အခန်း (၃၀၇-၃၀၈)
Vol. 22 Ch. 307-308
အပိုင်း(၃၀၇)
ဖစ်ရှာ ဂီရှာက သက်ပြင်းတစ်ချက် ချလိုက်၏။
"ကောင်းတယ်... ပုံမှန်ဆိုရင်တော့ ဒီအဆင့်မှာ ငါတို့ အစီအရင်တွေကို ထပ်ပေါင်းထည့်ရမှာပေါ့... ဒါပေမဲ့ အခုဟာက မင့်ခန္ဓာကိုယ်နဲ့ တိုက်ရိုက် ဆက်သွယ်ထားမှာလေ... မင်းရဲ့ ကိုယ်ပိုင် ဝိညာဉ်ကပဲ ပျက်စီးမသွားအောင် ထိန်းသိမ်းကာကွယ်ပေးလိမ့်မယ်... တည်ငြိမ်နေပုံရပါတယ်... ဒါပေမဲ့ ခဏလောက်တော့ မင်း ကြိုတင်ပြင်ဆင်ထားရမှာက..."
လက်တုကို ကြည့်ရင်း သူမ၏ စကားသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
လင်းတုန်းလည်း ထိုအရာကို စိုက်ကြည့်နေမိသည်။
၎င်းမှာ ရိုင်းစိုင်းလာပြီး နယ်နိမိတ် စက်ကွင်း၏ အစွန်းဘက်သို့ လက်ကို တွန်းထုတ်ကာ လိမ်ယှက် ရုန်းကန်နေသည်။ ၎င်းက တစ်စုံတစ်ခုကို ဝါးမျိုရန် ရှာဖွေနေသည့်အလား သူ၏ ခေါင်းထဲတွင် ဟိန်းဟောက်သံများကိုပင် ကြားနေရသကဲ့သို့ ခံစားရ၏။
ခဏအကြာတွင် နယ်နိမိတ် စက်ကွင်းမှာ ပျောက်ကွယ်သွားတော့သည်။
လက်က လင်းတုန်း၏ ခေါင်းဆီသို့ ပြေးဝင်လာသည်။ မဟုတ်သေး... သူ၏ ခေါင်းဆီသို့ မဟုတ်ပေ။ လက်တုနှင့် ချိတ်ဆက်ထားမှုက သူ့ကို အလိုအလျောက် နားလည်သွားစေသည်။ ထို့ကြောင့် သူက ခေါင်းငုံ့ရှောင်မည့်အစား ဘေးဘက်သို့ လှဲချလိုက်သည်။
၎င်းက သူ့နောက်သို့ လိုက်နေခြင်း မဟုတ်ပေ။ ဆယ်လ်ဗန် မြစ်မျိုးစေ့ နောက်သို့ လိုက်နေခြင်း ဖြစ်၏။
အပြာလေးက သူ၏ ခေါင်းဘေးမှ ဆင်းပြေးကာ ဝတ်ရုံထဲတွင် ပုန်းအောင်းနေလေသည်။ ထို့နောက် သူ၏ ကော်လာစွန်းမှနေ၍ သူမ၏ နီလာရောင် ခေါင်းလေးကို ထုတ်ကြည့်ကာ တုန်ရီနေရှာ၏။ လင်းတုန်းက သူ၏ စွမ်းအားကို ထပ်မံ ဖြန့်ကျက်လိုက်သော်လည်း လက်တုက သူ့ကို တုံ့ပြန်ခြင်း မရှိတော့ပေ။ ၎င်းထံမှ သူ ခံစားသိရှိနိုင်သမျှသည် အဆုံးအစမဲ့သော ဆာလောင်မွတ်သိပ်မှုသာ ဖြစ်နေတော့သည်။
"အခု ဘာဆက်လုပ်မလဲ..."
သူက မေးလိုက်သည်။ အသံမထွက်သည်မှာ ကြာပြီဖြစ်၍ သူ၏ အသံမှာ အက်ကွဲနေ၏။
"ထိန်းမရတော့ဘူး..."
ဂီရှာက မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်ပြီး ကျောဘက်မှ ရွှေစင်သံမဏိ ချိတ်ကို ဆွဲထုတ်လိုက်သည်။ အတွင်းဘက်တွင် ချွန်ထက်နေပြီး သူမ၏ ကိုယ်လုံးခန့် ကြီးမားလှသော ထိုအရာက ချိတ်တစ်ခုထက် တံစဉ်တစ်ခုနှင့် ပိုတူနေ၏။ ထို့ပြင် အခန်း၏ အလင်းရောင်အောက်တွင် အဖြူရောင် တောက်ပနေသည်။
"ဒါကြောင့် ထူးခြားတဲ့ အစိတ်အပိုင်းတွေကို မသုံးရဘူးလို့ ပြောတာပေါ့... တစ်ခုခု မှားယွင်းသွားရင် အဲဒီကနေ သင်ခန်းစာယူပြီး ပြန်ကြိုးစားလို့ မရတော့ဘူးလေ... အချည်းနှီး ဖြစ်သွားတဲ့ အချိန်တွေအားလုံးကို စွန့်လွှတ်လိုက်ရုံပဲ ရှိတော့တယ်..."
သူမက လက်နက်ကို လွှဲယမ်းရန် ပြင်ဆင်ရင်း ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ သို့သော် လက်တုမှာမူ လက်ချောင်းထိပ်များဖြင့် ကြမ်းပြင်ပေါ်တွင် ပြေးလွှားနေဆဲ ဖြစ်၏။ လင်းတုန်းဆီသို့ ဖြစ်သည်။
လင်းတုန်းက လက်တုကိုသာ အာရုံစိုက်ထားလိုက်သည်။ ဤအခြေအနေကို ကယ်ဆယ်ရန် သူ လုပ်နိုင်သည့် အရာတစ်ခုခုတော့ ရှိရမည်။ ဤသို့သာ အဆုံးသတ်သွားပါက အစားထိုးမရနိုင်သော ပစ္စည်းများသာမက အချိန်များစွာပါ ဆုံးရှုံးသွားလိမ့်မည် ဖြစ်သည်။ ထို့ပြင် ရှားပါးလှသော အခွင့်အရေးတစ်ခုလည်း ဆုံးရှုံးသွားပေလိမ့်မည်။
သူက ဖစ်ရှာ ဂီရှာဘက်သို့ လက်တစ်ဖက် လှမ်းကာ တားဆီးပေးရန် တောင်းဆိုလိုက်ပြီး လက်တုကို သေချာစွာ လေ့လာနေမိသည်။ သူ ဆာလောင်မှုဟု ခေါ်ခဲ့သောအရာက အလွန်ရိုးရှင်းလွန်းသည်။ ဆာလောင်မှုနှင့် ဆင်တူသော်လည်း ထိုထက်ပို၍ လေးနက်သော အလွှာများ ပါဝင်နေသည်။ သူသည် ရည်မှန်းချက်ကြီးမားမှု၊ လောဘ၊ အငမ်းမရဖြစ်မှုနှင့် ပို၍ပို၍ ရယူလိုသော အဆုံးမဲ့ ရမ္မက်တို့ကို ခံစားနေရ၏။
လက်က သူ့ဆီသို့ ပြေးဝင်လာသော်လည်း သူက လက်ကောက်ဝတ်မှ ဖမ်းဆုပ်လိုက်သည်။ ရေခဲတုံးကို ဆုပ်ကိုင်ထားရသကဲ့သို့ သူ၏ လက်ဝါးကို ပူလောင်သွားစေသော်လည်း သူက အာရုံစိုက်မှုကို မလျှော့ချခဲ့ပေ။
ဘာအကြောင်းပြချက်မှ မရှိဘဲ လက်တုမှာ ထိန်းချုပ်မှု ကင်းမဲ့နေသည်။ ၎င်းကို ထိန်းချုပ်ရန် စိတ်တစ်ခု လိုအပ်၏။ ထိန်းကျောင်းပေးရန် စိတ်ဆန္ဒတစ်ခု လိုအပ်ပေသည်။
ထိုအရာက သူ့အတွက် အံဝင်ခွင်ကျ ဖြစ်နေသည်။ ဤဆာလောင်မှုမျိုးက သူ၏ ကိုယ်ထဲတွင် အနည်းငယ်မျှ ကိန်းအောင်းနေပြီးသား ဖြစ်၏။
သူက ထိုအရာကို အာရုံစိုက်လိုက်ပြီး စွမ်းအားကို လိုလားသော သူ၏ ဆန္ဒများကို လောင်စာထည့်ပေးလိုက်သည်။ ဆူရီရယ် လုံးဝ ပြီးပြည့်စုံသော အာဏာစက်ကို ပြသခဲ့စဉ်က သူခံစားခဲ့ရသည့် မနာလိုမှုနှင့် အံ့ဩကြည်ညိုမှုများကိုလည်း ပြန်လည် ဖော်ထုတ်လိုက်၏။ ဝိညာဉ်မဲ့ တစ်ယောက်အဖြစ် နေထိုင်ခဲ့ရစဉ်က ခံစားခဲ့ရသော နာကျင်ဖွယ် အကူအညီမဲ့မှုများနှင့် သူ တတ်နိုင်သမျှ အသန်မာဆုံး ဖြစ်လာစေရန် ဆန္ဒများကိုပါ ပေါင်းစပ်ပေးလိုက်သည်။
အနံ့အသစ်တစ်ခုကို ရလိုက်သော ခွေးတစ်ကောင်ကဲ့သို့ လက်တုကြီးမှာ တောင့်တင်းသွားလေသည်။
လင်းတုန်းက ထိုခံစားချက်များကို ပို၍ ပစ်ထည့်ပေးလိုက်သည်။ ကောင်းကင် ဂုဏ်သရေ ကျောင်းတော်၏ ရတနာများကို ကြည့်ရှုခဲ့စဉ်က ခံစားချက်များ ဖြစ်၏။ သူက အားလုံးကို လိုချင်ခဲ့သော်လည်း ထိုမျှနှင့်ပင် လုံလောက်မည် မဟုတ်ပေ။ မဟူရာ မီးတောက် ၏ ခံစားချက်ဖြစ်သော အောင်နိုင်လိုမှုနှင့် ဖျက်ဆီးလိုသော နဂါးတစ်ကောင်၏ ဆန္ဒများကိုလည်း သူ ပြန်လည် အမှတ်ရလိုက်သည်။
ထို့နောက် သူက လက်တု၏ အစွန်းတစ်ဖက်ကို သူ၏ လက်ပြတ်နေရာသို့ တွန်းသွင်းလိုက်တော့သည်။
ထို မှော်ပစ္စည်း က သူ့ကို ခုခံတွန်းလှန်ခြင်း မရှိပေ။ သို့သော် နာကျင်မှုကြောင့် သူ၏ မှတ်ဉာဏ်များမှာ တစ်ခဏမျှ အမှောင်ကျသွားခဲ့သည်။ သူ သတိပြန်လည်လာချိန်တွင် ကြမ်းပြင်ပေါ်၌ ရောက်နေပြီး သူ၏ ကျောမှာ အေးစက်သော နံရံတစ်ခုကို မှီထားလျက်သား ဖြစ်နေ၏။ ဖစ်ရှာ ဂီရှာ က သူမ၏ ချိတ်ကို ဘေးနားကြမ်းပြင်တွင် ချထားပြီး သူ၏ တံတောင်ဆစ်ပေါ်သို့ အရေတွန့်နေသော လက်များကို တင်ကာ တစ်စုံတစ်ခုကို ရေရွတ်နေသည်။
ထိုနေရာမှာ အသားစိမ်းနှင့် သန့်စင်သော အဖြူရောင် မာဒြာ တို့ ပေါင်းဆုံနေသော နေရာပင် ဖြစ်သည်။
"အန္တရာယ်များတယ်..."
သူမက ရေရွတ်လိုက်သည်။
"သိပ်ကို အန္တရာယ်များတာပဲ... မင်းကိုတောင် ဝါးမျိုသွားနိုင်တယ်ဆိုတာ မင်းသိရဲ့လား... ပြီးတော့ ငါ့ကို ဖန်တီး ဆက်သွယ်ခိုင်းတော့ မင်းနဲ့ အံဝင်ခွင်ကျဖြစ်မှုကို ထိခိုက်သွားစေနိုင်တယ်... စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ ဝိညာဉ်ပန်းပဲဆရာ ဆိုတာ သေလူပဲလို့ ငါ အသေအချာ ပြောရဲတယ်..."
သူက အတင်းပြုံးပြလိုက်သည်။
"ခွင့်လွှတ်ပါ... ပြီးတော့ ကျေးဇူးတင်ပါတယ်... အဆင်ပြေသွားလိမ့်မယ်လို့ ထင်ခဲ့လို့ပါ... ဒီအတိုင်း ဖြစ်လာမယ်လို့ ခံစားလိုက်ရလို့ပါ..."
သူ အဆုံးသတ်လိုက်သော်လည်း ထိုသို့ပြောလိုက်သည့်အခါ အသံမှာ အားနည်းနေသကဲ့သို့ ရှိ၏။
သူမက နှာမှုတ်လိုက်ပြီး သူမ၏ လက်ဆစ်များဖြင့် သူ၏ နဖူးကို ခေါက်ချလိုက်သည်။
"မှော်ပစ္စည်း တစ်ခုကို ဖန်တီး တဲ့အခါမှာ မင်းရဲ့ အလိုအလျောက် သိစိတ်ကို လမ်းဖွင့်ထားဖို့ လိုတယ်... အဲဒါက အရေးကြီးတယ်လေ... ဒါပေမဲ့ ကိုယ်လုပ်ချင်စိတ် ပေါ်လာတိုင်း ခန္ဓာကိုယ်ပေါ်ကို လျှောက်ပြီး မတပ်နဲ့..."
မျှော်လင့်ချက်များ အပြည့်ဖြင့် လင်းတုန်း သည် သူ၏ အဖြူရောင် လက်တုအသစ်ကို ကွေးဆန့်ကြည့်လိုက်သည်။
လက်တုမှာ နောက်ဘက်သို့ လိမ်ကောက်သွားပြီး လက်ချောင်းများက တဆတ်ဆတ် တုန်ခါကာ ဖစ်ရှာ ဂီရှာ ၏ မျက်နှာဆီသို့ လှမ်းသွားလေသည်။
သူမက သက်ပြင်းချရင်း နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။
"သဘာဝကျကျ ထိန်းချုပ်နိုင်ဖို့ဆိုရင် အချိန်တစ်ခုတော့ ယူရလိမ့်မယ်... အစီအရင် တွေက ဒီလုပ်ငန်းစဉ်ကို မြန်ဆန်စေနိုင်ပေမဲ့ နောက်ဆုံးကျရင် မင်းကို ကန့်သတ်လိုက်သလို ဖြစ်သွားလိမ့်မယ်... ဒါကြောင့် အချိန်ယူပြီး ကျင့်သားရအောင် နေတာက ပိုကောင်းတယ်..."
လင်းတုန်းက ခေါင်းညိတ်လိုက်ပြီး သူ၏ ဝိညာဉ်ကို အာရုံစိုက်လိုက်သည်။ လက်တု၏ မာဒြာ က သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းမလာသော်လည်း သူ၏ စွမ်းအားများက လက်တုထဲသို့ စီးဝင်နေပြီး ၎င်းမှာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေ၏။ သူ၏ လက်ကို ထိန်းသိမ်းထားရန်အတွက် ကျန်ရှိနေသော ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ် ရန် အသုံးပြုရသည်ထက် ပိုမိုများပြားသော မာဒြာ များကို အသုံးပြုရလေသည်။
"အမြုတေကြိုး ကို အခုချက်ချင်း အသုံးမပြုနဲ့ဦး..."
သူမက သူ၏ မျက်နှာဆီသို့ လက်ညှိုးထိုးကာ သတိပေးလိုက်သည်။
"လင်းတုန်း... ငါ တော်တော်လေး အတည်ပြောနေတာနော်... မင်းရဲ့ မာဒြာ လမ်းကြောင်းတွေက ဝိညာဉ်အကြွင်းအကျန် လက်တုတစ်ခုရဲ့ ဝန်ကို ခံနိုင်ဖို့တောင် တော်တော်လေး ဒုက္ခရောက်နေတာ... မင်းသာ အမြုတေကြိုး ကို သုံးဖို့ ကြိုးစားရင် မင်းရဲ့ ဝိညာဉ်က အပိုင်းပိုင်း ပြတ်ထွက်သွားနိုင်တယ်... မင်းရဲ့ လက်တုအသစ်နဲ့ ကျင့်သားရအောင် အရင်လုပ်ရမယ်... ပြီးတော့ လမ်းကြောင်းတွေကို အားကောင်းလာအောင် လုပ်ဖို့ ပိုကောင်းတယ်... နည်းစနစ်ကို အသုံးမပြုခင် တတ်နိုင်သလောက် အချိန်ဆွဲပြီး စောင့်သင့်တယ်... အနည်းဆုံး လေးပတ်ကနေ ခြောက်ပတ်လောက်ပေါ့..."
လင်းတုန်းက ဂရုတစိုက် ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏ စိတ်ကမူ လက်တုအသစ်ကို ထိန်းချုပ်နိုင်ရေးအတွက်သာ အာရုံစိုက်နေသည်။ နောက်ဆုံးတွင်တော့ ၎င်း၏ အဖြူရောင် လက်ချောင်းများကို ကြမ်းပြင်ပေါ်၌ ပြေးလွှားသွားစေရန် သူ စွမ်းဆောင်နိုင်ခဲ့ပြီ ဖြစ်၏။
လက်တုအသစ်မှတစ်ဆင့် ရရှိသော အာရုံခံစားမှုမှာ ထူးဆန်းနေသည်။ လက်တုက သူ၏ ခန္ဓာကိုယ်အစား သူ၏ ဦးနှောက်နှင့် ဝိညာဉ်ကို တိုက်ရိုက် စကားပြောနေသည့်အလား ပင်။ အသားနှင့် သွေးဖြင့် ဖွဲ့စည်းထားသော လက်တစ်ဖက်ဖြင့် ခံစားရသကဲ့သို့ မဟုတ်ဘဲ ကြမ်းပြင်မှာ ကြမ်းတမ်းပြီး အေးစက်နေကြောင်းကို သူ အလိုအလျောက် သိနေသကဲ့သို့ ဖြစ်သည်။
သို့သော် အနည်းဆုံးတော့ အရာဝတ္ထုတစ်ခုက ပူသလား၊ အေးသလား၊ ချောမွေ့သလား၊ ကြမ်းတမ်းသလား ဆိုသည်ကို သူ သိရှိနိုင်ပေသည်။ သူ ဤအခြေအနေကို လက်ခံနိုင်ပါ၏။
သူ အလိုရှိသလို လှုပ်ရှားနိုင်ရန် လက်တုကို အတင်းအကျပ် ခိုင်းစေခြင်းက သူ၏ ဝိညာဉ်ကို ဖိအားပိစေပြီး အပြာလေးက ထိုအရာကို တုံ့ပြန်ပုံရသည်။ သူမက သူ၏ ကော်လာစွန်းမှနေ၍ အပေါ်သို့ လှမ်းတက်လာကာ သူမ၏ လက်သေးသေးလေးဖြင့် သူ၏ မေးစေ့ကို ရိုက်ချလိုက်၏။ အေးစက်သော မီးပွားလေးတစ်ခုက သူ၏ ခန္ဓာကိုယ်တွင်းသို့ စီးဆင်းသွားပြီး သူ၏ စွမ်းအင်လမ်းကြောင်းများကို သက်သာစေကာ ဝိညာဉ်ကိုပါ ငြိမ်းချမ်းသွားစေသည်။ ထိုမီးပွားလေးက သူ၏ လက်တုဆီသို့ ရောက်ရှိသွားသောအခါ လက်တုမှာ တုန်ခါသွားပြီး တစ်ခဏမျှ ငြိမ်သက်သွားတော့သည်။
"အခုမှပဲ နည်းနည်း သက်သာသွားတယ်... ကျေးဇူးပဲနော်..."
သူက အပြာလေး ကို ငုံ့ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
သူမက ရိုသေသည့်အနေဖြင့် ခေါင်းကို ငုံ့ပြလိုက်ပြီးနောက် သူ့ကို ပြုံးဖြီးဖြီးလေး လုပ်ပြလေသည်။ ထိုအရာကို သူမ ဘယ်ကနေ သင်ယူလာခဲ့တာပါလိမ့်။
သူ့အတွက် မည်မျှပင် ဒုက္ခပေးနေစေကာမူ သူ့တွင် လက်တစ်ဖက် ရှိနေပြီ ဖြစ်သည်။ လက်နှစ်ဖက်စလုံး ပြန်လည် ရရှိမည်ဆိုပါက ရက်သတ္တပတ် အနည်းငယ်မျှ ဂရုစိုက်နေထိုင်ရခြင်းကို သူ တောင့်ခံနိုင်ပါ၏။
သူက အမောတကောဖြင့် သူ၏ ခေါင်းကို နောက်ဘက် နံရံဆီသို့ မှီချလိုက်ပြီး ဖစ်ရှာ ဂီရှာ ၏ မျက်နှာကို ကြည့်လိုက်သည်။ သူမက စိုးရိမ်နေပုံရ၏။
"ကျေးဇူးတင်ပါတယ်... ဖစ်ရှာ ဂီရှာ... ဒီလက်နဲ့ ကျွန်တော် ဘာတွေ လုပ်နိုင်မလဲဆိုတာ ကြည့်ဖို့ စိတ်လှုပ်ရှားနေပြီ..."
***
အပိုင်း(၃၀၈)
ဂီရှာက လင်းတုန်းကို စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီးနောက် လက်ပိုက်လိုက်ကာ တင်းကြပ်သော အဘွားတစ်ယောက်၏ အကြည့်မျိုးဖြင့် ပြောလိုက်သည်။
"မင်း ဘာဖြစ်နေတာလဲ... ကောင်လေး..."
၎င်းမှာ သူမ ပြောလာမည်ဟု လင်းတုန်း ပထမဆုံး မျှော်လင့်ထားသော စကားမျိုး မဟုတ်ပေ။
"လေးစားရပါတဲ့ ဖစ်ရှာ... ကျွန်တော် ဘာပဲလုပ်ခဲ့မိလုပ်ခဲ့မိ ရိုသေစွာနဲ့ တောင်းပန်ပါတယ်…”
"မင်းက တစ်နှစ်ကျော်လောက်ကို အစွမ်းကုန် ပြေးနေခဲ့တာ... ကျင်း ကောင်လေးနဲ့ တိုက်ခိုက်ရမယ့် ကိစ္စကြောင့် အစပိုင်းမှာတော့ နားလည်ပေးလို့ ရနိုင်ပါတယ်... အဲဒီနောက်တော့ မင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားမယ်လို့ ထင်ခဲ့တာ... ဒါပေမဲ့ မင်းက စွန့်စားခန်းတစ်ခု ပြီးတစ်ခု ဆက်လုပ်နေတာပဲ... ဒီတိုင်းဆက်သွားရင် မင်းကိုယ်မင်း ပြာဖြစ်အောင် လောင်ကျွမ်းပစ်သလို ဖြစ်လိမ့်မယ်..."
လင်းတုန်းက သူမကို စိတ်အေးသွားစေရန် ရည်ရွယ်၍ နှစ်သိမ့်သည့်အနေဖြင့် လက်ကို ဆန့်ထုတ်လိုက်သည်။ အတိအကျဆိုရလျှင် သူက လက်တစ်ဖက်ကိုသာ ဆန့်ထုတ်လိုက်ခြင်း ဖြစ်၏။ အခြားလက်တစ်ဖက်မှာမူ လက်သီးဆုပ်ထားပြီး ရန်လိုစွာဖြင့် သူ့အလိုလို တုန်ခါနေသည်။
"ကျွန်တော် သွားရမယ့် ခရီးက အများကြီး လိုပါသေးတယ်... ကျွန်တော့် ရည်မှန်းချက်က ကျင်းလုံ တစ်ယောက်တည်းဆိုရင်တော့ သေချာပေါက် အခုချိန်လောက်ဆို လက်လျှော့ပြီး အိမ်ပြန်သွားလောက်ပြီ..."
လင်းတုန်းက အကျိုးသင့်အကြောင်းသင့် ပြောလိုက်သည်။
"မင်းက တောင်ပေါ်တက်တဲ့အခါ တစ်လမ်းလုံး အပြေးသွားလို့ ရတယ်လို့ ထင်နေတာလား..."
သူမက ဒေါသတကြီး ပြောလိုက်သည်။
"မင်းက သံမဏိညံ့တွေလို မအက်ကွဲချင်ဘူးဆိုရင် တခြားသူတွေနည်းတူ အနားယူဖို့ လိုအပ်တယ်..."
"ကျွန်တော် အနားယူဖို့ အချိန်မရှိသေးဘူး... ကျွန်တော် စတင်တာ နောက်ကျလွန်းတယ်... မနှစ်ကမှ ကြေးအဆင့် မှာပဲ ရှိသေးတာ... တတ်နိုင်သမျှ အစွမ်းကုန် မကြိုးစားဘူးဆိုရင် သူများတွေကို မီမှာမဟုတ်ဘူး..."
သူမက လက်ကို မြှောက်ကာ အရှုံးပေးလိုက်သည့် ဟန်ဖြင့် မေးလိုက်သည်။
"မီအောင်လုပ်မယ်... မင်းက ဘယ်သူ့ကို အတိအကျ လိုက်မီအောင် လုပ်ချင်နေတာလဲ..."
နာမည်နှစ်ခုသာ သူ၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည်။ သို့သော် ထိုနာမည်များကို အသံထွက်ပြောရန်မူ သူ ရှက်ရွံ့နေမိ၏။
"တိုက်ခိုက်ရေး စာရင်းတွေမှာ မင်းကို အဆင့် (၂၄) ချိတ်တဲ့ အဆင့်နိမ့် ရွှေအဆင့် လို့ ခေါ်ကြတယ်... အဲဒါ ဘာအဓိပ္ပာယ်လဲဆိုတာ မင်းသိလား..."
သူမက ပြောသည်။
"ကျွန်တော့်ထက် ပိုသန်မာတဲ့ အဆင့်နိမ့် ရွှေအဆင့် (၂၃) ယောက် ရှိတယ် ဆိုတာပေါ့..."
သူက ချက်ချင်း ဖြေလိုက်သည်။
"အင်ပါယာတစ်ခုလုံးရဲ့ လေးပုံသုံးပုံထက် မင်းက အဆင့်ပိုမြင့်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ... မင်းသာ အာရီလီယပ်စ် မိသားစု ထဲမှာ ငြိမ်ငြိမ်သက်သက် နေထိုင်မယ်ဆိုရင် အသက် (၂၅) နှစ်မှာ အဆင့်မြင့် ရွှေအဆင့် ဖြစ်လာလိမ့်မယ်... မင်းမို့လို့သာ နောက်ထပ် ဆယ်နှစ်အကြာမှာ အစစ်အမှန် ရွှေအဆင့် ဖြစ်လာနိုင်တာ... မင်း အသက် (၅၀) လောက်ဆိုရင် အဆင့်နိမ့် အရှင်သခင် တောင် ဖြစ်နိုင်တယ်... အဲဒါက ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရုံနဲ့တင်နော်... မင်း အေးအေးဆေးဆေး နေလို့ရတယ်... အနားယူလို့ရတယ်... ကောင်မလေး ချောချောတစ်ယောက်ကို ရှာပြီး မိသားစု ဘဝကို တည်ထောင်လို့ရတယ်... နေ့တိုင်း သေမယ့်ရက်ကို စောင့်နေသလို နေစရာမလိုဘူး..."
အဆုံးတွင် သူမက အော်ဟစ်နေပြီး စကားလုံးတိုင်းက ထိမိလွန်းသဖြင့် လင်းတုန်းမှာ တွန့်ဆုတ်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ထိုစကားများက သူ၏ အတွင်းစိတ်ကို တိုက်ရိုက်ထိရှသွားသောကြောင့် ဖြစ်၏။
အထွတ်အမြတ် တောင်ကြား မှ ထွက်ခွာလာကတည်းက သူသည် နေ့စဉ်နီးပါး အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်။ ရှေ့ဆက်သွားရန်အတွက် သူ အရာအားလုံးကို ပေးဆပ်ခဲ့၏။ သူ နောင်တမရခဲ့ပေ။ နောင်တရစရာ ရှိခဲ့လျှင်ပင် ထိုအရာက သူ အဆင့်တက်နှေးကွေးလွန်းခြင်းကိုသာ ဖြစ်သည်။
သို့သော် ထိုအရာက သူ့ကို အလူးအလဲ ခံစားရစေသည်။
တောင်ကုန်းပေါ်မှ စတင်ပြေးဆင်းလာပြီး ရပ်တန့်၍ မရနိုင်တော့သည်အထိ ပို၍ပို၍ မြန်ဆန်လာသော လူတစ်ယောက်ကဲ့သို့ သူ ခံစားရ၏။ ယခုအခါတွင် သူက အရှိန်တင်ကာ ဆက်ပြေးရမည် သို့မဟုတ် ခလုတ်တိုက်၍ လဲကျသွားမည် ဖြစ်သည်။
ပြဿနာက သူ တကယ်ကို ရပ်တန့်၍ မရနိုင်ခြင်းဖြစ်သည်။ ထိုအနာဂတ် မြင်ကွင်းက မည်မျှပင် ဆွဲဆောင်မှု ရှိနေစေကာမူ သူသည် အဆင့်နိမ့် အရှင်သခင် တစ်ယောက်အဖြစ် သူ၏ ဇာတိမြေသို့ ဘယ်တော့မှ ပြန်နိုင်မည်မဟုတ်ပေ။ အကယ်၍ နောက်ထပ် အနှစ် (၃၀) ကျော်မျှ အချိန်ယူရမည် ဆိုလျှင်တော့ ပို၍ပင် ပြန်မရနိုင်တော့ချေ။
ထိုအချိန်ဆိုလျှင် သူ၏ အိမ်မှာ ပျောက်ကွယ်သွားလောက်ပြီ ဖြစ်၏။
လင်းတုန်းက စကားပြောရန် ပြင်လိုက်သော်လည်း သူ၏ အသံမှာ အက်ကွဲနေသည်ကို တွေ့လိုက်ရ၍ အံ့ဩသွားမိသည်။ သူ၏ အမြင်အာရုံများ ဝေဝါးနေ၏။ ဒါ မျက်ရည်တွေလား။ ဖစ်ရှာ ဂီရှာ က သူ့ကို သနားကြင်နာစွာဖြင့် ငုံ့ကြည့်နေသည်။
တံခါး ခေါက်လိုက်သံ တစ်ချက်ထွက်ပေါ်လာပြီးနောက် ယီရင် က အတင်း ဝင်လာခဲ့သည်။
"နင် ဒီထဲမှာ မှော်ပစ္စည်း တွေနဲ့ ရှုပ်ယှက်ခတ်နေမယ်လို့ သူတို့ပြောတယ်..."
သူမက အခန်းထဲသို့ ဝေ့ဝဲကြည့်ရင်း ပြောလိုက်သည်။
"နင့်ရဲ့ ဓားကိုင်မယ့် လက်ကို မတိုက်မိချင်လို့ တံခါးခေါက်လိုက်တာ..."
သူမက အဖြူရောင် လက်တုကို မြင်လိုက်ရသောအခါ မျက်နှာလေး လင်းလက်သွားသည်။
"အရိုးစု လက်ကြီးပဲ... ကျားရဲ့ သွားတွေထက်တောင် ပိုကြောက်စရာကောင်းသေးတယ်... ငါတော့ သဘောကျတယ်... နင့်ရဲ့ မျက်လုံးအမည်းကြီးတွေနဲ့ဆိုရင် နင် လက်သီးတစ်ချက်မှ မထိုးရသေးခင် သူတို့တွေ အကြောက်လွန်ပြီး သေးထွက်ကျသွားလိမ့်မယ်..."
ထိုအရာက လင်းတုန်း၏ တကယ့် ရည်ရွယ်ချက် မဟုတ်ခဲ့သော်လည်း သူမ သဘောကျသည့်အတွက် သူ ဝမ်းသာမိ၏။ ထို့ပြင် ထိုအရာက နောက်ထပ် ပြဿနာတစ်ခုကို သတိရသွားစေသည်။ သူသည် လက်တုကို မဟူရာ မီးတောက် ဖြင့် စမ်းသပ်ရန် လိုအပ်နေသည်။
ဖစ်ရှာ ဂီရှာ ၏ အစေခံ ပင့်ကူက နမူနာများအပေါ် လုပ်ဆောင်ခဲ့သော စမ်းသပ်မှုများအားလုံးအရ မာဒြာ အမျိုးအစား နှစ်ခုသည် တစ်ခုနှင့်တစ်ခု နှောင့်ယှက်မည်မဟုတ်ကြောင်း ညွှန်ပြနေသည်။ သူ၏ ဝိညာဉ်က လက်တုနှင့် အသားကျသွားပြီးနောက်ပိုင်းတွင် သေချာပေါက် ပြဿနာမရှိနိုင်ပေ။ သို့သော် တကယ့်လက်တွေ့ မစမ်းသပ်ဘဲနှင့်မူ သေချာနိုင်မည့် နည်းလမ်း မရှိပေ။
"တိုက်ပွဲမှာ ရနိုင်သမျှ အခွင့်အရေးမှန်သမျှကို ငါ ယူမှာပဲ..."
လင်းတုန်းက မျက်ရည်များကို တိတ်တဆိတ် သုတ်လိုက်ရင်း မတ်တတ်ရပ်ကာ ပြောလိုက်သည်။
ယီရင် က ခါးကို မတ်လိုက်ရာ သူမ၏ ပခုံးပေါ်ရှိ ငွေရောင် ရွှေအဆင့် အမှတ်အသားများ မြင့်တက်သွားသည်။
"အဲဒါအတွက် ငါ လာခဲ့တာမဟုတ်ဘူး... နင့်အတွက် သတင်းတစ်ခု ပါလာတယ်... ပြီးတော့ အချိန်လည်း သိပ်မရှိတော့ဘူး..."
သူမက သူ၏ မျက်လုံးများကို ခိုင်မာသော အကြည့်ဖြင့် ဆုံကြည့်လိုက်သည်။
"စကိုင်းဆွန်း တွေက သွေးနီလဂိုဏ်း နဲ့ ဓားချင်းယှဉ်ပြီး တိုက်တော့မယ်... ငါလည်း သူတို့နဲ့ ပူးပေါင်းမှာ..."
လင်းတုန်း၏ လက်တုအသစ်မှာ တဆတ်ဆတ် တုန်ခါသွားပြီး သူ၏ အသက်ရှူနည်းစနစ်ကိုပါ ထိန်းချုပ်မှု လွတ်ကင်းသွားသည်။ သူမ စကိုင်းဆွန်း များနှင့် စကားပြောခဲ့ကြောင်း သူသိသော်လည်း မည်သို့ အဆုံးသတ်သွားသည်ကိုမူ သူ မသိခဲ့ပေ။ သူမကလည်း သူ့ကို မပြောခဲ့သလို သူကလည်း မေးရန် ကြောက်ရွံ့နေခဲ့မိသည်။
သို့သော် ယခုအခါ... ယီရင် က သွားတော့မည် ဖြစ်၏။ သူကမူ သွားရမည် မဟုတ်ပေ။
"အခု ချက်ချင်းလား..."
သူက မေးလိုက်ရာ သူ၏ အသံမှာ သဲများကို မျိုချထားရသကဲ့သို့ အက်ကွဲနေသည်။
"ငါ အချိန်ဖြုန်းနေမှာ မဟုတ်ဘူးလို့ နင့်ကို ပြောခဲ့သားပဲ..."
သူမက သူ၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"သူတို့ဆီမှာ စမ်းသပ်မှု တစ်ခုခုတော့ ရှိနေတယ်... ဒါက ငါ့ရဲ့ နောက်ဆုံး အခွင့်အရေး ဖြစ်နိုင်တယ်... ပြီးတော့ ငါ အဲဒါကို လက်လွတ်ခံဖို့ အစီအစဉ် မရှိဘူး..."
သူမနှင့်အတူ ပူးပေါင်းမည်ဟု သူ ပြောချင်ခဲ့သည်။ ဖစ်ရှာ ဂီရှာ ကို ထားခဲ့ပြီး ယီရင် ၏ ဘေးမှ ယှဉ်တွဲလျက် ထွက်သွားချင်ခဲ့သည်။ သူတို့သည် အတူတကွ ခရီးသွားလာခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ ယခုကဲ့သို့ လမ်းခွဲရမည်ကို မှားယွင်းနေသည်ဟု ခံစားမိ၏။
သို့သော် သူမက အလျင်စလို ဖြစ်နေဆဲပင်။ ထိုအချက်နှင့် ပတ်သက်၍ သူ ထင်ထားသည်မှာ မမှားပေ။ အကောင်းဆုံး လုပ်ဆောင်ရမည့်အရာမှာ စောင့်ဆိုင်းခြင်းသာ ဖြစ်သည်။
သူ၏ ရင်ဘတ်ကို ကိုယ်တိုင် ပြန်လှီးဖြတ်နေရသကဲ့သို့သာ မခံစားရလျှင် ပိုကောင်းမည်သာ။
"ဒါပေမဲ့ နောက်ထပ် စမ်းသပ်မှုတစ်ခု ရှိလာဦးမယ်မလား... အဲဒီအခါကျရင်တော့ ငါ ဝင်ပါလို့ ရကောင်းရနိုင်မှာပါ…”
"ဖြစ်နိုင်တယ်..."
သူမက အပြုံးတစ်ဝက်ဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ ဘယ်အချိန်လဲဆိုတာတော့ ငါ မပြောတတ်သေးဘူး..."
သို့ဖြစ်ရာ အနည်းဆုံးတော့ ယခုအချိန်အတွက် သူ နှုတ်ဆက်ရန် လိုအပ်နေပြီ ဖြစ်၏။ သူသည် ခါးကို ကိုင်းကာ တတ်နိုင်သမျှ အရိုအသေပေးလိုက်သည်။
"ဒီလောက် အချိန်အကြာကြီး လမ်းညွှန်ပေးခဲ့တဲ့အတွက် ငါ နင့်ကို ကျေးဇူးတင်ပါတယ်... နင်သာ မပါရင် ငါ ဘယ်လိုမှ ဒီအထိ ရောက်လာနိုင်မှာ မဟုတ်ဘူး..."
သူမက လည်ကုပ်ကို လက်တစ်ဖက်ဖြင့် ကုတ်လိုက်သည်။
"အင်းပါ... နင်မပါရင် ငါလည်း တောင်ကြားထဲကနေ အပြင်ကို ထွက်လာနိုင်မှာမှ မဟုတ်တာ... ပြီးတော့ နင်ရှိနေလို့ ငါ အလုပ်များနေခဲ့ရတာလေ..."
လင်းတုန်းက ခါးကို မတ်ကာ သူမ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
"ကျေးဇူးပါပဲ... ယီရင်... ငါ ဘာပြောရမှန်း... အာ... ကျေးဇူးတင်ပါတယ်..."
ဤစကားလုံးများက လုံလောက်မှု မရှိခဲ့ပေ။ သို့သော် ဤထက်ပို၍ ပြောလိုက်ပါက သူ့ကိုယ်သူ အရှက်ကွဲသွားမည်ကို သူ စိုးရိမ်မိသည်။
သူမက အကြည့်ကို လွှဲဖယ်ရင်း ခေါင်းညိတ်ပြလိုက်သည်။ သူတို့နှစ်ဦးသည် အတန်ကြာအောင် တိတ်ဆိတ်စွာ ရပ်နေခဲ့ကြ၏။ ထို့နောက်တွင်တော့ ယီရင်က လက်ပြနှုတ်ဆက်ကာ လှည့်ထွက်သွားတော့သည်။
"ဒီကိစ္စကို အပိုတွေ လုပ်နေဖို့ မလိုပါဘူး..."
သူမက အပြင်သို့ ထွက်သွားရင်း ပြောလိုက်သည်။
"ငါတို့ မကြာခင် ပြန်တွေ့ရမှာပါ... ထာဝရ ထွက်သွားတာမှ မဟုတ်တာ..."
"ဒါဆိုရင် အဲဒီအခါကျမှ ပြန်တွေ့ကြတာပေါ့..."
တံခါး ပိတ်သွားသည့်တိုင်အောင် သူမနောက်သို့ လှမ်းအော်ပြောလိုက်သည်။
ဖစ်ရှာ ဂီရှာက သူ့ကို စိုက်ကြည့်လိုက်သည်။
"စိတ်မကောင်းပါဘူး ကောင်လေးရယ်..."
လင်းတုန်းကမူ သူမ၏ စကားကို မကြားခဲ့ပါချေ။
***