာခဲ့တာ။ ”
“ … အင်း။ ”
“ သူတို့က ကျွန်မကို စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာ တချို့ ပြောသွားတယ်။ ”
ဟောက်ချန်ဟွမ်းရဲ့ နှလုံးသားထဲမှာ ထိတ်ခနဲ တုန်သွားကာ ကိုယ့်ကိုယ်ကိုယ် သတ္တိစုစည်း၍ “ ဘာအကြောင်းတွေလဲ။ ” ဟု မေးလိုက်သည်။
“ ကျွန်မ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်တဲ့ ပလက်ဖောင်းက ရှင့်ကုမ္ပဏီလက်အောက်မှာ ရှိနေတာလို့ ကြားခဲ့တယ်။ ”
“ အင်း … ”
“ ဒါပေမဲ့ ကျွန်မ မှတ်မိသလောက်တော့ အရင်တုန်းက ရှင် ကျွန်မကို ပေးခဲ့တဲ့ လုပ်ငန်းစာရင်းထဲမှာ ဒီပလက်ဖောင်း မပါ,ပါဘူး။ ”
ဟောက်ချန်ဟွမ်းတစ်ယောက် တွန့်ဆုတ်သွားမိသည်။ အမှန်အတိုင်း ပြောရမလား ၊ အပေါ်ယံ ပေါ့ပေါ့တန်တန် ပြောရမလား ဆိုတာ စဉ်းစားရွေးချယ်ရင်း တွန့်ဆုတ်နေမိတာ နှစ်စက္ကန့်ကျော်သည်။ သူ ဒုတိယတစ်ခုကိုပဲ ပြတ်ပြတ်သားသား ရွေးချယ်လိုက်ပါသည်။
“ ဟုတ်တယ် … အဲ့ဝက်ဘ်ဆိုဒ်က တကယ်ပဲ ကိုယ့်ကုမ္ပဏီရဲ့ နာမည်အောက်မှာ ရှိနေတယ် ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ တာဝန်ယူထားတဲ့ လူကတော့ … ကျစ်ယန်ပါ။ ကိုယ် အဲ့ဒီပလက်ဖောင်းကို စာရင်းထဲမှာ ထည့်မထားတဲ့ အကြောင်းအရင်းကတော့ အဲ့ဒါကို စာရင်းထဲကနေ ကြိုဖယ်ထုတ်ခိုင်းထားလို့ပါ။ ”
“ ကြိုဖယ်ထုတ်ခိုင်းထားတယ် … ဟုတ်လား။ ” စုယန်ယန်က ခဏလောက် စဉ်းစားတွေးတောပြီးမှ အဓိပ္ပာယ်ပါပါ ခေါင်းညိတ်လိုက်သည်။ “ ဒါဆို အဲ့ဒီပလက်ဖောင်းကို ရှင့်အတွက် ကိုယ်ပိုင် ပိုက်ဆံအဖြစ် သိမ်းဆည်းထားတာပေါ့။ ”
“ ... ”
ဟောက်ချန်ဟွမ်းရဲ့ စုယန်ယန်ရဲ့ စကားကြောင့် ထိတ်လန့်သွားကာ အကြောက်အကန် ရှင်းပြသည်။ “ မဟုတ်ပါဘူး … ကိုယ်က အဲ့ဒီပလက်ဖောင်းကနေ တစ်ဆင့် မင်းအကြောင်းကို ပိုသိချင်လို့ပါ။ တကယ်တော့ ကိုယ် မင်းကို နောက်ထပ် တစ်ခုလည်း လိမ်ထားတာ ရှိသေးတယ်။ မင်းရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းထဲက အက်ဒ်မင်က တကယ်တော့ … ”
“ ကျွန်မ သိတယ်။ ” စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ စကားမဆုံးသေးခင်မှာပဲ ဖြတ်ပြော၍ အပြုံးလေးဖြင့် သူ့ဆီ တိုးကပ်သွားကာ “ ဦးဆောင်သူစာရင်းရဲ့ ချန်ပီယံဖေဖေ။ ” ဟု နား,နားကို ကပ်၍ ခေါ်လိုက်သည်။