← Chapters

အခန်း ၁၁၃၀

Vol. 75 Ch. 1130 - final

အခန်း ၁၁၃၀

Vol. 75 Ch. 1130 - final

အခန်း ( ၁၁၃၀ ) သူ ပြန်ရောက်လာပြီ။

သူတို့နှစ်ယောက်လုံး ဆွံ့အသွားကာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး အခန်းထဲက ထွက်လာခဲ့ကြသည်။ အခန်းအပြင်ကို ရောက်သည်နှင့် ရင်းနှီးကျွမ်းဝင်နေသော စက်ရုပ်လေးကို ပတ်လည်ဝိုင်းကာ တွားသွားနေသော သွမ်းသွမ်း ၊ ထုံထိုင်းတို့နှင့်အတူ သူတို့ရဲ့ ကလေးလေးကို မြင်လိုက်ရသည်။

သူတို့ရဲ့ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတွေ ၊ စူးစမ်းချင်စိတ်တွေ ပြည့်နှက်နေ၏။ ပုံမှန်အားဖြင့် ဒီလို အချိန်ဆို ရိုလီပိုလီက ကလေးကို ပွေ့ချီပြီး ခပ်မြင့်မြင့်လေး မြှောက်ပေးလေ့ရှိပေမဲ့ ဒီနေ့တော့ သူက … နည်းနည်းလေး အေးစက်နေပုံပေါ်သည်။

ရင်းနှီးသော်လည်း စိမ်းသက်နေသည်ဟု ခံစားရသော သတ္ထုစက်ရုပ်လေးကို စုယန်ယန်က သံသယအကြည့်ဖြင့် ကြည့်နေမိသည်။

ထိုအချိန်မှာပဲ ကျိုးယန်ပိုင်က တိုက်တိုက်ဆိုင်ဆိုင်‌ လျှောက်ဝင်လာခဲ့သည်။ သူက စုယန်ယန်တို့သားအမိကို မြင်တော့ မျက်လုံးတွေ အရောင်လက်သွားပြီး မလုံမလဲ ခံစားနေရသည့် အရိပ်အယောင်လေးတွေ ဖျတ်ခနဲ ပေါ်လာခဲ့သည်။

“ သခင်လေးနဲ့ သခင်မလေး … ”

စုယန်ယန်က သူ့ကို ပြုံးပြလိုက်သည်။ “ ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရိုလီပိုလီကို အဆင့်မြှင့်တင်ပြီးပြီလား။ ”

“ အပြည့်အဝ အဆင့်မြှင့်တင်ပြီးပါပြီ။ ဒါပေမဲ့ … ”

“ ဒါပေမဲ့ ဘာဖြစ်လို့လဲ။ ”

စုယန်ယန် နောက်ထပ် မေးခွန်းတွေ ဆက်မမေးနိုင်သေးခင်မှာပဲ သွမ်းသွမ်းက အကျင့်ပါနေသည့်အတိုင်း သူ့ခွေးသားလေးကို ရိုလီပိုလီရဲ့ ခန္ဓာကိုယ်ပေါ်ကို တက်ခိုင်းဖို့ ချီခေါ်သွားခဲ့သည်။ သူက ထုံးစံအတိုင်း ရိုလီပိုလီရဲ့ ခေါင်းပေါ် တက်ပြီး အမိန့်ပေးချင်နေတာ ဖြစ်သည်။

ရိုလီပိုလီက သူ့ကို မတားပေမဲ့ ခွေးဖက်တီးလေး နှစ်ကောင်ကို ခါတိုင်းလိုမျိုး ကူညီမပေးခဲ့ပါ။

သွမ်းသွမ်းက ရိုလီပိုလီရဲ့ ပခုံးပေါ်ကို ရုန်းကန်၍ တက်နေတုန်းမှာပဲ ရိုလီပိုလီက သူ့ခေါင်းလုံးလုံးလေးကို သွမ်းသွမ်းဘက် လှည့်ကာ နက်ရှိုင်း၍ ချိုင့်ခွက်ဝင်နေသော ဖန်မျက်လုံး အမည်းရောင်များဖြင့် ကြည့်ရင်း “ ခွေးငတုံး။ ” ဟု စက်ရုပ်သံလေးနှင့် ပြောလိုက်သည်။

သူငယ်ချင်းဆီမှာ ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသော သွမ်းသွမ်းတစ်ယောက် ‌ဆွံ့အသွားသလို စုယန်ယန်လည်း ပြောစရာစကားမရှိ ဖြစ်သွားမိသည်။

ဟောက်ချန်ဟွမ်းက ဒီစက်ရုပ်လေးနှင့် သိပ်ပြီး အဆက်အဆံ မရှိပေမဲ့ စုယန်ယန်နှင့် ကလေးကတော့ သူ့ကို သဘောကျတာမို့ အရင်ကတည်းက အာရုံစိုက်ဖြစ်သည်။

စုယန်ယန်သည် တစ်ခုခု မူမမှန်တာကို နောက်ဆုံးတော့ သတိထားမိသွားကာ ကျိုးယန်ပိုင်ကို စူးစမ်းမေးမြန်းချင်သော အကြည့်ဖြင့် ကြည့်လိုက်တော့ ကျိုးယန်ပိုင်က အိုးတိုးအမ်းတမ်း နှာခေါင်းပွတ်ရင်း ရယ်သည်။

“ ကျွန်တော်လည်း ဘယ်လိုတွေ ဖြစ်သွားမှန်း မသိတော့ဘူး။ အဆင့်မြှင့်တင်ပြီးတော့ စက်ရုပ်က ပြောင်းလဲသွားတဲ့ ပုံပဲ။ အစတုန်းက ကျွန်တော် အထဲက တစ်ခုခုကို မတော်တဆ ဖုံးမိသွားတယ်လို့ ထင်လို့ ထပ်ခါတလဲလဲ စစ်ကြည့်ပြီးပြီ။ ဒါပေမဲ့ မူမမှန်တာ တစ်ခုမှ ‌မတွေ့ဘူး။ ”

ကျိုးယန်ပိုင်က စကား ခဏ ရပ်ကာ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းကို ဂရုတစိုက် ကြည့်လိုက်သည်။ “ သခင်မလေးကို မေးမြန်းရအောင်လို့ ဒီနေ့ သူ့ကို ခေါ်လာခဲ့တာပါ။ အခု သူက ဒီလိုမျိုး ဖြစ်နေပြီ ဆိုတော့ သူ့ကို ပြန်ပြင်လို့ ရမလား ဆိုတာ စစ်ဆေးကြည့်ရမလား ၊ တခြား စက်ရုပ်တစ်ရုပ် ယူလာခဲ့ရမလား။ ” ဟု မေးလိုက်သည်။

ဟောက်ချန်ဟွမ်းက ဘာမှ မပြောဘဲ စုယန်ယန်ကိုသာ ရွေးချယ်ခွင့်ပေးလိုက်သည်။

ကျိုးယန်ပိုင်ရဲ့ စကားကြောင့် စုယန်ယန်ရဲ့ နှလုံးသားထဲမှာ ဒိန်းခနဲ တုန်သွားပြီး “ ခွေးငတုံး ” ဆိုတဲ့ ရင်းနှီးကျွမ်းဝင်နေသော အသုံးအနှုန်းကို တွေးမိသွားကာ ရူးသွပ်သော အတွေးတစ်ခုက သူမရဲ့ စိတ်ထဲ ဝင်ရောက်လာခဲ့သည်။

စုယန်ယန်သည် စက်ရုပ်လေးဆီ တစ်လှမ်းချင်း လျှောက်သွားပြီး သူ့မျက်လုံးတွေကို စိုက်ကြည့်ကာ “ စနစ်လား။ ” ဟု မဝံ့မရဲ မေးလိုက်၏။

“ ဟွန်း။ ”

ထောင်လွှားမောက်မာတဲ့ အသံနဲ့ သူက တခြားတစ်ယောက် ဖြစ်နိုင်ဦးမလား … ။

စုယန်ယန်ရဲ့ မျက်လုံးတွေ တောက်ပသွားကာ တစ်ချိန်တည်းမှာပဲ စိတ်လှုပ်ရှားသလို နားမလည်နိုင်အောင်လည်း ဖြစ်မိသည်။ “ တကယ်ပဲ နင်ပါလား။ နင် ဘယ်လိုလုပ်ပြီး … ”

“ ယန်ယန် … ” ဟောက်ချန်ဟွမ်းက သူမရဲ့ စကားမဆုံးသေးခင်မှာပဲ ဖြတ်ပြောလိုက်သည်။

အဲ့ဒီတော့မှပဲ စုယန်ယန်ကလည်း ဘေးမှာ လူတွေ ရှိနေသေးတာကို သတိရသွားကာ စက်ရုပ်လေးရဲ့ သတ္ထုဦးခေါင်းကို ကိုင်ဖို့ လက်လှမ်းနေတဲ့ လက်က လေထဲမှာ တစ်ဝက်တစ်ပျက် ရပ်တန့်သွားခဲ့သည်။

ကံကောင်းစွာဖြင့် ဟောက်ချန်ဟွမ်းက သူမကို အကြာကြီး အရှက်ရအောင် မလုပ်ဘဲ သူမရဲ့ လက်ကို အရင်ဆုံး ဆုပ်ကိုင်လိုက်ပါသည်။

“ ငါတို့ လောလောဆယ်တော့ ဒီစက်ရုပ်ကို ခေါ်ထားပြီး တစ်ချက် ကြည့်လိုက်မယ်။ မင်း အရင်ဆုံး ပြန်လို့ ရပြီ။ ”

ကျိုးယန်ပိုင်သည် သူတို့နှစ်ယောက်ကို နည်းနည်းလေး ထူးဆန်းနေသည်ဟု ခံစားရသော်လည်း ဘာမှ ဆက်မမေးတော့ဘဲ “ ကောင်းပါပြီ။ ” ဟုသာ ပြန်ပြောလိုက်သည်။

ကျိုးယန်ပိုင် ထွက်သွားသည်နှင့် ဟောက်ချန်ဟွမ်းရဲ့ အကြည့်က စက်ရုပ်လေးဆီ ကျရောက်သွားသည်။ သူ့လက်ကတော့ စုယန်ယန်ရဲ့ လက်ကို လွှတ်မပေးသေးပါ။

“ အထဲဝင်ပြီး စကားပြောရအောင်။ ”

“ အင်း။ ”

သူတို့နှစ်ယောက်လုံးမှာ ပြောစရာ စကားတွေ ရှိနေတာမို့ ကလေးကို သွမ်းသွမ်းနှင့် ဦးလေးကျန်းလက်ထဲ ထည့်ကာ ခဏ ကြည့်ထားခိုင်းပြီးနောက် လုံးဝန်းသော ကိုယ်ထည်ရှိသည့် စက်ရုပ်လေးကို စာကြည့်ခန်းထဲသို့ ခေါ်လာခဲ့လိုက်သည်။

“ ဒါက မင်းရဲ့ သူငယ်ချင်းလား။ ”

ဟောက်ချန်ဟွမ်းရဲ့ တည့်တိုးဆန်သော မေးခွန်းက စုယန်ယန်ကို အံ့အားသင့်သွားစေသော်လည်း တစ်ချိန်တည်းမှာပဲ သူ အဲ့ဒါကို ခန့်မှန်းနိုင်တဲ့အတွက် စိတ်သက်သာရာရမိပါသည်။

“ ဟုတ်တယ်။ ” စုယန်ယန်က စနစ်ရဲ့ လုံးဝန်းသော ခေါင်းလေးကို ပုတ်လိုက်သည်။ “ သူက စနစ်ပဲ။ ”

“ စနစ် … ဟုတ်လား။ ”

“ အင်း။ ဉာဏ်ရည်မြင့် စက်ရုပ်တစ်ရုပ်လို့ ရှင် တွေးကြည့်လို့ ရပါတယ်။ ဒေတာကြိုးမျှင် တစ်ချောင်းလိုပေါ့ … ဒါပေမဲ့ ဒီဒေတာတွေက လူသားတစ်ယောက်နဲ့ အရမ်း နီးစပ်တယ်။ ”

ဟောက်ချန်ဟွမ်းက မျက်လုံးတွေကို မှေးကျဥ်းလိုက်သည်။ စုယန်ယန်ကို တခြား သက်ရှိသတ္တဝါတွေနှင့် နီးစပ်ရင်းနှီးလွန်းတာကို သူ သဘောမကျသော်လည်း ဒေတာကြိုးမျှင် အထိတော့ လိုက်ပြီး သဝန်မတိုတတ်ပါ။

“ မင်္ဂလာပါ Host ရဲ့ လက်တွဲဖော်။ ငါက အဆင့်မြင့်ဂြိုလ်ပေါ်က အဆင့်မြင့်စနစ် 001 ပါ။ ငါတို့ အခုမှ ပထမဆုံးအကြိမ် တွေ့ဆုံဖူးတာ ဆိုတော့ ကျေးဇူးပြုပြီး ကြည့်ရှုညွှန်ကြားသင်ပြပေးပါဦး။ ”

စနစ်က ထိုသို့ ပြောနေရင်း သူ့ရဲ့ လုံးဝန်းသော လက်လေး‌တွေထဲမှာ ပလတ်စတစ် ပန်းလေး နှစ်ပွင့် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

စုယန်ယန် : “ … ”

ဟောက်ချန်ဟွမ်း : “ … ”

စနစ် : “ ... ”

“ ရရှိနိုင်တဲ့ အရင်းအမြစ်တွေက အကန့်အသတ်ရှိပါတယ်။ ငါတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုအတွင်း အရှက်ရစေခဲ့တဲ့အတွက်‌ တောင်းပန်ပါတယ်။ ”

သွယ်ဝိုက်သော အဓိပ္ပာယ် : ဒါ ငါ့အမှား မဟုတ်ဘူး ၊ ဒီစက်ရုပ်ရဲ့ လုံးဝန်းတဲ့ ကိုယ်ထည်အခွံကြောင့် ဖြစ်တာ … ။ ဒီစက်ရုပ်ကို ဒီဇိုင်းဆွဲခဲ့တဲ့ ဒီဇိုင်နာက ဒီကိစ္စအတွက် အပြစ်တင်ခံရသင့်တယ် … ။

“ ခွီး … ” အရင်ဆုံး သတိဝင်လာသူက စုယန်ယန် ဖြစ်ကာ ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ဘဲ အသံထွက် ရယ်ချလိုက်မိသည်။ မူလတုန်းက တည်ငြိမ်လေးနက်နေခဲ့သော အခန်းတွင်း လေထုက သူမရဲ့ ရယ်သံကြောင့် ပေါ့ပါးသွားပြီး ခုနတုန်းကလောက် မအေးစက်တော့ပေ။

“ … ” Host ရဲ့ လက်တွဲဖော်ကို သူ့အပေါ် အထင်ကြီးအောင် လုပ်ဖို့ ရည်ရွယ်ထားတဲ့ စနစ်လေးသည် အစမကောင်းသောကြောင့် ချက်ချင်းပဲ သူ့ကိုယ်သူ စက်ပိတ်လိုက်တော့သည်။

ဟောက်ချန်ဟွမ်းလည်း စနစ်ရဲ့ အပြုအမူကို ကြည့်ကာ မအောင့်နိုင်ဘဲ ရယ်ချလိုက်မိသည်။ သို့သော် သူ့မှာ အရေးကြီးတဲ့ ကိစ္စတွေ ရှိနေသေးတာမို့ ခပ်တိုးတိုး ချောင်းဟန့်ပြီး မေးလိုက်သည်။ “ ဒါက … ဘာတွေ ဖြစ်နေတာလဲ။ မင်း ဘယ်အချိန်တုန်းက … ”

ထိုမေးခွန်းကို ကြားတော့ စုယန်ယန်ရဲ့ အပြုံးလေး ပျောက်ကွယ်သွားသည်။ ဆုံးဖြတ်ချက်ချနေသကဲ့သို့ ဟောက်ချန်ဟွမ်းကို အကြာကြီး စိုက်ကြည့်ပြီးမှ အသက်ပြင်းပြင်း ရှုရှိုက်လိုက်သည်။ “ ကျွန်မ အခု ပြောမယ့် စကားတွေက မယုံကြည်နိုင်စရာကောင်းရင် ကောင်းနေလိမ့်မယ် ၊ ဒါပေမဲ့ ကျွန်မရဲ့ ဒီဘဝတစ်လျှောက်လုံးက ကိုယ်ကျင့်တရားနဲ့ ပျော်ရွှင်မှုကို တိုင်တည်ပြီး ကျွန်မ ပြောသမျှ စကားလုံးတိုင်းက အမှန်ပဲ ဆိုတာ ကျိန်ရဲပါတယ်။ ”

“ ကိုယ် မင်းကို ယုံပါတယ်။ ” စုယန်ယန်ရဲ့ စကားဆုံးသည်နှင့် ဟောက်ချန်ဟွမ်းက မဆိုင်းမတွ ပြောလိုက်သည်။ “ မင်းနှုတ်က ထွက်သမျှ စကားလုံးတိုင်းကို ကိုယ် ယုံတယ်။ ”

စုယန်ယန် အံ့အားသင့်သွားမိသည်။ သူမရဲ့ မျက်နှာက အရင်အတိုင်း တည်ငြိမ်နေဆဲ ဖြစ်သော်လည်း မျက်လုံးတွေကတော့ နည်းနည်းလေး ပိုစိတ်လက်ပေါ့ပါးသွားပုံပေါ်သည်။

ဟောက်ချန်ဟွမ်းက ဇာတ်လမ်းအစနှင့် ရင်းနှီးနေပြီးသား ဖြစ်သည်။ ဟောက်ရှောက်ဖုန်းက ဟောက်မိသားစု ဧည့်ခံပွဲကို သူ့ကောင်မလေးကို ခေါ်လာခဲ့ပြီး ဧည့်ခံပွဲရဲ့ ဧည့်သည် ဖြစ်သည့် စုယန်ယန်နှင့် စကားများခဲ့သည်။ အဲ့ဒီနောက် သူတို့က သူမကို လှေကားပေါ်က တွန်းချခဲ့တာမို့ ထိခိုက်ဒဏ်ရာရပြီး ဆေးရုံရောက်သွားခဲ့သည်။

သို့သော်လည်း ထိုနောက်ပိုင်းက စလို့ လုံးဝ မတူညီသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွား၏။

စုမိသားစုက စုယန်ယန်နှင့် ဟောက်ရှောက်ဖုန်းကြားက စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့သလို သူမကို ဟောက်ရှောက်ဖုန်းနှင့် လက်ထပ်ဖို့လည်း မပြောတော့ပေ။ သူမတို့ နှစ်ယောက်က ဘယ်တော့မှ မဆုံစည်းနိုင်သော မျဉ်းပြိုင်တွေကဲ့သို့ပင် စုယန်ယန် သေဆုံးချိန်ထိ တိုင်အောင် ရေစက်ပြတ်သွားခဲ့သည်။

ဟောက်ချန်ဟွမ်းက ဇာတ်လမ်းရဲ့ ပထမတစ်ဝက်ကို ကြားချိန်မှာ အံ့အားသင့်သွားသော်လည်း တည်ငြိမ်နေဆဲ ဖြစ်သည်။ သို့သော်လည်း သူ့အရင်ဘဝမှာ စုယန်ယန်က ဟောက်ရှောက်ဖုန်းနှင့် စေ့စပ်ပွဲ ဖျက်သိမ်းပြီးနောက် ကားအက်ဆီးဒင့် ဖြစ်ကာ သေဆုံးသွားခဲ့သည် ဟူသော စကားကို ကြားတော့ ထိုမြင်ကွင်းကို သူ့မျက်လုံးနှင့် ကိုယ်တိုင် မမြင်ခဲ့တာတောင် သူ့ခန္ဓာကိုယ်ထဲက သွေးတွေ ရုတ်တရက် အေးခဲသွားတာကို ခံစားလိုက်ရသည်။

သူမ အသက်ရှင်နေသေးတယ် ဆိုတာကို သေချာစေဖို့အတွက် သူမရဲ့ လက်ကို ဆုပ်ကိုင်ကာ ခန္ဓာကိုယ်ထဲက အနွေးဓာတ်ကို ခံစားချင်သည်။

သူ့ခံစားချက်တွေကို အာရုံခံမိသော စုယန်ယန်က စကားရပ်ပြီး သူ့လက်ကို ဆုပ်ကိုင်၍ နှစ်သိမ့်ပေးလိုက်သည်။ “ စိတ်မပူပါနဲ့ … အဲ့ဒါတွေ အားလုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ။ ”

ဟောက်ချန်ဟွမ်းက သူ့မျက်လုံးထဲက အေးစက်မှုတွေကို မျက်လွှာချပြီး ဖုံးကွယ်လိုက်သည်။ သူ စုယန်ယန်ကို ကြောက်လန့်အောင် လုပ်မိမှာ စိုးရိမ်သည်။ “ အဲ့ဒီကားအက်ဆီးဒင့်က တကယ်ပဲ အက်ဆီးဒင့်လား ၊ လုပ်ကြံထားတာလား။ ”

“ အက်ဆီးဒင့် ဆိုလည်း ဟုတ်တယ် ၊ လုပ်ကြံထားတာ ဆိုလည်း ဟုတ်တယ်။ ” စုယန်ယန်က ထိုအကြောင်းအရာမှာပဲ အချိန်ကုန်မခံဘဲ စကားဆက်သည်။ “ ကျွန်မ သေသွားတော့ အသိစိတ်ကို ချက်ချင်း ဆုံးရှုံးမသွားဘဲနဲ့ ဘယ်သူမှ မမြင်နိုင်တဲ့ ဝိညာဉ်တစ်ခု ဖြစ်သွားခဲ့တယ်။ ကျွန်မရဲ့ မိဘတွေဆီ သွားတော့ သူတို့ ဝမ်းနည်းနေတာကို မြင်ခဲ့တယ်။ အဲ့လိုနဲ့ ကျွန်မ ရှင့်ဆီ လာခဲ့တော့ … ရှင်က ဟိုးအရင်ကတည်းက ကျွန်မကို သဘောကျလာခဲ့တာကို သိသွားခဲ့တယ်။ ”

ဟောက်ချန်ဟွမ်းသည် စုယန်ယန်ကို ဆုပ်ကိုင်ထားသော လက်အား ပို၍ တင်းကြပ်စွာ အားထည့်လိုက်မိသည်။ အခုတော့ အရာအားလုံးကို နားလည်သွားပြီဟု သူ ခံစားရသည်။

သူတို့နှစ်ယောက်က အရင်တုန်းက တစ်ခါမှ တိုက်ရိုက် ထိတွေ့ဆက်ဆံမှု မရှိခဲ့ဘဲ စုယန်ယန်က ဟောက်ရှောက်ဖုန်းနှင့် စေ့စပ်ပွဲဖျက်သိမ်းပြီးနောက်မှသာ သူနှင့် လက်ထပ်ဖို့ ရုတ်တရက် ရွေးချယ်ခဲ့တာပင်။ သူက သူမကို ငြင်းပယ်မှာ မဟုတ်ဘူး ဆိုတာ ကြိုတင်ခန့်မှန်းထားသလိုမျိုးပါပဲ။ တကယ်လည်း သူ့အနေဖြင့် သူမကို ငြင်းပယ်ဖို့ မဖြစ်နိုင်ပါ။

“ အဲ့ဒီနောက်ပိုင်း ဘာဖြစ်သွားတာလဲတော့ မသိဘူး ၊ ကျွန်မအပေါ် ထားတဲ့ ရှင့်စွဲလမ်းမှုက အရမ်း နက်ရှိုင်းလို့လား … ဒါမှမဟုတ် တခြား အကြောင်းပြချက်တွေကြောင့်လား မသိဘူး။ ကျွန်မရဲ့ ဝိညာဉ်က ရှင့်ဘေးမှာ နှစ်ဝက်လောက် တဝဲလည်လည် ဖြစ်နေခဲ့တယ်။ ”

“ ရှင် ကျွန်မအတွက် ကျွန်မရဲ့ မိသားစုကို အန္တရာယ်တွေကြားထဲကနေ ကာကွယ်ပေးဖို့ ကြိုးစားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေကို မလွန်ဆန်နိုင်ဘဲ ၊ သေဆုံးသွားတဲ့ လူတွေရဲ့ နှလုံးသားတွေကို မကယ်တင်နိုင်ဘဲ သူတို့တွေ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားတာကိုပဲ ထိုင်ကြည့်နေခဲ့ရတယ်။ ”

“ ကျွန်မကို အန္တရာယ်ပေးခဲ့တဲ့ လူတွေကို လက်စားချေပြီး ငရဲကို ဆွဲခေါ်သွားဖို့ လုပ်ခဲ့ပေမဲ့ နောက်ဆုံးမှာ ရှင့်ကိုယ်ရှင် မကယ်ထုတ်နိုင်ဘဲ ငရဲကို ရှင်က အရင်ဆုံး နစ်မြုပ်သွားပြီး ကျွန်မနဲ့အတူ သေဆုံးသွားခဲ့ရတယ်။ ”

ဟာက်ချန်ဟွမ်းသည် စုယန်ယန် ပြောသမျှ စကားတိုင်းကို နားထောင်နေခဲ့သော်လည်း သူ့နှလုံးသားထဲမှာ နည်းနည်းလေးမှ မတုန်လှုပ် ၊ မယိမ်းယိုင်မိပါ။ သူ့နှလုံးသားထဲမှာ စုယန်ယန်အတွက် နာကျင်မှုတွေပဲ ကျန်ရစ်သည်။

ဟောက်ရှောက်ဖုန်း ၊ ဝမ်ကျင့်ဖျင် ၊ ဟောက်ချီဟန် ၊ ချန်ဖန့်လန်နဲ့ … အဲ့ဒီ သောက်ရေးမပါတဲ့ ကမ္ဘာကြီးရဲ့ စည်းမျဉ်း ဆိုတဲ့ အရာတွေ … ။

အရူးနှစ်ယောက် ကောင်းကင်ပေါ်ကို တက်လှမ်းနိုင်ဖို့အတွက် သူ အချစ်ရဆူံ လူကို ချနင်းကာ အပြစ်မဲ့သော လူများစွာကို အချနင်းခံ ကျောက်တုံးတွေအဖြစ် တစ်ထစ်ချင်း တက်နင်းသွားခဲ့သည်။ အဲ့လို စည်းမျဉ်းမျိုးက မလွဲမသွေ ချိုးဖောက်ပစ်ရမယ့် စည်းမျဉ်းပဲ။

စုယန်ယန်က သူ့ကို အရာအားလုံး ပြောပြပြီးနောက် မျက်လုံးမှိတ်ကာ သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်သည်။ ထို့နောက် ဟောက်ချန်ဟွမ်းကို ကြည့်ကာ “ ရှင် ကျွန်မကို ယုံလား။ ” ဟု ဂရုတစိုက် မေးလိုက်သည်။

ဟောက်ချန်ဟွမ်းက သူမရဲ့ နဖူးလေးကို တရှိုက်မတ်မတ် နမ်းရှိုက်လိုက်ပြီးမှ စိတ်ရင်းအမှန် ၊ ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

“ ကိုယ် ယုံပါတယ်။ ”

စုယန်ယန်ရဲ့ စကားတွေကို ဟောက်ချန်ဟွမ်း နည်းနည်းလေးမှ သံသယမဝင်မိပါ။ ပထမ အကြောင်းပြချက်က သူမကို ယုံကြည်တာကြောင့် ဖြစ်ပြီး ဒုတိယ အကြောင်းပြချက်ကတော့ သူ စောင့်ဆိုင်းနေခဲ့သူက အဲ့ဒီလို သေဆုံးသွားလျှင် သူ့ရဲ့ တစ်ခုတည်းသော အလင်းရောင်လေး ပျောက်ကွယ်သွားလိမ့်မည် ဆိုတာ သူ့ကိုယ်သူ ကောင်းကောင်း နားလည်နေတာကြောင့် ဖြစ်သည်။

သူမကို အန္တရာယ်ဖြစ်စေတဲ့ လူတိုင်းကို ဆွဲချပြီး သူကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ‌သတ်သေကာ သူမနောက် လိုက်သွားမိလိမ့်မည် ထင်သည်။

“ မင်း အရင်တုန်းက ထုတ်ယူလာတဲ့ တရုတ် တိုင်းရင်းဆေးပင်တွေကို စနစ်က ပေးတာလား။ ”

“ အင်း ၊ အဲ့ဒီဆေးပင်တွေ အားလုံးကို လဲလှယ်ထားတာလေ။ ကျွန်မ အဲ့ဒီပစ္စည်းတွေကို ရဖို့အတွက် နှစ်လိုမှုရမှတ်တွေ ၊ တခြားလူတွေရဲ့ ယုံကြည်မှုတွေနဲ့ လဲလှယ်ခဲ့ရတယ်။ ”

“ ဒါဆို အဲ့ဒါကြောင့် မင်း တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုတွေ လုပ်ပြီး တင်ဆက်သူတစ်ယောက် ဖြစ်လာခဲ့တာလား။ ”

စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုက ကြိုတင်စီစဉ်မှုမရှိဘဲ ရုတ်တရက်ဆန်လွန်းသည်ဟုသာ သူ အမြဲတမ်း ခံစားခဲ့ရတာ ဖြစ်သည်။ သူ အဲ့ဒါကို အသုံးပြုပြီး ဝမ်ကျင့်ဖျင်ကို မတိုက်ခိုက်ချင်‌တာတော့ မဟုတ်ပါ။ အခုတော့ သူ အလွန် အမြင်ကျဉ်းမြောင်းခဲ့ပုံပေါ်သည်။

စုယန်ယန်က ရယ်မောလိုက်သည်။ “ အဲ့အချိန်တုန်းက ကျွန်မက အလုပ်ချင်ဆုံး အရာကို လုပ်ဖို့အတွက် ဆေးပင်တွေ ၊ ဆေးရည်တွေကို ပို,ပိုပြီး အသည်းအသန် လဲလှယ်ချင်နေခဲ့တာလေ။ အဲ့ဒါက အကောင်းဆုံးနဲ့ အမြန်ဆုံး နည်းလမ်းပဲ။ ”

ဟောက်ချန်ဟွမ်းက စက္ကန့်ပိုင်းလောက် ဆွံ့အသွားပြီးမှ မျက်လုံးတွေ တောက်ပလာခဲ့သည်။ “ မင်း … ကိုယ့်အတွက် လုပ်ခဲ့တာလား။ ”

စုယန်ယန်က သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ မျက်နှာချင်း အပ်လိုက်သည်။ “ ကျွန်မ ရှင့်ကို သက်သာစေချင်တယ်။ ရှင့်ကို နေပြန်ကောင်းပြီး ကျွန်မနဲ့အတူ ရှိစေချင်တယ်။ ”

ဟောက်ချန်ဟွမ်းက ဘာမှ ပြန်မပြောဘဲ စုယန်ယန်ကို ပို၍ တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။ စုယန်ယန်က ပူနွေးသော မျက်လုံးများဖြင့် သူ့ရင်ခွင်ထဲမှာ မှီနေရင်း ခပ်တိုးတိုး ပြောလိုက်သည်။ “ ကျေးဇူးပါ။ ကျွန်မကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးပါ။ ”

ဟောက်ချန်ဟွမ်းက ခဏလောက် နှုတ်ဆိတ်နေပြီးမှ အက်ကွဲကြမ်းရှသော အသံဖြင့် ပြန်ပြောလိုက်သည်။ “ ကိုယ် အရင်တုန်းက အိပ်မက်တစ်ခု မက်ဖူးတယ်။ ”

“ ဘာအိပ်မက်လဲ။ ”

“ မင်း သွေးအိုင်ထဲမှာ မျက်လုံးတွေ ပိတ်လျက်သားနဲ့ တစ်ကိုယ်လုံး အေးစက်ပြီး လဲလျောင်းနေတယ် ဆိုတဲ့ အိပ်မက်။ ကိုယ် မင်းကို ကယ်တင်ချင်ပေမဲ့ မင်းကို ဘယ်လိုမှ ထိလို့ မရဘူး။ အဲ့အချိန်တုန်းက ဗလောင်ဆူနေတဲ့ ဝမ်းနည်းကြေကွဲစိတ်ကို ပြန်တွေးလို့ ရတယ်။ ”

ဟောက်ချန်ဟွမ်းကို ပွေ့ဖက်ထားသော စုယန်ယန်ရဲ့ လက်တွေက ခဏ ရပ်တန့်သွားကာ တဖြည်းဖြည်း တင်းကြပ်လာခဲ့သည်။ “ ရှင်က ကျွန်မကို ဘဝသစ် တစ်ခု ပေးခဲ့တာပါ။ ဒီကမ္ဘာပေါ်က လူတွေ အများကြီးကိုလည်း သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်ဖို့ အခွင့်အရေး ပေးခဲ့တယ်။ ”

သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် တိတ်ဆိတ်စွာ ပွေ့ဖက်ထားခဲ့ပြီး ဟောက်ချန်ဟွမ်းက နောက်ဆုံးတော့ စိတ်တည်ငြိမ်သွားသည်။ သူနှင့် စုယန်ယန်ကို ဒုတိယ အခွင့်အရေး ပေးခဲ့သော ကံကြမ္မာအား တစ်ဖက်မှာ ကျေးဇူးတင်မိသလို တစ်ဖက်မှာလည်း အနည်းငယ် စိတ်မသက်မသာဖြစ်မိသည်။

“ မင်းရဲ့ အရင်ဘဝတုန်းက … မင်း ဟောက်ရှောက်ဖုန်းကို သဘောကျခဲ့ဖူးလား။ ”

စုယန်ယန်တစ်ယောက် မျက်လုံးပြူးသွားရသည်။ ဟောက်ချန်ဟွမ်း စိတ်တည်ငြိမ်သွားချိန်မှာ ပထမဆုံး မေးတဲ့ မေးခွန်းက ဒီမေးခွန်း ဖြစ်နေလိမ့်မည်ဟု တစ်ခါမှ တွေးမကြည့်ဖူးပါ။ သူ့ကို စိတ်ဆိုးတာရော ၊ ရယ်ချင်တာရော စုပေါင်းနေသည့် မျက်စောင်းထိုးလိုက်မိသည်။

“ ကျွန်မ သူ့ကို သဘောမကျခဲ့ပါဘူး။ အလွန်ဆုံးမှ သူ့ကို မမုန်းဘူးလို့ပဲ ပြောလို့ ရမယ်။ ”

သူမနှင့် ဟောက်ရှောက်ဖုန်းက အချိန်တစ်ခုကြာ စေ့စပ်ထားခဲ့သော်လည်း သူတို့ အမှန်တကယ် ထိတွေ့ဆက်ဆံဖူးတဲ့ အချိန်တွေ ၊ အကြိမ်ရေတွေကတော့ အကန့်အသတ်ရှိပါသည်။

ထိုအကန့်အသတ်ရှိတဲ့ ထိတွေ့ဆက်ဆံမှု‌တွေအတွင်းမှာ ဟောက်ချီဟန်က သူမနှင့် သူမရဲ့ အမေကို အသုံးပြုပြီး သူမရဲ့ အဘိုးနှင့် အဆက်အသွယ်လုပ်ဖို့ စိတ်အားထက်သန်နေတာကြောင့်လား မပြောတတ်ဘဲ ဟောက်ရှောက်ဖုန်းကို တစ်ချက်လွှတ် အမိန့်ပေးထားခဲ့တာမို့ ဟောက်ရှောက်ဖုန်းရဲ့ ထင်ရာစိုင်းတတ်တဲ့ စိတ်နေစိတ်ထားကို အနည်းနှင့်အများတော့ အဟန့်အတား ဖြစ်စေခဲ့သည်။

ပြီးတော့ သခင်မဟောက်နှင့် သူမရဲ့ အမေက သူငယ်ချင်း အရင်းအချာတွေ ဖြစ်တဲ့အတွက် သူမကလည်း ဟောက်ရှောက်ဖုန်းကို အရမ်းကြီး ခါးခါးသီးသီး မဆက်ဆံဖြစ်ပါ။ သူမရဲ့ ဟောက်ရှောက်ဖုန်းအပေါ် သဘောထားက ကောင်းလည်း မကောင်း ၊ ဆိုးလည်း မဆိုးဘဲ အလွန်ဆုံးမှ သူက သူမအတွက် ရင်းနှီးသော သူစိမ်းတစ်ယောက်သာ ဖြစ်သည်။

တကယ်တော့ ထိုအကြောင်းတွေကို ပြန်တွေ့ကြည့်ပြီးနောက် ဝမ်ကျင့်ဖျင်ရဲ့ အနှောင့်အယှက် မပါလျှင်တောင် သူမနှင့် ဟောက်ရှောက်ဖုန်းတို့ လက်ထပ်ဖို့ မဖြစ်နိုင်ပေ။ ဝမ်ကျင့်ဖျင် ဆိုတဲ့ စနက်တံသာ မရှိခဲ့လျှင် ထိုအချိန်မှာ မိသားစုနှစ်စုကြား အရုပ်ဆိုးသော တိုက်ပွဲ မဖြစ်ရုံသာ ရှိလိမ့်မည်။

စုယန်ယန်က ဟောက်ချန်ဟွမ်း ဘာကို သဝန်တိုနေတာလဲ ဆိုတာ သိသောကြောင့် ခေါင်းလေး မော့၍ သူ့ကို နမ်းကာ အပြုံးလေးဖြင့် ပြောလိုက်သည်။ “ စိတ်မပူပါနဲ့ … အတိတ်ဘဝမှာပဲဖြစ်ဖြစ် ၊ ဒီဘဝမှာပဲဖြစ်ဖြစ် ကျွန်မ ချစ်ဖူးတဲ့ လူက ရှင်တစ်ယောက်ပဲ ရှိတယ်။ ”

ဟောက်ချန်ဟွမ်းသည် သူ့ချစ်ဇနီးလေးကို ငုံ့ကြည့်လိုက်၏။ အခုအချိန်မှာ သူ့မျက်လုံးထဲမှာ သူမဆီက အကြည့်မလွှဲနိုင်လောက်အောင် တောက်ပသော ကြယ်ရောင်တွေ ပြည့်နှက်နေသည်ဟု ခံစားရသည်။

အချိန်ကြာမြင့်စွာ လျစ်လျူရှုခံထားရသော စနစ်လေးက သူတို့နှစ်ယောက် ပွေ့ဖက်နမ်းရှုံ့ကြတော့မည် ဆိုတာကို မြင်သောအခါ ဆက်သည်းမခံနိုင်တော့ပေ။

“ ကျေးဇူးပြုပြီး စနစ်ရဲ့ စိတ်ကျန်းမာရေးကို ကာကွယ်ပေးတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပေးပါ Host နဲ့ Host ရဲ့ လက်တွဲဖော်။ စနစ်ရှေ့မှာ မသင့်တော်တဲ့ မြင်ကွင်းတွေကို လုပ်မပြပါနဲ့။ စနစ်ရှေ့မှာ မသင့်တော်တဲ့ မြင်ကွင်းတွေကို လုပ်မပြပါနဲ့။ ”

“ အဟမ်း။ ” စုယန်ယန်က ဟောက်ချန်ဟွမ်းလောက် မျက်နှာအရေမထူတာမို့ ရင်းနှီးနေသော သတိပေးချက်အသံလေးကို ကြားပြီးနောက် အခန်းထဲမှာ သူမကို ကျားတစ်ကောင်လို ကြည့်နေတဲ့ လူသားကင်မရာတစ်လုံး ရှိနေတယ် ဆိုတာကို သတိရသွားကာ ဟောက်ချန်ဟွမ်းရဲ့ ရင်ခွင်ထဲမှ အမြန် ရုန်းထွက်လိုက်သည်။ သူမရဲ့ မျက်နှာက အနည်းငယ် နီရဲနေပြီး စနစ်ရဲ့ နက်မှောင်သော ဖန်မျက်လုံးတွေကို မကြည့်ရဲပါ။

ဟောက်ချန်ဟွမ်းကတော့ စနစ်ရဲ့ ခေါင်းလုံးလုံးလေးကို ပြုံးပြီး ပုတ်ရင်း စိတ်ရင်းနှင့် ပြောလိုက်သည်။ “ ဒီအတောအတွင်း ယန်ယန့်ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ”

“ ကျေးဇူးတင်စရာ မလိုပါဘူး။ စနစ်က လုပ်သင့်တာကို လုပ်ခဲ့တာပါ။ ”

စုယန်ယန်က ဘေးမှာ ခဏလောက် ရပ်နေခဲ့ပြီး သူမမျက်နှာပေါ်က အပူတွေ မရှိတော့ဘူး ဆိုမှ စနစ်ဆီ လျှောက်သွားကာ မေးလိုက်သည်။ “ အဲ့ဒီနေ့က မစ်ရှင် ပြီးသွားတော့ နင် ထွက်သွားခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး ပြန်လာတာလဲ။ ဘယ်လိုလုပ်ပြီး ရိုလီပိုလီရဲ့ ခန္ဓာကိုယ်ထဲကို ရောက်နေတာလဲ။ နင် စနစ်တွေကို ဝါးမျိုရတာကို စွဲလမ်းသွားပြီး ရိုလီပိုလီရဲ့ ဒေတာတွေကိုပါ ဝါးမျိုလိုက်တာလား။ ”

စနစ်က ထိုစကားကို ကြားသောအခါ ရှူးရှူးရှားရှား ဖြစ်သွားသည်။ “ အဲ့ဒီနေ့တုန်းက စနစ်က ကမ္ဘာ့အမျိုးသမီးဇာတ်လိုက်ရဲ့ စနစ်ကို မလွှဲမရှောင်သာလို့ ဝါးမျိုခဲ့ရတာပါ။ ပြီးတော့ အဲ့ဒါကို Host ရဲ့ တောင်းဆိုမှုအရ လုပ်ခဲ့ရတာပါ ၊ စနစ်ရဲ့ ဆန္ဒ မဟုတ်ပါဘူး။ စနစ်မှာ တခြား စနစ်တွေကို ဝါးမျိုတဲ့ အကျင့် မရှိဘူးမို့လို့ စနစ်ကို မဟုတ်မမှန် မစွပ်စွဲပါနဲ့။ ဒီစက်ရုပ်ရဲ့ မူလဒေတာတွေကို စနစ်က ချစ်ပ်ပြားလေးထဲမှာ သိမ်းပေးထားပါတယ်။ သူ့ကို Install လုပ်ပြီး Restart ချပြီးတာနဲ့ ပြန်လည် အသုံးပြုနိုင်မှာပါ။ စနစ် ဘာလို့ ပြန်လာတာလဲ ဆိုတာကတော့ ဒီကမ္ဘာပေါ်မှာ နေနိုင်မယ့် အခွင့်အရေးကို Host ရဲ့ နှစ်လိုမှုရမှတ်တွေနဲ့ လဲလှယ်ခဲ့လို့ပါ။ ”

စနစ်က ထိုသို့ ပြောရင်း မတရားခံရသလို ခံစားနေရသည်။ သူက ပင်မစနစ်ဆီက ဒီလို အခွင့်အရေးကို ရဖို့အတွက် ကြိုးစားပမ်းစားနှင့် အားစိုက်ထုတ်၍ လဲလှယ်ခဲ့ရတာ ဖြစ်သည်။

ပြန်ရောက်လာတဲ့ အခိုက်အတန့်မှာပဲ ပါးစပ်အပြည့် ခွေးစာတွေကို အနီးကပ် စားလိုက်ရလိမ့်မည်ဟု ဘယ်သူက ထင်ခဲ့မှာလဲ … ။ အဆင့်နိမ့် စက်ရုပ်လေးကိုတောင် ရှုံးနိမ့်ပြီး မဟုတ်မမှန် စွပ်စွဲခံရပုံက ဒေါသထွက်စရာကောင်းသည်။

“ ငါ့ရဲ့ နှစ်လိုမှုရမှတ်တွေလား။ ” စုယန်ယန်က မျက်ခုံးပင့်လိုက်ရင်း စနစ်က မထွက်ခွာခင်မှာ သူမရဲ့ ကျန်ရှိနေတဲ့ နှစ်လိုမှုရမှတ်တွေကို ယူသွားဖို့ ခွင့်ပြုချက်တောင်းခဲ့တာကို သတိရသွားသည်။

သူမ ထိုအချိန်တုန်းက သဘောတူခဲ့ပေမဲ့ အခု ပြန်တွေးကြည့်တော့မှ ထိုကိစ္စက ထင်သလောက် မရိုးရှင်းဘူးလို့ တိတိပပ ခံစားလိုက်ရသည်။

“ အဲ့ဒီ အခွင့်အရေးကို ရဖို့အတွက် နင် နှစ်လိုမှုရမှတ် ဘယ်လောက်နဲ့ လဲလှယ်ခဲ့တာလဲ။ ”

“ သိပ်မများပါဘူး။ ”

“ သိပ်မများဘူး ဆိုတော့ ဘယ်လောက်လဲ။ ”

စနစ်ရဲ့ နက်မှောင်သော မျက်လုံးတွေက မလုံမလဲဖြစ်နေပုံဖြင့် ဂဏှာမငြိမ် ဖြစ်နေသလို စုယန်ယန်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။ “ မလိမ်နဲ့။ ငါ့ကို အမှန်အတိုင်း ပြောနော်။ ”

အဲ့ဒီတော့မှပဲ စနစ်က ကိန်းဂဏာန်းတစ်ခုကို အထစ်ထစ် အငေါ့ငေါ့ ထုတ်ပြောလာခဲ့သည်။ သူ ထွက်သွားချိန်တုန်းက သူမဆီက ယူသွားတဲ့ နှစ်လိုမှုရမှတ်တွေက ထိုကိန်းဂဏန်းရဲ့ အပိုင်းကိန်း တစ်ခုတောင် မရှိတာကို ငတုံး မဟုတ်တဲ့ စုယန်ယန်က နားလည်သည်။

“ ကောင်းတာပေါ့။ ငါက နင် ဘာလို့ ရုတ်တရက်ကြီး အရှုံးသမား ဖြစ်သွားပါလိမ့်လို့ အံ့ဩနေတာ။ နင်က အချက်ပြသင်္ကေတတွေ ပိတ်ထားတာကိုတောင် မရှောင်လွှဲနိုင် ၊ အပြင်ကို မက်ဆေ့ခ်ျ တစ်စောင်တောင် မပို့နိုင်ခဲ့ဘူးလေ။ လတ်စသတ်တော့ နင်က နှစ်လိုမှုရမှတ်တွေ ရအောင်လို့ ငါ့ကို တမင်သက်သက် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ဖွင့်ခိုင်းခဲ့တာပဲ။ အဲ့ဒါမှ နင် ဒီကမ္ဘာကို ပြန်လာနိုင်အောင်လေ။ နင် ငါနဲ့ အဲ့လောက်တောင် မခွဲချင် ဖြစ်နေတာလား။ ”

ဟောက်ချန်ဟွမ်းက စနစ်ရဲ့ လုံးဝန်းသော ခေါင်းလေးကို တဒေါင်ဒေါင် တဒင်ဒင် အသံတွေ ထွက်လာတဲ့ထိ စုယန်ယန် အဆက်မပြတ် ခေါက်နေတာကို ဘေးက ရပ်ကြည့်နေမိသည်။ စုယန်ယန် မပြောနှင့် ၊ သူတောင် ဒီကောင်လေး ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး ဆိုတာကို တွေးကြည့်ရုံနှင့် ဝမ်းနည်းမိသည်။

စုယန်ယန်အတွက် စနစ်ကို ကြိမ်းမောင်းနိုင်တဲ့ အခွင့်အရေးရဖို့ မလွယ်ကူပါ။ အတိတ်တုန်းက စနစ် သူမကို ဒေါသထွက်အောင် လုပ်ခဲ့တာတွေကို ဒေါသဖြေဖျောက်ပြီးနောက် စုယန်ယန်သည် စိတ်သက်သာရာရသွားသော သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ် ကော့တက်သွားမိသည်။

စနစ်ရဲ့ ခေါင်းလုံးလုံးလေးကို ထိကိုင်ရင်း လေးလေးနက်နက် ပြောလိုက်သည်။ “ နင် ပြန်လာတာက ကိစ္စမရှိပါဘူး ၊ ဒါပေမဲ့ ငါတို့ တခြားလူတွေရဲ့ ခန္ဓာကိုယ်ကို လုယူလို့ မရဘူး။ ခဏနေရင် ငါ ကျိုးယန်ပိုင်ကို ပါဝါမဖွင့်ရသေးတဲ့ စက်ရုပ် တစ်ရုပ်ကို နင့်အတွက် ယူလာခိုင်းလိုက်မယ်။ ဒီခန္ဓာကိုယ်ကို ရိုလီပိုလီ့ကို ပြန်ပေးလိုက်နော် … ဟုတ်ပြီလား။ ”

“ မပေးဘူး။ ”

စုယန်ယန်သည် စနစ်ကို အခြအချိန်မှာ ညှိနှိုင်းရလွယ်ကူလိမ့်မည်ဟု ထင်ထားခဲ့တာမို့ ငြင်းပယ်ခံရပြီးနောက် အလွန် အံ့ဩသွားသည်။ “ ဘာလို့လဲ။ နင် ဒီစက်ရုပ်ရဲ့ ပုံပန်းသဏ္ဍာန်ကို ကြိုက်လို့လား။ စိတ်ချပါ … ငါ ယန်ပိုင့်ကို နင့်အတွက် တစ်ခု လုပ်ခိုင်းလိုက်မယ်။ နင် အခု ဝင်နေတဲ့ စက်ရုပ်နဲ့ တစ်ပုံစံတည်း တူစေရမယ်။ ”

စနစ်ကတော့ ရိုလီပိုလီ့ရဲ့ ခန္ဓာကိုယ်ထဲက ထွက်မသွားချင်ဘဲ အေးစက်စွာ နှာခေါင်းရှုံ့၍ စုယန်ယန်ကို ကျောပေး လျစ်လျူရှုထားခဲ့သည်။

စုယန်ယန်သည် စက္ကန့်ပိုင်းလောက် ဆွံ့အနေပြီးမှ စနစ်က မနာလိုဖြစ်နေတယ် ဆိုတာကို နားလည်သွားသည်။ သူ မထွက်ခွာသွားခင်ကတည်းက ရိုလီပိုလီ့အပေါ် မနာလိုသော ၊ ရန်လိုသော လက္ခဏာလေးတွေ အနည်းငယ် ပြသဖူးသည်။ အခုတော့ ရိုလီပိုလီ့ရဲ့ ခန္ဓာကိုယ်ကိုတောင် ခိုးယူလိုက်ပြီတဲ့လား … ။

ကျန်တဲ့ အရာအားလုံးကို ဘေးဖယ်ထားလိုက်ရင်တောင် အခုအချိန်မှာ စနစ်က အလွန် အရည်အချင်းရှိသည်။ သူမနောက်ကွယ်မှာ သူမရဲ့ စွမ်းရည်တွေကို လေ့လာထားတာ သိသာထင်ရှားသည်။ စုယန်ယန် ထိုအကြောင်းတွေကို တွေးလေ ၊ ဖြစ်နိုင်ချေရှိတယ်လို့ ခံစားလာရလေပါပဲ။

စုယန်ယန်သည် အကန်တွေချည်း ပြောကာ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်နေတဲ့ စနစ်ကို ကြည့်ပြီး ဟောက်ချန်ဟွမ်းဘက်ကို လှည့်ဖို့က လွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။

ဟောက်ချန်ဟွမ်းက သူ့ဇနီးရဲ့ သနားစဖွယ် အကြည့်လေးကို လက်ခံရရှိလိုက်သောကြောင့် သူမကို ကူညီဖို့ ရှေ့တိုးလိုက်သည်။

“ သူက ဒီခန္ဓာကိုယ်ထဲက ထွက်မသွားချင်ဘူး ဆိုတော့ ရိုလီပိုလီကိုပဲ တခြား ခန္ဓာကိုယ်တစ်ခု ပေးကြတာပေါ့။ ဒီလက်ရှိ ခန္ဓာကိုယ်နဲ့ ယှဉ်ရင် ရိုလီပိုလီက ပိုပြီး မိန်းကလေးဆန်တဲ့ စက်ရုပ်မျိုးကို ပိုသဘောကျလိမ့်မယ်။ မင်း ပေးထားတဲ့ အေပရွန်လေးကိုလည်း ဝတ်လို့ ရတာပေါ့။ ”

စုယန်ယန်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ စိတ်ဝင်တစား မေးလိုက်သည်။ “ ယန်ပိုင်မှာ တခြား စက်ရုပ်တွေ ရှိ‌တာလား။ ”

“ အင်း … ပုံပန်းသဏ္ဍာန်က ဆင်ပေမဲ့ အသေးစိတ် ကြည့်ရင်တော့ တချို့ နေရာတွေက မတူဘူး။ ”

“ ကောင်းတယ် ၊ ဒါဆို ယန်ပိုင်ကို နောက်ထပ် စက်ရုပ်တစ်ရုပ် ပို့ခိုင်းလိုက်လေ။ ”

“ ဟုတ်ပြီ။ ”

အခြေခံအကျဆုံး ပြဿနာကို ဖြေရှင်းပြီးသွားသောအခါ စနစ်ကို ကြည့်တဲ့ စုယန်ယန်ရဲ့ အကြည့်က ပြောင်းလဲသွားပြီး စနစ်ရဲ့ လုံးဝန်းသော ခေါင်းလေးကို အပြုံးလေးဖြင့် ကိုင်ကြည့်လိုက်သည်။ သူမရဲ့ ခန္ဓာကိုယ် တစ်ခုလုံးထဲမှာ ကြင်နာသော အလင်းရောင်ခြည်တွေ ဖုံးလွှမ်းနေသည်။

စနစ် : “ … ” ခံစားချက် သိပ်မကောင်းသလိုပဲ။

ထင်ထားတဲ့အတိုင်း နောက်တစ်စက္ကန့်အကြာမှာပဲ စုယန်ယန်က ပြောခဲ့သည်။ “ ငါတို့က အသိအကျွမ်းဟောင်းတွေ ဆိုပေမဲ့ နင် အခု အသုံးပြုနေတဲ့ ခန္ဓာကိုယ်ကို ချန်ဟွမ်းရဲ့ ကုမ္ပဏီက ထုတ်လုပ်ထားတာပဲ။ ‘ အစာကျွေးတဲ့ လက်ကို ပြန်မကိုက်ရဘူး ’ ဆိုတဲ့ ဆိုရိုးစကား ရှိတယ်မလား။ နင်က သူတို့ရဲ့ စမ်းသပ်တီထွင်နေဆဲ ရလဒ်တွေကို ယူပြီးသွားပြီ ဆိုတော့ နင် သူတို့ကို တစ်ခုခု ကျေးဇူးပြန်ဆပ်ရင်ရော ဘယ်လိုလဲ။ ”

စနစ် : “ … ” သူက အခုမှ ပြန်ရောက်လာရုံပဦ ရှိသေးတာကို သူမက သူ့ကို ဘယ်လို အနိုင်ကျင့်ရင် ကောင်းမလဲလို့ စဉ်းစားနေပြီပဲ … ။ လူသားတွေက တကယ့်ကို ဉာဏ်နီဉာဏ်နက်များပြီး ယုံကြည်လို့ မရဘူး။ ဒီလိုမျိုး လုပ်ခံရမယ်မှန်းသာ ကြိုသိခဲ့ရင် သူ နောင်တရ ၊ ဝမ်းနည်းပြီး ဒေါသထွက်ခဲ့မှာပါ။

သို့သော်လည်း အခုတော့ သူ ဘယ်လောက်ပဲ နောင်တရပါစေ ၊ သူ့ရဲ့ ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံးကို စုယန်ယန် အနိုင်ကျင့်တာ ခံရဖို့ ကံကြမ္မာသတ်မှတ်ခံရပြီးသား ဖြစ်သွားပါပြီ။ သူ ဘယ်လိုမှ မလွတ်မြောက်နိုင်တော့ပါ။

ကျိုးယန်ပိုင်က ကုမ္ပဏီကို ပြန်ရောက်သွားချိန်မှာပဲ ပင်မချစ်ပ်ပြား မရှိတဲ့ နောက်ထပ် အမျိုးသမီးစက်ရုပ် တစ်ရုပ်ကို ယူလာခိုင်းတဲ့ ဟောက်ချန်ဟွမ်းရဲ့ မက်ဆေ့ခ်ျကို ရရှိခဲ့သည်။

သူ ဇဝေဇဝါဖြစ်သွားသော်လည်း ထွေထွေထူးထူး မေးမနေဘဲ စက်ရုံကို ကိုယ်တိုင် သွား၍ လုံးဝန်းသော ခန္ဓာကိုယ်ပေါ်မှာ ဆေးရောင် တချို့ ခြယ်ထားသည့် စက်ရုပ်လေးကို ရွေးချယ်ပြီး ဟောက်အိမ်တော်ကို ပို့ပေးလိုက်သည်။ ထိုစက်ရုပ်က မိန်းကလေးစက်ရုပ်နှင့် ပိုတူသည်။

ဦးလေးကျန်းနှင့် တခြားလူတွေက အိမ်ကို နောက်ထပ် စက်ရုပ်တစ်ရုပ် ထပ်ရောက်လာတဲ့အပေါ် ထူးထူးခြားခြား တုံ့ပြန်မှုမရှိပေ။ ဟောက်ချန်ဟွမ်းရဲ့ ကုမ္ပဏီက ကုန်ပစ္စည်း အသစ်တစ်ခုကို ဦးဦးဖျားဖျား စမ်းသပ် အသုံးပြုနိုင်စေရန်အတွက် အိမ်ကို ယူလာတာလို့သာ ထင်ခဲ့ကြသည်။

အခြားတစ်ဖက်၌ အိမ်က ကောင်လေးတွေကတော့ လုံးဝန်းသော ခန္ဓာကိုယ်နှင့် ဆင်တူသော်လည်း အရမ်းကြီး လုံးဝန်းလှတယ် မဟုတ်သော စက်ရုပ်တစ်ရုပ် အိမ်ကို ရုတ်တရက် ရောက်လာတာကို စိတ်ဝင်စားတာထက် စိတ်ရှုပ်ထွေးတာက ပိုနေခဲ့ကြသည်။

“ တစ် … တစ် … ” ကြယ်လေးက ခြံထဲက မြက်ခင်းပေါ်မှာ မတ်တပ်ရပ်ရင်း ဘယ်ဘက်က စက်ရုပ်လေးကို တစ်လှည့် ၊ ညာဘက်က စက်ရုပ်လေးကို တစ်လှည့် ကြည့်လိုက်သည်။ သူက စက်ရုပ် နှစ်ရုပ်ရဲ့ ဘေးမှာ ဒယိမ်းဒယိုင်နှင့် လှည့်ပတ်လျှောက်နေခဲ့ပြီး အိမ်မှာ သူ့ကို ဂရုစိုက်ပေးတဲ့ စက်ရုပ်က ဘယ်လိုလုပ် တစ်ရုပ်ကနေ နှစ်ရုပ် ဖြစ်သွားတာလဲ ဆိုတာကို နားမလည်နိုင်သကဲ့သို့ သူ့မျက်လုံးလေးတွေထဲမှာ စိတ်ရှုပ်ထွေးမှုတွေ ပြည့်နှက်နေခဲ့သည်။

သွမ်းသွမ်းကတော့ ပိုပြီး ခံစားသိမြင်နိုင်စွမ်းရှိသည်။ ပြောရရင် ရိုလီပိုလီနှင့် သူက မတော်တဆ ရေခဲခွဲမိပြီးကတည်းက သူငယ်ချင်း အရင်းအချာတွေ ဖြစ်သွားခဲ့တာပင်။

အခုတော့ နောက်တစ်ရုပ် ထပ်တိုးလာပါပြီ။ သူငယ်ချင်းလေးနှင့် တူသော်လည်း အရင်တုန်းကလောက် ပေါင်းရသင်းရမလွယ်တဲ့ စက်ရုပ်တစ်ရုပ် ရောက်လာတာကို သွမ်းသွမ်း အမှန်တကယ်ပင် နားမလည်နိုင်ပါ။ အဲ့ဒါက သူ့သူငယ်ချင်းလေးနှင့် မတူသော်လည်း အလွန် ခင်မင်စရာကောင်းပုံပေါ်သော အဖွဲ့ဝင်အသစ်တစ်ယောက် ဖြစ်သည်။

သူ့သူငယ်ချင်းလေးနဲ့ ဆက်ဆံရေး ပြတ်တောက်ရတော့မှာများလား … ။ သွမ်းသွမ်းရဲ့ သေးငယ်မည်းနက်သော မျက်လုံးလေးတွေထဲမှာ သံသယတွေ အများကြီး ပြည့်နှက်သွားသည်။

ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် ထူးဆန်းသော ပေါင်းစပ်မှုဟာ မိသားစုလေးထဲမှာ တဖြည်းဖြည်းနှင့် အသားကျလာခဲ့ပါသည်။

စုယန်ယန်က ဒုတိယထပ်ရှိ ပြတင်းပေါက်ဘောင်ကို မှီကာ ခြံဝင်းထဲက မြင်ကွင်းကို အပြုံးရိပ်တွေ အစွန်းအစထွက်နေသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ ထိုအချိန်မှာပဲ သူမရဲ့ ခါးလေးကို တစ်ယောက်ယောက် ပွေ့ဖက်တာကို ခံစားလိုက်ရကာ ခန္ဓာကိုယ်တစ်ခုလုံးက ရင်းနှီးကျွမ်းဝင်နေသော နွေးထွေးသည့် ရင်ခွင်ကျယ်ကြီးထဲကို နစ်ဝင်သွားခဲ့‌သည်။

“ ပျော်ရဲ့လား။ ”

“ အင်း။ ”

ခြံဝင်းထဲမှာ စနစ်က အေးစက်ကာ သီးခြားနေတတ်ပုံပေါ်သော ၊ ကလေးကို သိပ်ဂရုမစိုက်ပုံပေါ်သော အဖွဲ့ဝင်တစ်ယောက်အဖြစ် ပူးပေါင်းလာခဲ့သည်။

သို့သော် ဂရုတစိုက် သေချာ ကြည့်လိုက်မည် ဆိုပါက သူ့ရဲ့ မျက်လုံးနက်နက်လေးတွေဟာ ကလေးဆီက ဘယ်တော့မှ မခွာတာကို တွေ့ရလိမ့်မည်။ ကလေးက လမ်းလျှောက်သင်နေရင်း ဟန်ချက်ပျက်ပြီး လဲကျတော့မလို ဖြစ်သွားတိုင်း သူက ကလေးကို အချိန်မရွေး အဆင်သင့် ဖမ်းဖို့အတွက် ဘေးမှာ တိတ်တဆိတ် ရပ်နေလေ့ရှိသည်။

ထိုအလုပ်က မူလတုန်းက ရိုလီပိုလီရဲ့ အလုပ် ဖြစ်သော်လည်း အခုတော့ စနစ်က လုယူသွားခဲ့သည်။ ဒါမှမဟုတ် ရိုလီပိုလီနှင့် တိတ်တဆိတ် ယှဉ်ပြိုင်နေတာလား မသိပါ။

သူ မသိတာကတော့ သူ့စိတ်ကူးထဲမှာ ရန်သူဟု တစ်ဖက်သတ် သတ်မှတ်ထားတဲ့ ရိုလီပိုလီမှာ အဲ့ဒီလို အသိဉာဏ်မျိုး လုံးဝ မရှိဘူး ဆိုတာပဲ ဖြစ်သည်။ သူတို့နှစ်ယောက်ကို ကြည့်ရသည်မှာ အလွန် ရယ်မောရွှင်ပျစရာကောင်းသည်။

စုယန်ယန်က ထိုမြင်ကွင်းလေးကို အပြုံးရိပ်လဲ့နေသော မျက်လုံးများဖြင့် ကြည့်ရင်း စကားလုံးနှင့် ဖော်ပြလို့ မရသော ကျေနပ်နှစ်သိမ့်မှုကို ခံစားလိုက်ရသည်။ “ ရှင်တို့ အားလုံး ဒီမှာ ရှိနေလို့ ကျွန်မ ပျော်တယ်။ ”

စုယန်ယန်က ထိုသို့ ပြောပြီးနောက် ဟောက်ချန်ဟွမ်းရဲ့ ရင်ခွင်ထဲမှ ရုန်းထွက်ကာ သူ့ဘက်ကို လှည့်၍ ခါးလေးကို ဖက်လိုက်သည်။ အဲ့ဒီနောက် သူ့ရင်ခွင်ထဲမှာ သူမရဲ့ ခန္ဓာကိုယ်ကို ကျေနပ်စွာ မြှုပ်နှံလိုက်ပြီး “ ကျေးဇူးတင်ပါတယ်။ ” ဟု ခပ်တိုးတိုး ပြောလိုက်သည်။

“ ရှင် ကျွန်မအတွက် လုပ်ပေးခဲ့တဲ့ အရာအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မကို အသစ်တစ်ဖန် ပြန်လည် စတင်ခွင့်ပေးတဲ့အတွက် ၊ ကျွန်မ ကယ်တင်ချင်တဲ့ လူကို ကယ်တင်ပေးတဲ့အတွက် ၊ ကျွန်မရဲ့ နောင်တတွေ အများကြီးကို ဖာထေးပြင်ဆင်ခွင့်ပေးတဲ့အတွက် ကျေးဇူးပါ။ ”

ဟောက်ချန်ဟွမ်းက သူမရဲ့ မျက်နှာလေးကို ထိတွေ့ဆုပ်ကိုင်လိုက်သည်။ သူ့ရင်ခွင်ထဲက အမျိုးသမီးလေးကို ကမ္ဘာကြီးတစ်ခုလုံးကို အပိုင်စားရထားသကဲ့သို့ ချစ်မြတ်နိုးသော အကြည့်ဖြင့် နူးနူးညံ့ညံ့ ကြည့်နေမိလေသည်။

“ မင်းကိုလည်း ကိုယ်က ကျေးဇူးတင်ပါတယ်။ ကိုယ့်ဘေးကို မဆိုင်းမတွ အရောက်လာပြီး ကိုယ့်ဘဝနဲ့ ကိုယ်တို့ရဲ့ အနာဂတ်ကို ပြောင်းလဲပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ”

နွေဦးလေပြည်လေးက ဖန်လုံအိမ်ထဲက အပြာရောင် နှင်းဆီပန်းတွေကို ဝေ့ဝဲတိုက်ခတ်သွားသည်။

သေးငယ်သော ပွင့်ဖတ်လေးတွေက လေအဝှေ့မှာ တဖျတ်ဖျတ် ယိမ်းနွဲ့သွားပြီး စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းထံ လွင့်မျောရောက်ရှိလာကာ ပန်းရနံ့‌တို့ကို သင်းပျံ့သွားစေခဲ့သည်။ အရာအားလုံးက အေးချမ်းလှပမှု အတိ ပြီးနေ၏။

နာကျင်ပင်ပန်းရခြင်းတွေ ပြီးဆုံးသွားပြီ။ ကတိအတိုင်း ဘဝသစ် ရောက်ရှိလာခဲ့ပြီ။

ပြီးတော့ သူတို့ မေတ္တာသက်ဝင်ရတဲ့ လူတွေအားလုံးလည်း ဒီနေရာမှာ အတူရှိသည်။

++++++

ပြီးပါပြီ။

All Chapters